ဆောင်းပါး | Burma Independent Voice
ကျော်ဘ
အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၆ ခုနှစ် မတ်လ ၁၁ ရက်က ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဒီဥပဒေဟာ ဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ် ဥပဒေဟောင်းကို ပယ်ဖျက်အစားထိုးလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံအပေါ် စည်းကမ်းတင်းကျပ်လာတာကို ဖြေလျှော့ဖို့နဲ့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ရှောင်ရှားဖို့ ဒီဥပဒေကို ရေးကြီးသုတ်ပြာ ရေးဆွဲအတည်ပြုလိုက်ရ ဖြစ်ပါတယ်။ နစ်မြုပ်နေတဲ့ လှေတစီးရဲ့ ဝမ်းဗိုက်ထဲက ရေတွေကို လှေထိုးသားတွေက အူယားဖားယား ခပ်ထုပ်နေကြရတာနဲ့ တူပါတယ်။ ဒီဥပဒေရဲ့ ရည်ရွယ်ချက်ထဲမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတဲ့အချက်ကို ထည့်သွင်းရေးဆွဲထားတာဟာ စစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေးကွန်ယက်မှာ လူရာပြန်ဝင်ဖို့ အသည်းအသန် ရုန်းကန်ဖြေရှင်းနေရတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။
ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ Financial Action Task Force (FATF) က မြန်မာနိုင်ငံကို မြောက်ကိုရီးယား၊ အီရန်တို့နဲ့အတူ နာမည်ပျက်စာရင်း (Blacklist/High-risk Jurisdiction) ထည့်သွင်းထားခဲ့ပါတယ်။ စစ်အုပ်ချုပ်မှုအောက်က မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ်ပြဿနာတွေကြောင့် ဖြစ်ပြီး မင်းအောင်လှိုင် အာဏာသိမ်းကာလ နှစ်နှစ်နီးပါးအကြာ ၂၀၂၂ အောက်တိုဘာလမှာ ကြေငြာခဲ့တာပါ။ ဒီလိုနာမည်ပျက် ကြေငြာခံရတာဟာ နိုင်ငံတစ်ခုရဲ့ ဘဏ္ဍာရေးစနစ်က ပျက်စီးနေလို့ မယုံကြည်ရတော့ဘူး ဆိုတဲ့အကြောင်း တကမ္ဘာလုံးကို အလေးအနက် သတိပေးချက် ထုတ်ပြန်တာပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နိုင်ငံတကာဘဏ်တွေက ဆက်ဆံရေး ဖြတ်တောက်တာတွေ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားငွေစီးဆင်းမှု ခက်ခဲလာတာမျိုးနဲ့ နိုင်ငံတကာ ငွေပို့ငွေလွှဲ လုပ်ငန်းတွေ ပုံမှန်ထက် နှေးကွေးသွားတာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ စင်ကာပူ UOB ဘဏ်က မြန်မာနိုင်ငံနဲ့ အလုပ်လုပ်နေတာတွေ ရပ်ဆိုင်းလိုက်တာဟာ ဒီပြဿနာရဲ့ တိုက်ရိုက် အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဒေါ်လာရှားပါးမှု၊ ငွေလဲနှုန်း မတည်ငြိမ်မှုနဲ့ သွင်းကုန်ထုတ်ကုန် ပြဿနာတွေ ဆက်တိုက် ဖြစ်လာပြီး စီးပွားရေးတစ်ရပ်လုံးလဲ နှေးကွေးချိနဲ့သွားခဲ့ရပါတယ်။
