BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

အမေ့လျော့ခံ မတ်လ ၂၇ ရက် ၊ လူထုနဲ့ ကင်းကွာလာတဲ့ တော်လှန်ရေးအလွှာများ

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်ဟာ နွေဦးတော်လှန်ရေးအတွင်း အာဏာသိမ်းမှုဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးအတွက် တောင်းဆိုဆန္ဒပြကြတဲ့ ပြည်သူတွေ အများဆုံး သေဆုံးခဲ့ရတဲ့နေ့ဖြစ်ပါတယ်။ မတ်လ ၂၇ ရက်ဟာ နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုအသွင်သဏ္ဍန်ကို ထင်ရှားစေခဲ့တဲ့ “သွေးစွန်းတဲ့ တော်လှန်ရေးနေ့” ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက် တရက်တည်းမှာတင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းပြည်နယ် အပါအဝင် နိုင်ငံတဝန်းက မြို့ပေါင်း ၄၀ ကျော်မှာ ဆန္ဒပြပြည်သူတွေကို အာဏာသိမ်း စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူပေါင်း ၁၁၄ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီနေ့မှာ အသက် ၁၅ နှစ်အောက် ကလေးသူငယ် အနည်းဆုံး ၆ ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် မတ်လ (၁) လ အတွင်းမှာတင် စစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအပါအဝင် ဆန္ဒပြပြည်သူတွေ သေဆုံးရမှုက ၅၀၀ ကျော်ရှိခဲ့ပါတယ်။

အခု အချိန် (၅)နှစ်တာ ကြာလာတဲ့ အခါမှာတော့ တော်လှန်ရေးဟာ မတ်လ ၂၇ ရက်နေ့ကို ထိုက်တန်တဲ့ သတိတရမှု မရှိတော့ပါဘူး။ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေကြတဲ့ အဖွဲ့အစည်းအသီးသီးတွေကစလို့ အရပ်ဖက်အဖွဲ့အစည်းအသီးသီးနဲ့ သတင်းမီဒီယာတွေအထိ မတ်လ ၂၇ ရက်နေ့နဲ့အတူ နွေဦးတော်လှန်ရေးကာလအတွင်း ဆန္ဒပြရင်း အသက်ပေးခဲ့ကြသူတွေကို ထိုက်ထိုက်တန်တန် အမှတ်ရကြတာမျိုး မရှိကြတော့ပါဘူး။

ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ၂၀၂၅ ခုနှစ် မတ်လ ၂၇ ရက်ကျော်လွန်သွားချိန်အထိ

ဒီဖြစ်ရပ်ကို သတိတရရှိကြတဲ့ ထုတ်ဖေါ်ပြောဆိုမှုမျိုး၊စွန့်လွှတ်ခဲ့ကြတဲ့အသက်တွေအတွက် အလေးအမြတ်ပြုတာမျိုး လုံး၀မရှိခဲ့ကြတာကြောင့်ပါပဲ။

နွေဦးတော်လှန်ရေးကာလအတွင်း ပေးဆပ်ခဲ့ကြတဲ့ အသက်တွေဟာ ကိန်းဂဏန်းတွေသက်သက်မဟုတ်ပါဘူး။ ဒီအသက်တွေဟာ နွေဦးတော်လှန်ရေး ဒီကနေ့ ဒီအချိန်ထိ ရှင်သန်နေဖို့၊ စစ်အာဏာရှင်ကို အမြစ်ဖြတ်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်ချက်တွေရှိနေဖို့ ပခုံးထမ်းတင်ပေးခဲ့တာဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးဆိုတာလည်း ဒီအသက်တွေကို ရင်းပြီး မွေးဖွားလာခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က လမ်းပေါ်မှာ ဘာလက်နက်မှ မပါဘဲ စစ်တပ်ကို အံတုခဲ့ကြတဲ့ ပြည်သူတွေရဲ့ သတ္တိဟာ ဒီကနေ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ “မျိုးစေ့” ဆိုတာ မမေ့ကြဖို့ လိုအပ်ပါတယ်။

ဝမ်းနည်းစရာကောင်းတာတခုကတော့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေဟာ နွေဦးတော်လှန်ရေးရဲ့ မတ်လ ၂၇ ရက်နေ့ ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုတာမျိုး လုံး၀မရှိခဲ့ကြတာပါပဲ။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) နဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ – GSC တို့လည်း မတ်လ ၂၇ ရက်နေ့ကို အလေးအမြတ်ထား ထုတ်ပြန်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့ဟာ မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သဝဏ်လွှာတွေ အသီးသီးထုတ်ပြန်ခဲ့ကြပေမယ့် ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့အကြောင်းကတော့ လုံး၀မပါခဲ့ပါဘူး။

