မတ်လ ၂၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ၊ Fact Check
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ စစ်ရေးပြအခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဥပဒေနဲ့အညီဖြစ်ကြောင်း ခုခံကာကွယ်ပြောဆိုသွားသလို၊ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာလည်း အောင်မြင်ကြောင်းနဲ့ တပ်မတော်ဟာ ဒီမိုကရေစီကို ဖော်ဆောင်နေတာ ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်အချို့ဟာ လက်တွေ့တွေနဲ့ လွဲမှားနေတာကို BIV က အချက်အလက် စစ်ဆေးထားပါတယ်။
စစ်ခေါင်းဆောင်ပြောဆိုချက် – တပ်မတော်အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို ခေတ္တရယူထိန်းသိမ်းခဲ့ရတယ်။ ဒီလိုထိန်းသိမ်းခဲ့ရခြင်းဟာ တပ်မတော်အနေနဲ့ ပြည်သူအများ လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ပေးရမယ့်တာဝန်အရ ဆောင်ရွက်ခဲ့ရခြင်းသာဖြစ်တယ်။
စိစစ်ချက် – ဒါဟာ မှားယွင်းနေပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာဟာ ပြည်သူတွေရဲ့ ဆန္ဒမဲနဲ့ တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို လက်နက်အားကိုးနဲ့ ဖယ်ရှားခဲ့တာဖြစ်ပြီး စစ်တပ်က အကာအကွယ်ယူထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကိုလည်း ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ပြထားပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာကြောင့် ဒီမိုကရေစီလမ်းကြောင်း ပျက်စီးသွားခဲ့ရတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ရာမှာ အကြမ်းမဖက် ဆန္ဒပြတဲ့နည်းနဲ့ စတင်ခဲ့ကြပေမယ့် အကြမ်းမဖက်ဆန္ဒပြပွဲတွေကို စစ်တပ်က ကျည်အစစ်များအသုံးပြုပြီး အကြမ်းဖက်ဖြိုခွဲမှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ( ၂) လအတွင်းမှာတင် အနည်းဆုံး ပြည်သူ (၅၄၃) ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြတဲ့ အရပ်သားပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့တာကြောင့် အရပ်သားပြည်သူတွေ သေဆုံးမှု အများဆုံးနေ့ကတော့ စစ်ခေါင်းဆောင် မိန့်ခွန်းပြောခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ၅ နှစ်ပြည်ခဲ့တဲ့ ၂၀၂၁ မတ်လ ၂၇ ရက်နေ့ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ တရက်တည်းမှာတင် စစ်တပ်က ဆန္ဒပြပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာကြောင့် နိုင်ငံတဝန်းက မြို့ပေါင်း ၄၀ ကျော်မှာ အရပ်သားပြည်သူ ၁၀၀ ကျော်ခန့် သေဆုံးခဲ့ရသည်။
စစ်ခေါင်းဆောင်ပြောဆိုချက် – ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အစိုးရရဲ့ ဆိုးရွားစွာ ပြုလုပ်ခဲ့တဲ့ မဲမသမာမှုတွေကြောင့် ရွေးကောက်ခံကိုယ်စားလှယ်တွေဟာ ဘယ်လိုမှ တရားဝင်ရပ်တည်နိုင်မှုမရှိတဲ့အတွက် ဒို့တပ်မတော်အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို ခေတ္တရယူထိန်းသိမ်းခဲ့ရတယ်။
စိစစ်ချက် – ဒါဟာ အမှန်တရားနဲ့ လုံးဝ ကွဲလွဲနေပါတယ်။
၂၀၂၀ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်တဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ နဲ့ အခြားနိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေက အတည်ပြုထားပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များက ပူးတွဲကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်မှာတော့ စောင့်ကြည့် လေ့လာမှုများအရ ရွေးကောက်ပွဲဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်းများရဲ့အားနည်းချက်များအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်များကြောင့်လည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိခဲ့သည်ကို လေ့လာတွေ့ရှိခဲ့ပေမယ့်လည်း ရွေးကောက်ပွဲရလဒ်များက မဲဆန္ဒရှင်အများစုရဲ့ သဘောထားနှင့်အညီ ရရှိလာတဲ့ ရွေးကောက်ပွဲရလဒ်များ ဖြစ်တာကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် တွေ့ရှိရပါတယ်လို့ ဖေါ်ပြထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာကို လွှဲပြောင်းရယူလိုပါက နိုင်ငံတော်သမ္မတကသာ အရေးပေါ်အခြေအနေ ကြေညာပိုင်ခွင့်ရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ သမ္မတ ဦးဝင်းမြင့်ကို မတရားဖမ်းဆီးပြီးမှ အာဏာသိမ်းယူခဲ့တာကြောင့် ဒါဟာ ဥပဒေနဲ့အညီဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ မှားယွင်းနေပါတယ်။