FATF ရဲ့ ရာဇသံထဲမှာ မင်းအောင်လှိုင်ကို ၂၀၂၆ ဇွန်လအထိ ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေး ပေးထားပါတယ်။ ဒီရာဇသံကို လိုက်နာမှုမရှိလို့ အခြေအနေတွေ တိုးတက်မလာခဲ့ရင် ထပ်တိုးအရေးယူမှုတွေ ဆောင်ရွက်ခံရမှာဖြစ်လို့ ဒီကိစ္စဟာ စစ်ခေါင်းဆောင်တွေအဖို့ ICJ ခုံရုံး တက်ရသလိုပဲ အထူးခေါင်းကိုက်စရာ ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။ ဇွန်လနောက်ပိုင်း အရေးယူမှုတွေ ဖြစ်လာခဲ့ရင် နိုင်ငံတကာဘဏ်တွေ အားလုံးက ဆုံးရှုံးနိုင်မှုကို လျှော့ချရေး De-Risking လုပ်ကြမှာပါ။ မြန်မာစီးပွားရေး လုပ်ငန်းတွေဟာ နိုင်ငံခြားဘဏ်တွေမှာကုန်သွယ်မှုအတွက် L/C ဖွင့်ဖို့တောင် ခက်ခဲလာပြီး ငွေပေးငွေယူ လုပ်ဆောင်ဖို့ရာ မဖြစ်နိုင်တော့တဲ့ အခြေအနေထိ ရောက်သွားပါလိမ့်မယ်။ အဲ့လိုဖြစ်လာရင် မြန်မာဘဏ္ဏာရေးစနစ်ဟာ ကမ္ဘာ့အလယ်မှာ အပယ်ခံဘဝနဲ့ အထီးကျန်ဖြစ်ပြီး နေပြည်တော်ဗဟိုဘဏ်ဟာ ပြိုလဲသွားတော့မှာပါ။
ဒီလို အခြေအနေတွေကြောင့် ဗဟိုဘဏ်ဥက္ကဌ သန်းသန်းဆွေဟာ ၂၀၂၆ ဖေဖော်ဝါရီလထဲမှာ FATF မျက်နှာစုံညီ အစည်းအဝေးကို မက္ကဆီကိုထိ မင်းအောင်လှိုင်အမိန့်နဲ့ သွားတက်ခဲ့ပါတယ်။ စစ်တပ်မီဒီယာတွေက ဒါကို စစ်အစိုးရအတွက် နိုင်ငံတကာမှာ တရားဝင်မှု ရရှိသွားသလို ပုံဖော်ပေမယ့်၊ တကယ်တမ်းတော့ သန်းသန်းဆွေဟာ နိုင်ငံတကာရှေ့မှောက်မှာ ခုံရုံးရောက် တရားခံတယောက်လို ရှင်သန်ရေးအတွက် လျှောက်လဲချက်ပေးခဲ့ရခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာဘဏ္ဍာရေးစနစ်ထဲက စစ်အစိုးရရဲ့ လက်ရှိနေရာအနေအထားကို မြင်သာထင်သာ ပြသနေပါတယ်။ စစ်အုပ်စုဟာ နိုင်ငံတကာမှာ အစိုးရတစ်ခုလို ဆက်ဆံခံနေရတာမျိုးထက် အားလုံးကို အလိုလိုက်အကြိုက်ဆောင်ကာ ချော့ပေါင်းနေရတာသာ ဖြစ်ကြောင်း ပြသနေပါတယ်။
အခုလို ခပ်လျိုလျို အနေအထားနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းထဲ ဝင်ဆန့်အောင် ကြိုးစားနေရတဲ့ စစ်ခေါင်းဆောင်တွေဟာ FATF Blacklist ကိစ္စအပေါ် လုပ်ငန်းအဖွဲ့ပေါင်းစုံ ဖွဲ့စည်းဖြေရှင်းနေတာကြောင့် စည်းကမ်းချက်တွေကို လုံးဝမလိုက်နာတဲ့နိုင်ငံ အဖြစ်ကနေ တစိတ်တပိုင်း လိုက်နာနေတဲ့နိုင်ငံ အဖြစ် ပြောင်းလဲသတ်မှတ်ခံခဲ့ရပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေအရ နိုင်ငံတကာက လိုချင်တဲ့ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ လိုအပ်ချက်တွေ၊ ဖိအားတွေ အများကြီး ရှိနေဆဲပါ။ တဖက်မှာလဲ စစ်အစိုးရကိုယ်တိုင်က စစ်မှန်ပြီး အနှစ်သာရပြည့်ဝတဲ့ ပြောင်းလဲမှုတွေ လုပ်ချင်တာထက် နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ပြုပြင်ပြောင်းလဲရေးဗန်းပြပြီး အသိအမှတ်ပြု ခံချင်တာကသာ အဓိက ဖြစ်နေပါတယ်။