ဆန္ဒပြပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်လို့ အများဆုံးသေဆုံးခဲ့ရတဲ့ နေ့ဆိုတာမျိုးတာက သမိုင်းမှတ်တမ်းတင်ထားရမယ့်နေ့မျိုးဖြစ်ပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အမြဲတမ်း အမှတ်ရနေရမယ့် ၊ အလေးအမြတ်ထားရမယ့် နေ့ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ မေ့လျော့နေကြပါပြီ။

စစ်အာဏာရှင်တွေဟာ ပြည်သူလူထုက သမိုင်းဖြစ်ရပ်တွေကို မေ့သွားတာမျိုးကို အလိုလားဆုံး ဖြစ်ပါတယ်။ “မေ့လျော့ခြင်းဟာ တော်လှန်ရေးရဲ့ ရန်သူ” ဖြစ်ပါတယ်။ ဒီကနေ့ တော်လှန်ရေးဟာ ရန်သူအစစ်နဲ့ အတူတကွ ရှင်သန်နေကြပြီလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာစေပါပြီ။

အရှိတရားကျကျ မြင်ကြည့်မယ်ဆိုရင်လည်း ဒီကနေ့ တော်လှန်ရေးမှာ ဦးဆောင်နေကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂိုလ်တွေ နဲ့ တော်လှန်ရေးကဏ္ဍအသီးသီးဟာ တကယ့်လူထုနဲ့ ဝေးကွာလာနေကြပါပြီ။ ဒါဟာ တော်လှန်ရေးနဲ့ လူထုကို သီးခြားဖြစ်စေတာ၊ ကင်းကွာလာစေတာမျိုး ဖြစ်လာတာပါပဲ။

၅ နှစ် တာကို ကျော်လွန်လာတဲ့အခါမှာ တော်လှန်ရေးဟာ အီလစ်အလွှာ၊ ပညာတတ်အလွှာ၊ အခြေခံအလွှာ၊ အစရှိသဖြင့် အလွှာတွေအသီးသီး ပေါ်ထွက်လာခဲ့ပါတယ်။

အဲကွန်းခန်းထဲက အလုပ်မဖြစ်တဲ့ ဆွေးနွေးခန်းတွေ၊ စဉ်းစားချက်အသစ်မပါတဲ့ Zoom Meeting တွေ၊ ဆိုရှယ်မီဒီယာတွေနဲ့ အရက်ဝိုင်းတွေမှာ စံနူန်းနဲ့ နိုင်ငံရေးအာသာဖြေမှုတွေ စတဲ့ အဲ့ဒီ အလွှာတွေဟာ တော်လှန်ရေးကာလတခုလုံး ဆုံးရှုံးခဲ့ရ၊ စွန့်လွှတ်ထားကြတဲ့ အသက်တွေ၊ ဘ၀တွေကို တစတစဝါးမျိုးလို့ လာနေပါတယ်။ ဒီကနေ့ လျောက်လှမ်းနေတဲ့ လွတ်မြောက်ရေးလမ်းဟာ ဘယ်သူတွေရဲ့ ကျောရိုးပေါ်မှာ လျောက်နေကြသလဲဆိုတဲ့ သတိတရရှိမှုဟာ ပျောက်ဆုံးလို့ နေပါတယ်။

သွေးစွန်းတဲ့ တော်လှန်ရေးဟာ ဝမ်းနည်းရုံပူဆွေးရုံသက်သက် မဟုတ်ဘဲ၊ ကျဆုံးသွားသူတွေရဲ့ မျှော်လင့်ချက်ကို ဆက်လက်သယ်ဆောင်နေဖို့ဖြစ်ပါတယ်။ အခုချိန်မှာ ပေါ်ထွက်လာတဲ့ မေးခွန်းက အဲ့ဒီ မျှော်လင့်ချက်တွေအတွက် ဘယ်သူတွေက ဆက်လက်ရုန်းကန်နေကြသလဲ၊ ဘယ်သူတွေက ဆက်လက်သယ်ဆောင်နေကြသလဲ၊ ဘယ်သူတွေက ထမ်းရွက်နေကြသလဲ၊ ဘယ်သူက အလေးအမြတ်ထားကြသလဲ ဆိုတာပါပဲ။