၂၀၀၈ အခြေခံဥပဒေ အခန်း(၉) ရွေးကောက်ပွဲတင်မြောက်ခြင်းအပိုင်း၊ ပုဒ်မ (၄၀၂) မှာ ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့်အယူခံမှုများနှင့် ပြင်ဆင်မှုများတို့မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်လို့ ပြဌာန်းထားပါတယ်။ ရွေးကောက်တင်မြှောက်ခြင်းအပိုင်းမှာ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ပါဝင်ခွင့်ကို ထည့်သွင်းပြဌာန်းထားခြင်းမရှိပါဘူး။
စစ်ခေါင်းဆောင်ပြောဆိုချက် – “လက်ရှိအချိန်မှာ ပေးထားတဲ့ကတိအတိုင်း ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်တယ်”
စိစစ်ချက် – ဒါဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေပါတယ်။
စစ်ကောင်စီက ပြုလုပ်ခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၃၃၀ ကျော်ရှိတဲ့အနက် ၂၆၃ မြို့နယ်မှာပဲ မဲရုံဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ မြို့နယ်အများအပြားမှာ တိုက်ပွဲတွေကြောင့် မဲပေးခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကျင်းပခဲ့တဲ့ မြို့နယ်တွေမှာလည်း မြို့နယ်တခုလုံးကို လွှမ်းခြုံနိုင်ခြင်းမရှိခဲ့တဲ့ မြို့နယ်တွေ အများအပြားရှိခဲ့ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ပါတီဝင်တွေကို ဖမ်းဆီးထောင်ချထားသလို၊ ပါဝင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် ကုလသမဂ္ဂ (UN)၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) တို့အပါအဝင် နိုင်ငံတကာက ဒီရွေးကောက်ပွဲကို “အတုအယောင်” သာဖြစ်တယ်လို့ သတ်မှတ်ထားပြီး ရလဒ်ကို အသိအမှတ်ပြုခြင်းမရှိပါဘူး။
စစ်ခေါင်းဆောင်ပြောဆိုချက် – “တပ်မတော်ဟာ ပြည်သူသာအမိ၊ ပြည်သူသာအဖလို့ သဘောထားပြီး ဆောင်ရွက်နေပါတယ်”
စိစစ်ချက် – ဒါဟာ အချက်အလက်အရ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁ သိန်းကျော် (၁၁၉,၄၁၁ လုံး) မီးလောင်ပျက်စီးခဲ့ရတယ်လို့ Data for Myanmar ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ စစ်အာဏာသိမ်းချိန်ကနေစပြီး၊ ၂၀၂၆ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူပေါင်း ၇,၉၅၂ ဦး ရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ ၅ နှစ်တာအတွင်း အာဏာသိမ်းထားသည့်ကာလ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ကြောင့် မွေးကင်းစကလေးအပါအဝင် အရပ်သားပြည်သူ(၄,၂၉၉)ဦး သေဆုံးခဲ့ရတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု-BMC က မတ်လ(၂၇)ရက်တွင် ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်အတွင်း မြန်မာစစ်တပ်အနေနဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် မတ်လ(၁၉)ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း (၆,၉၈၆) အထိ တိုက်ခိုက်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
စစ်ခေါင်းဆောင်ပြောဆိုချက် – ယခင်အစိုးရများလက်ထက် ငြိမ်းချမ်းရေး ညီလာခံရလဒ်များမှ စုစည်းထားတဲ့ ပြည်ထောင်စုသဘောတူညီချက် (Union Accord) များကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။