စစ်အစိုးရအနေနဲ့ နိုင်ငံတကာ စံနှုန်းတွေကို လိုက်နာဖို့ ကြိုးစားနေကြောင်း ပုံဖော်နိုင်ဖို့ အခု ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကို အလျင်စလို ပြဌာန်းခဲ့ပေမယ့် အမှန်တကယ်မှာတော့ ဥပဒေဟာ စာရွက်ပေါ်မှာပဲ ခိုင်မာနေပြီး လက်တွေ့ အကောင်အထည်ဖော်ရာမှာ အားနည်းချက်တွေ အများကြီး ရှိနေပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေဟာ မိမိတို့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ဘဏ်မန်နေဂျာတွေ၊ ရွှေဆိုင်တွေ၊ ရှေ့နေတွေ၊ အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ အခွန်ထမ်းပြည်သူတွေအပေါ် ပုံချနေတယ်ဆိုတဲ့ ဝေဖန်သံတွေ လူထုကြားမှာ ထွက်ပေါ်နေပါတယ်။
ဘဏ်တွေအတွက် ချမှတ်ထားတဲ့ သင့်ဖောက်သည်ကိုသိရမည် Know Your Customer (KYC) စနစ်နဲ့ မသင်္ကာတဲ့ ငွေကြေးလှုပ်ရှားမှုတွေကို သတင်းပေးရမည် Suspicious Transaction Reporting စနစ်တွေဟာ နိုင်ငံတကာအဆင့်မှာ ပုံမှန်ကျင့်သုံးတဲ့ စည်းမျဉ်းစည်းကမ်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မူလကတည်းက ဖောက်သည်တွေရဲ့ ယုံကြည်မှု ပျက်စီးနေခဲ့တဲ့ မြန်မာဘဏ်စနစ်အတွင်းမှာ ဒီလို အပြောင်းအလဲတွေဟာ ယခင်ကတည်းက ခါးသီးပြီးသား ဘဏ်နဲ့ ဖောက်သည်ကြားက ဆက်ဆံရေးကို ပိုပြီး အေးစက်သွားစေမှာပါ။ ဥပဒေအရ ဘဏ်တွေက ဖောက်သည်တွေအပေါ် စည်းကမ်းတွေ ပိုကျပ်လာတော့မှာဖြစ်ပြီး ပြည်သူတွေကလည်း ဘဏ်တွေအပေါ် ယုံကြည်မှု လျော့နည်းကာ ခပ်ခွာခွာ ဆက်ဆံလာမှာပါ။ အကျိုးဆက်အနေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေအတွက် တရားဝင်စနစ်တွေကို မသုံးတော့ဘဲ ပိုမိုလွယ်ကူတဲ့ စနစ်တွေကို ပိုသုံးလာနိုင်သလို Deposit Flight ဆိုတဲ့ ဘဏ်အပ်ငွေ ပြန်ထုတ်တာတွေလဲ နောက်ပိုင်းမှာ လုပ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် ဘဏ်စနစ်အတွင်း လည်ပတ်ငွေ (Liquidity) လျော့နည်းလာပြီး စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားကို ထောက်မပေးနေတဲ့ ဘဏ်စနစ်တခုလုံး ပြိုကျပျက်စီးသွားတဲ့အထိ အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ လက်ရှိအခြေအနေမှာလည်း ပြည်သူတွေဟာ ကျပ်ငွေအပေါ် ယုံကြည်မှုပျက်စီးပြီး ဒေါ်လာ၊ ဘတ်၊ ယွမ် သုံးစွဲတာတွေ၊ ရွှေစု/မြေစုတာတွေ ဖြစ်လာနေပါတယ်။ ဘဏ်ပြင်ပ ငွေလွှဲဝန်ဆောင်မှုတွေနဲ့ အွန်လိုင်းအခြေပြု ငွေကြေးစနစ်တွေကို ပိုသုံးလာနေတာကိုလဲ မြင်တွေ့နေရပါတယ်။