တော်လှန်ရေးနဲ့ နိုင်ငံရေး ရေစီးကြောင်းပေါ်မှာ ဖက်ဒရယ်အကြောင်းတွေပြောကြတယ်၊ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်တွေကို ပြောကြတယ်၊ နိုင်ငံရေးလမ်းစဉ်တွေ နည်းဗျူဟာတွေကို ပြောကြတယ်။ သုတေသန စာတမ်းတွေကစလို့ အတွေးအမြင်ဆောင်းပါးတွေအထိ အများအပြားရေးခဲ့ကြ ပြောခဲ့ကြတယ်။ ဆွေးနွေးခန်းတွေ၊ တံခါးဖွင့်၊ တခါးပိတ် အစည်းအဝေးတွေ၊ ညီလာခံတွေ၊ အစရှိသဖြင့် ၅ နှစ်တာအတွင်းမှာ လိုအပ်တာထက် ပိုလွန်ခဲ့ပါတယ်။

၅ နှစ်တာ ကာလအတွင်းမှာ အစည်းအဝေးမှတ်တမ်းတွေ၊ သုတေသနစာတမ်းတွေ၊ ဆွေးနွေးခန်းတွေနဲ့ နည်းဗျူဟာမြေပုံတွေအောက်မှာ နစ်မြုပ်နေခဲ့ကြပေမယ့် ဒါတွေဟာ အခါခါထပ်နေတဲ့ သင်ခန်းစာဟောင်းတွေနဲ့ နားလည်ပြီးသား အချက်အလက်တွေသာ ဖြစ်လို့နေတယ်။

လက်ရှိအကျပ်အတည်းကို ဖောက်ထွက်နိုင်ဖို့အတွက် အခြေခံလူထုပေါ် ပိကျနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေအတွက်၊ စဉ်းစားချက်အသစ် တခုတောင် ထွက်ပေါ်မလာခဲ့ပါဘူး။ ပိုပြီးဆိုးရွားတာက ဒါတွေကို တကယ့် လူထုက ဘယ်လောက်အထိ သိနေသလဲဆိုတဲ့ စဉ်းစားချက်တွေ ရှိမနေကြတာပါပဲ။

ဒါက အပေါ်ယံအလွှာက နိုင်ငံရေးဟာ အခြေခံလူထုနဲ့ ပိုပြီး ဝေးကွာလာတယ်ဆိုတဲ့ အရှိတရားကို ပြသနေတာဖြစ်ပါတယ်။ လူထုမပါဘဲ တော်လှန်ရေးမအောင်မြင်ဘူးလို့ တတွင်တွင်အော်နေကြပေမယ့် နိုင်ငံရေးအလွှာတွေကတော့ တကယ့်လူထုနဲ့ တစတစ ပိုပြီး ဝေးကွာလို့ လာနေပါတယ်။ လူထုအတွက် နိုင်ငံရေးဖြစ်စဉ်တွေ၊ အရှိတရားနဲ့ အချက်အလက်တွေဟာ ဝေဝါး နေပြီလားဆိုတဲ့ တွေးခေါ်စဉ်းစားချက်တွေ လုံးလုံး ပျောက်ဆုံးနေတယ်။

တော်လှန်ရေးဦးဆောင်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အကဲဒမစ်တွေဟာ သူတို့ချင်း နားလည်တဲ့ စကားလုံးတွေနဲ့ အချင်းချင်း ဆက်သွယ်နေကြပေမယ့်၊ အဲ့ဒီသတင်းစကားတွေက အခြေခံပြည်သူ လူထုဆီကို ဘယ်လောက်အထိ ရောက်သလဲ၊ ပြည်သူလူထုက ဘယ်လိုနားလည်သလဲဆိုတဲ့ ဆက်သွယ် တုံ့ပြန်မှု စနစ်တွေကတော့ မေးခွန်းထုတ်စရာဖြစ်လို့နေတယ်။