စိစစ်ချက် – ဒါဟာ ဝါဒဖြန့်မှုသာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟာ ငြိမ်းချမ်းရေးအကြောင်း ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေနဲ့ PDF အဖွဲ့တွေကို “အကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်ထားပြီး နယ်မြေဒေသအနှံ့မှာ စစ်ဆင်ရေးတွေ အပြင်းအထန် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့ အဖွဲ့အနည်းငယ်ဟာလည်း မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ အင်အားစုအစစ်အမှန်တွေ မဟုတ်ဘူးလို့ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။ ဒါ့အပြင် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်(NCA) မှာ ပါဝင်လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့တွေဖြစ်တဲ့ KNU ၊ ABSDF ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့က စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် NCA ပျက်ပြယ်သွားဖြစ်တယ်လို့ ထုတ်ဖေါ်ပြောဆိုထားသလို၊ လက်ရှိအချိန်မှာလည်း အာဏာသိမ်း စစ်တပ်နဲ့ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။
စစ်ခေါင်းဆောင်ပြောဆိုချက် – ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားလူမျိုးရေးကို အကြောင်းပြပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုတဲ့ အကြမ်းဖက်သမားများဟာ မူးယစ်ဆေးဝါးကုန်သွယ်မှုနဲ့ အဓိကဝင်ငွေရှာဖွေနေကြပြီး Online လိမ်လည်မှုနဲ့ Online လောင်းကစားမှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများကိုလည်း ကျူးလွန်လျက်ရှိနေကြတယ်။
စိစစ်ချက် – ဒါဟာ အဖြစ်မှန်ကို ပြောင်းပြန်လှန် ပြောဆိုနေတာ ဖြစ်ပါတယ်။
လက်တွေ့မြေပြင် အထောက်အထားတွေအရ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ အကြီးအကျယ် ထွန်းကားခဲ့တာဟာ စစ်ကောင်စီရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာပဲ ဖြစ်ပါတယ်။
ရှမ်းမြောက် ကိုးကန့်ဒေသ (လောက်ကိုင်) မှာ ကျားဖြန့်လုပ်ငန်းတွေ အခြေစိုက်နိုင်ခဲ့တာဟာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်တွေ (ဥပမာ – မင်းရွှေချန်း၊ ဝေဆန်း စသူတို့) ရဲ့ တိုက်ရိုက်ပတ်သက်မှု၊ အကာအကွယ်ပေးမှုတွေကြောင့် ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်နှောင်းပိုင်း ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က လောက်ကိုင်ကို သိမ်းပိုက်ပြီးနောက် ကျားဖြန့်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ရပါတယ်။ အဲဒီလို ဖမ်းဆီးခံရသူတွေထဲမှာ စစ်ကောင်စီက ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးထားတဲ့ ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းတွေနဲ့ စစ်တပ်နဲ့ ရင်းနှီးတဲ့ လုပ်ငန်းရှင်တွေ အဓိက ပါဝင်နေတာကို အထင်အရှား တွေ့ရပါတယ်။
လက်ရှိအချိန်အထိ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းက “ရွှေကုက္ကိုလ်” လို ကျားဖြန့်အခြေစိုက်ရာ မြို့သစ်တွေဟာ စစ်ကောင်စီလက်အောက်ခံ စောချစ်သူ ဦးဆောင်တဲ့ BGF (ယခု KNA) တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ နယ်မြေမှာပဲ ရှိနေတာဖြစ်ပြီး စစ်ကောင်စီက ဒီလုပ်ငန်းတွေကို ထိရောက်စွာ အရေးယူတာမျိုး မရှိပါဘူး။
နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေမှာလည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတာနဲ့ စစ်ကောင်စီရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ပိုပြီး အားကောင်းလာတာဖြစ်တယ်လို့ ထောက်ပြထားကြပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ (၈၁) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းဟာ နိုင်ငံတကာနဲ့ ပြည်တွင်းမှာ သူ့ရဲ့ အာဏာသိမ်းမှုကို တရားဝင်သယောင် ဟန်ပြဖို့နဲ့ ကျင်းပပြီးစီးသွားတဲ့ အတုအယောင်ရွေးကောက်ပွဲကို အရှိန်အဟုန်ကောင်းနေသယောင် ဝါဒဖြန့်ဖို့သာ ဖြစ်ပါတယ်။
#MinAungHlaing#FactCheck#MyanmarPolitics#BIV#MilitaryPropaganda#BurmaIndependentvoice