မသမာတဲ့ ငွေကြေးအပေးအယူကိစ္စတွေအတွက် သတင်းပေးစနစ်မှာ ရှေ့နေတွေ၊ ရွှေနဲ့ ကျောက်မျက်ဆိုင်တွေ၊ အိမ်ခြံမြေအကျိုးဆောင်တွေကို ထည့်သွင်းထားတာဟာ ဝန်ဆောင်မှုပေးသူနဲ့ ဝန်ဆောင်မှုရယူသူတို့အကြား အပြန်အလှန် သံသယနဲ့ မယုံကြည်မှုတွေကို ဖန်တီးနေပါတယ်။ ဌာနဆိုင်ရာတွေအတွင်းက အကျင့်ပျက်ခြစားမှုတွေကို ထိရောက်အောင် မကိုင်တွယ်ဘဲ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်နေတဲ့ ပြည်သူတွေကို Informer (သတင်းပေး) အဖြစ် ဖိအားပေးတာဟာ လက်တွေ့မကျကြောင်း ဝေဖန်နေကြပါတယ်။
လေ့လာချက်တွေအရ မြန်မာနိုင်ငံ စီးပွားရေးရဲ့ တဝက်ကျော်ဟာ တရားဝင် ဥပဒေအောက်မှာ မရှိဘဲ နားလည်မှုအောက်မှာ လည်ပတ်နေပြီး တရားဝင်ဘဏ်စနစ်ပြင်ပမှာ ရှိနေပါတယ်။ ဒီလို Shadow Economy အရွယ်အစား ကြီးမားနေတာကြောင့် ဥပဒေသစ်ဟာ တရားဝင် စီးပွားရေးလှုပ်ရှားမှုတွေအပေါ်မှာပဲ သက်ရောက်နိုင်မှာဖြစ်ပြီး အန္တရာယ်အရှိဆုံး ငွေကြေးစီးဆင်းမှုတွေကိုတော့ ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအခြေအနေကို စစ်တပ်နဲ့ ဗဟိုဘဏ်တို့ သိနေပေမယ့် နိုင်ငံတကာရဲ့ ကျေနပ်မှုရရှိရေးကိုပဲ ဦးစားပေးနေပြီး ငွေကြေးစနစ်ရဲ့ အဓိကပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်တဲ့ ဆန္ဒနဲ့ စွမ်းရည် နှစ်မျိုးလုံး ရှိမနေဘူးလို့ သုံးသပ်နိုင်ပါတယ်။
လက်ရှိအခြေအနေဟာ အာဏာပိုင်တွေအတွက် အကျပ်ကိုင်ငွေညှစ်မှုတွေနဲ့ အာဏာပြဖိနှိပ်မှုတွေ လုပ်နိုင်မယ့် အခွင့်အလမ်းတွေကိုပဲ ပိုဖန်တီးပေးနေတဲ့ အနေအထားပါ။ အာဏာရှိသူတွေအပေါ် ဥပဒေ မသက်ရောက်ဘဲ အောက်ခြေစီးပွားရေးလုပ်ငန်းတွေပဲ ထိခိုက်လာနိုင်ချေလဲ ပိုများပါတယ်။ အမှန်တကယ် ထိရောက်တဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးစနစ်တစ်ခု တည်ဆောက်ဖို့အတွက် ဥပဒေတစ်ခု ထုတ်ပြန်ရုံနဲ့ မလုံလောက်ဘဲ ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ တရားရေးစနစ်နဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုတွေကို မဖြစ်မနေ လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအခြေခံလိုအပ်ချက်တွေအတွက် အားထုတ်ဆောင်ရွက်ခြင်း