အပေါ်ယံ နိုင်ငံရေးအလွှာတွေဟာ လူထုနဲ့ ‘သီးခြားကမ္ဘာ’ တခုစီဖြစ်လာနေတာဟာ တော်လှန်ရေးရဲ့ အကြီးမားဆုံး အန္တရာယ်ကပ်ဆိုးလို့တောင် ပြောရမှာဖြစ်ပါတယ်။ နိုင်ငံရေးဖြစ်စဉ် သတင်းအချက်အလက်တွေ ဟာ အပေါ်ယံအလွှာတွေမှာပဲ လည်ပတ်နေပြီး ပြည်သူတွေထံကို ‘မျှော်လင့်ချက်’ အဖြစ် ဒါမှမဟုတ် အရှိတရားအဖြစ် ရောက်မလာတော့ပါဘူး။

တော်လှန်ရေးဆိုတာ အဲကွန်းခန်းထဲက ပညာတတ်ဆန်တဲ့ ဝေါဟာရတွေ၊ အပြန်အလှန် ချီးမွမ်းနေကြတဲ့ အစည်းအဝေးမှတ်တမ်းတွေနဲ့ တည်ဆောက်ရတာမျိုး မဟုတ်ပါဘူး။

တော်လှန်ရေးရဲ့ တန်ဖိုးဟာ လမ်းမပေါ်မှာ အသက်ပေးခဲ့တဲ့ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေကို ဘယ်လောက်သယ်ဆောင်ထားနိုင်သလဲ၊ စွန့်လွှတ်ပေးစပ်ခဲ့သူတွေကို ဘယ်လောက် အလေးအမြတ်ထားသလဲဆိုတာနဲ့ နိုင်ငံရေးအပေးအယူတွေအောက်မှာ မပြိုလဲသွားတဲ့ ရပ်တည်ချက်တွေ အပေါ်မှာ တည်တာဖြစ်ပါတယ်။

၅ နှစ်တာ ကာလအတွင်းမှာ ‘သွေးစွန်းခဲ့တဲ့ မတ်လ ၂၇’ ကို ထိုက်တန်တဲ့ အမှတ်ရမှု မပေးကြတော့ သလို တဖက်မှာလည်း လူထုမပါရင် မအောင်မြင်ဘူးလို့ ဟစ်ကြွေးနေကြပေမယ့် လူထုကို သတင်းအချက်အလက် မှောင်အတိချထားခဲ့ကြပါတယ်။ အပေါ်ယံ နိုင်ငံရေးအလွှာတွေဟာ သူတို့ချင်း နားလည်တဲ့ စကားလုံးတွေနဲ့ သီးခြားကမ္ဘာတခု တည်ဆောက်နေကြပါတယ်။

မေ့လျော့ခြင်းဟာ တော်လှန်ရေးရဲ့ ရန်သူဖြစ်သလို၊ လူထုနဲ့ ကင်းကွာခြင်းဟာလည်း တော်လှန်ရေး ပြိုလဲခြင်းပါပဲ။ ဒီကနေ့အထိ ရှင်သန်နေတဲ့ တော်လှန်ရေး အရှိန်အဟုန်ကို အဆုံးထိ သယ်ဆောင်သွားချင်တယ်ဆိုရင်၊ အပေါ်ယံအလွှာ နိုင်ငံရေးကစားကွင်းကနေ ဆင်းသက်ပြီး လူထုရဲ့ အခက်အခဲ၊ လူထုရဲ့ ဘာသာစကားနဲ့ လူထုရဲ့ မျှော်လင့်ချက်တွေမှာ ပြန်လည်တည်ဆောက်ကြရပါလိမ့်မယ်။

ကျဆုံးသွားသူတွေ၊ စွန့်လွှတ်ခဲ့ကြသူတွေရဲ့ ကျောရိုးပေါ်မှာ နင်းလျှောက်နေကြသူတိုင်းဟာ သူတို့ ဘာအတွက် အသက်ပေးခဲ့ကြသလဲဆိုတာကို မမေ့ဖို့ကြဖို့လိုပါတယ်။ အဲ့ဒီအတွက် ထိုက်တန်တဲ့ အလေးအမြတ်ပြုမှုနဲ့ တန်ဖိုးထားမှု လိုအပ်ပါတယ်။ ဒီနေ့ ဒီအချိန် မေးခွန်းထုတ်ကြရမှာက အဲ့ဒီ ကျောရိုးတွေပေါ်ကနေ ဘာတွေများ တည်ဆောက်နေကြတာလဲဆိုတာပါပဲ။

အတွေးအမြင်ဆောင်းပါး

ကျော့မောင်

ဓါတ်ပုံ – Ants Are Always Busy

Leave a Reply

Your email address will not be published. Required fields are marked *