ရှိမနေတဲ့အတွက် စစ်အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ဟန်ပြအဆင့်ပဲလို့ ပြောရမှာပါ။ ပြည်သူတွေအနေနဲ့ ဝန်ထုပ်ဝန်ပိုး တိုးလာတာ၊ အာဏာပိုင်တွေကြား အကျင့်ပျက်ခြစားမှုတွေ ပိုများလာတာနဲ့ နိုင်ငံရေးအရ စစ်တပ်က ပိုပြီး တင်းကျပ်ထိန်းချုပ်လာနိုင်တာကလွဲလို့ တခြား တိုးတက်မှု ဘာမှမတွေ့ရပါဘူး။ အချိန်နဲ့အမျှ ပြည်သူတွေ၊ စီးပွားရေးလုပ်ငန်းတွေဟာ အကျပ်အတည်းပိုကြုံတွေ့လာမယ်ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။
စစ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ရဲ့ ဖိအားတွေကို လျှော့ချဖို့နဲ့ နိုင်ငံတကာ ငွေကြေးစနစ်ထဲက ကန်ထုတ်မခံရဖို့ အသည်းအသန် ရုန်းကန်နေရတော့ အမှန်တရား ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာတောင် စစ်ခေါင်းဆောင်တွေဟာ သူတို့အတွက် အကျိုးရှိစေမယ့် အခြေအနေ တချို့ကို ဖန်တီးနိုင်ခဲ့တာ တွေ့ရပါတယ်။ FATF ရဲ့ တောင်းဆိုချက် ရာဇသံထဲက စစ်ခေါင်းဆောင်တွေ စိတ်တိုင်းကျ ရွေးချယ်အသုံးချသွားတာကတော့ “အကြမ်းဖက်ငွေကြေး တိုက်ဖျက်ရေး” ဆိုတဲ့ ခေါင်းစဉ်ပါပဲ။
AML/CTF စနစ်မှာ အကြမ်းဖက်မှု ငွေကြေးထောက်ပံ့ခြင်းကို တားဆီးခြင်း ဆိုတဲ့ အချက် ပါဝင်ပါတယ်။ နိုင်ငံတကာ အခြေအနေအရ အကြမ်းဖက်မှု တိုက်ဖျက်ရေးဟာ ရှေ့တန်းမှာ ရှိနေတာလဲ အမှန်ပါ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားမှာတော့ အကြမ်းဖက်မှု ဆိုတာကို ဘယ်သူက ဘယ်လို အဓိပ္ပါယ် ဖွင့်မှာလဲ ဆိုတဲ့ မေးခွန်းက ရှိနေပြန်ပါတယ်။ နိုင်ငံတကာက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အကြမ်းဖက် လှုပ်ရှားမှုအဖြစ် တိတိပပ သတ်မှတ်ကြေညာထားတာမျိုး မရှိပေမယ့် စစ်အစိုးရကတော့ အကြမ်းဖက်ဆိုတဲ့ စကားလုံးကို သုံးပြီး တော်လှန်ရေး ငွေကြေးစီးဆင်းမှုတွေကို နိုင်ငံတကာအဆင့် ဖိနှိပ်ထိန်းချုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေက နွေဦးတော်လှန်ရေး ထောက်ပို့တွေရဲ့ ဘဏ်စာရင်းတွေကို နိုင်ငံရေး လိုအပ်ချက်အရ ပိတ်ပင်နိုင်ခဲ့တာဟာ မြန်မာစစ်တပ်အတွက် အခြေအနေဆိုးထဲက ကောင်းကွက်တစ်ခု ဖြစ်ခဲ့ပါတယ်။ စစ်တပ်ဟာ FATF တောင်းဆိုချက်တွေကို အကောင်အထည်ဖော်သလိုနဲ့ မြန်မာ့တော်လှန်ရေးရဲ့ ငွေကြေးလမ်းကြောင်းတွေကို အတိုင်းအတာတစ်ခုထိ ပိတ်ဆို့နိုင်ခဲ့ပြီး နွေဦးထောက်ပို့ လုပ်ငန်းတွေအပေါ်မှာ ထိရောက်ပြင်းထန်တဲ့ အနှောက်အယှက် ဖြစ်စေခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ စစ်ဘေးရှောင် ကူညီရေးနဲ့ CDM ပံ့ပိုးမှု၊ တခြား ရန်ပုံငွေရှာဖွေရေး လုပ်ငန်းတွေဟာလည်း ဒီခေါင်းစဉ်အောက်မှာပဲ အလူးအလဲ ဖိနှိပ်ခံခဲ့ရပါတယ်။ စစ်တပ်က နိုင်ငံတကာဖိအားကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရတဲ့ အခြေအနေမှာ ရန်သူကိုပါ ဆွဲချတိုက်စားသွားနိုင်ခဲ့တဲ့ သဘောပါပဲ။
တဖက်မှာတော့ စစ်တပ်က အကြမ်းဖက်ဆိုတဲ့ စကားရပ်ကို သုံးပြီး မြန်မာ့တော်လှန်ရေးကို အခုလို နှိပ်ကွပ်နေတဲ့အပေါ် တော်လှန်ရေး ခေါင်းဆောင်တွေဖက်က ထိရောက်မှန်ကန်တဲ့ တန်ပြန်တုံ့ပြန် ရှင်းလင်းနိုင်မှု နိုင်ငံတကာအဆင့်မှာ လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကြားမှာ တော်လှန်ရေးငွေ စီးဆင်းမှုတွေ ခက်ခဲနှေးကွေးခဲ့ရပါတယ်။ ဒါ့အပြင် တော်လှန်ရေးဘက်မှာ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်ကို လိုက်နာဆောင်ရွက်ဖို့အတွက် မူဝါဒ/မူဘောင် မရှိတာတွေ၊ Financial Compliance Framework၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး AML/CTF သဘောသဘာဝတွေကို နားလည်မှု အားနည်းတာတွေနဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးရာ သံခင်းတမန်ခင်း International Financial Diplomacy အားနည်းချက်တွေဟာ သိသာမြင်သာတဲ့ မဟာဗျူဟာ အားနည်းချက်တွေ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက်ငွေကြေး တိုက်ဖျက်ရေးနဲ့ ပတ်သက်လာရင် စစ်တပ်ရဲ့ တစ်ဖက်တည်းသော ပြောဆိုချက်တွေ၊ သဘောထားတွေကပဲ နိုင်ငံတကာမှာ တရားဝင်သလို ဘောင်ဝင်သလို သဘောသက်ရောက်နေခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ကသာ လက်ရှိခြေလှမ်းတွေအတိုင်း ဆက်လျှောက်သွားနိုင်ရင် မကြာခင်မှာ စစ်ခေါင်းဆောင်တွေအပေါ်က ဖိအားမှန်သမျှ ပြုတ်ကျပြီး တော်လှန်ရေး ငွေကြေးစီးဆင်းမှုတွေက အဆင်မပြေ ကမောက်ကမ ဖြစ်လာတော့မယ့် အခြေအနေမျိုး ဖြစ်နေပါတယ်။ စစ်တပ်က ဒီဥပဒေသစ်ကို သုံးပြီး လိုသလိုရွေးကောက်အရေးယူမှုတွေ လုပ်လာတဲ့အခါ၊ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ အကျင့်ပျက်ခြစားမှုကို ဘယ်လိုအားပေးနေကြောင်း FATF နဲ့ Egmont Group လို နိုင်ငံတကာ အဖွဲ့အစည်းတွေဆီကို တိကျတဲ့ အချက်အလက်အထောက်အထားတွေနဲ့ တန်ပြန်တိုင်ကြားနိုင်တဲ့ လမ်းကြောင်းတခု ဖော်ထုတ်နိုင်အောင် တော်လှန်ရေးအစိုးရဖက်က ကြိုးစားထားသင့်ပါတယ်။စစ်တပ်ရဲ့ ဥပဒေဟာ ငွေမည်းတိုက်ဖျက်ဖို့ထက် နိုင်ငံရေးအရ အကျပ်ကိုင်ဖို့သာ ဖြစ်ကြောင်း ကမ္ဘာက သိအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ စစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားက ဘဏ္ဍာရေးစစ်ပွဲ Financial Warfare ရဲ့ တစိတ်တပိုင်းပါပဲ။
ဒီအခြေအနေမှာ NUG အနေနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဘဏ္ဍာရေးစနစ်တရပ် စနစ်တကျ တည်ဆောက်ဖို့ လိုအပ်နေပါပြီ။ ပထမအနေနဲ့ နိုင်ငံတကာနဲ့ ငွေကြးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တွေ မူဝါဒတွေ ချမှတ် ထုတ်ပြန်ရမှာပါ။ အထူးသဖြင့် ငွေကြးခဝါချမှုတိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှုတွေဆီ ငွေကြးစီးဆင်းမှု ဟန့်တားရေး မူဝါဒတွေကို သတ်မှတ်ရေးဆွဲရပါမယ်။ နောက်တဆင့်က KYC စနစ်တွေနဲ့ ငွေကြေးရွှေးပြောင်းမှုစောင့်ကြည့်ရေး လမ်းညွှန်ချက်တွေ ရှိထားရပါမယ်။ ဒါဟာ နိုင်ငံတကာ ဘဏ္ဍာရေးစနစ်နဲ့ ချိတ်ဆက်နိုင်ဖို့ အဓိက လိုအပ်ချက်တွေ ဖြစ်ပါတယ်။ ဘဏ္ဏာရေးဆိုင်ရာ သတင်းအချက်အလက် ထောက်လှမ်းရယူနိုင်စွမ်းကို မြှင့်တင်ပြီး အချက်အလက်စုဆောင်းတဲ့စနစ်တွေ၊ ငွေပေးငွေယူ စောင့်ကြည့်စနစ်တွေနဲ့ ဆုံးရှုံးနိုင်ချေအတွက် အကဲဖြတ်စနစ်တွေကို တည်ဆောက်သင့်ပြီ ဖြစ်ပါတယ်။ ဒါဆိုရင် ဒုစရိုက်နဲ့ အကြမ်းဖက်မှုနဲ့ ပက်သက်တဲ့ ငွေကြေးစီးဆင်းမှုတွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ ဖော်ထုတ်နိုင်စွမ်း တိုးလာမှာဖြစ်ပြီး ဒါဟာ နိုင်ငံတကာက လိုချင်နေတဲ့ AML/CTF Compliance ရဲ့ အခြေခံလဲ ဖြစ်ပါတယ်။
တတိယအနေနဲ့ အစားထိုး ဘဏ္ဍာရေးလမ်းကြောင်းတွေ ဖန်တီးတာကို ဆက်လုပ်ဖို့ပါပဲ။ NUG PAY လို Spring Bank လို တော်လှန်ရေးအတွက် အသုံးချလို့ရတဲ့ လုံခြုံစိတ်ချရတဲ့ ကိုယ်ပိုင်ငွေကြေးစနစ်တွေ ယခုထက်ပိုပြီး ထိရောက် ကျယ်ပြန့်လာဖို့ လိုပါတယ်။ တချို့လိုအပ်ချက်တွေအရ ဒီလို စနစ်တွေကို စနစ်တကျ ချိတ်ဆက်ဖော်ဆောင်တာဟာ လက်ရှိ ဘဏ်စနစ်ရဲ့ အကန့်အသတ်တွေကို လျှော့ချကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘဏ်လမ်းကြောင်းတွေ ပိတ်ဆို့ခံရမှုအတွက် ဗဟိုချုပ်ကိုင်မှုကင်းတဲ့ Blockchain နည်းပညာနဲ့ Crypto-based အပေးအယူစနစ်တွေကိုလဲ စနစ်တကျ အသုံးပြုနိုင်သင့်ပါတယ်။
နောက်ဆုံးနဲ့ အရေးအကြီးဆုံး လိုအပ်ချက်က နိုင်ငံတကာငွေကြေးကွန်ယက်နဲ့ ဆက်ဆံမှုကို တိုးမြှင့်ဖို့ပါ။ FATF စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ပေါ်လစီအဆင့် သံခင်းတမန်ခင်း ဆက်ဆံရေးဟာ တော်လှန်ရေးရန်ပုံငွေ စီးဆင်းမှုမှာ အဓိကကျပါတယ်။ ဒီဆက်ဆံရေးတွေ တည်ဆောက်တာနဲ့ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ မိတ်ဖက်တွေနဲ့ တိုက်ရိုက်ဆက်သွယ်မှုတွေကို တိုးမြှင့်တာတွေဟာ တော်လှန်ရေးအပေါ် နိုင်ငံတကာ ယုံကြည်မှုရဖို့အတွက် အခြေခံပါ။ ဒီအဆင့်ကို ရောက်လာရင် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေထဲကပဲ ပွင့်လင်းမြင်သာတဲ့ ဘဏ္ဏာရေး စီမံခန့်ခွဲမှုတွေ တည်ဆောက်ဖို့ ကူညီပေးသူတွေ ပေါ်လာမှာပါ။ ဒီအနေအထားလောက် ရောက်လာရင် တော်လှန်ရေးရန်ပုံငွေတွေကို စာရင်းစစ်နိုင်တဲ့ စနစ်တွေ တည်ဆောက်တာ၊ ငွေကြေးစီးဆင်းမှုတွေကို တော်လှန်ရေးအစိုးရက ခြေရာခံနိုင်လာတာကြောင့် ထည့်ဝင်သူတွေရဲ့ ယုံကြည်မှုက ကျွဲကူးရေပါ တိုးတက်လာမှာပါ။
တော်လှန်ရေး ရန်ပုံငွေ အဆင့်ဆင့် စီးဆင်းမှုတွေမှာ AML/CTF စံနှုန်းတွေကို ဘယ်လိုလိုက်နာနေကြောင်း တိတိကျကျ ပြသနိုင်ရင် “အကြမ်းဖက်ငွေကြေး” ဆိုတဲ့ စွပ်စွဲချက်တွေကို ချေဖျက်နိုင်ရုံတင်မက နိုင်ငံတကာဘဏ်တွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုကိုပါ တဖြည်းဖြည်း ရယူနိုင်မှာ ဖြစ်ပါတယ်။ NUG ဟာ စစ်ကောင်စီရဲ့ အမှားတွေကိုပဲ ထောက်ပြနေတဲ့ အတိုက်အခံအဖြစ် မိမိကိုယ်ကို ကန့်သတ်မထားဘဲ၊ မိမိတို့ကိုယ်တိုင် နိုင်ငံတကာအဆင့်မီ ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်တစ်ရပ်ကို လက်တွေ့ကျကျ လည်ပတ်နိုင်တဲ့ အစိုးရတစ်ရပ် ဖြစ်ကြောင်း သက်သေပြဖို့ လိုပါတယ်။ ဒီလို ယုံကြည်မှု တည်ဆောက်နိုင်တာဟာ တော်လှန်ရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ ငွေကြေးလမ်းကြောင်းတွေ တည်တည်ငြိမ်ငြိမ် အနှောက်အယှက်ကင်းကင်း စီးဆင်းနိုင်ဖို့ရာ အခြေခံအုတ်မြစ်တွေ ဖြစ်လာမှာပါပဲ။
နောက်ဆုံး အရေးကြီးတာက အချိန်ကိုက်ဖြစ်မှုပါ။ FATF ဟာ အချိန်ကာလ တဖြတ်စီချင်းမှာ သုံးသပ်မှုတွေလုပ်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်နေတာ ဖြစ်ပါတယ်။ ၂၀၂၆ ဇွန်လဟာ စာမေးပွဲကာလပါပဲ။ အဲ့ဒိနောက်ပိုင်းမှာ အခြေအနေတွေဟာ နောက်တကြိမ် ပြောင်းလဲသွားဦးမှာပါ။ စစ်တပ်ကတော့ လိုအပ်ချက်တွေကို တခုချင်း လိုက်နာဖြေရှင်းပြတဲ့နည်းနဲ့ ချဥ်းကပ်နေပါတယ်။ တော်လှန်ရေးခေါင်းဆောင်မှုဖက်က ဘာတွေ ပြင်ဆင်ထားပါသလဲ? အဆုံးမှာတော့ နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် တည်ဆောက်ပြနိုင်တဲ့ဖက်ကပဲ ဘဏ္ဏာရေးစစ်မြေပြင်မှာ အနိုင်ရသွားမှာ ဖြစ်ပါတယ်။
