BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

ဗဟိုဘဏ် အုပ်ချုပ်ရေး အပြောင်းအလဲ “ပညာရှင်များ” ဖြင့် အကြပ်အတည်းကြားက ထွက်ပေါက်ကို ရှာဖွေခြင်း

ဧပြီ ၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ကျော်ဘ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဦးဆောင်မှုအဖွဲ့သစ်ဟာ မြန်မာ့ဘဏ္ဍာရေးလောကအတွက် သိသာထင်ရှားတဲ့ “Reset” ခလုတ်တခုကို မင်းအောင်လှိုင်က နှိပ်လိုက်တဲ့ လက္ခဏာပါ။ သန်းသန်းဆွေ ဦးဆောင်တဲ့ ယခင်အဖွဲ့ကို အနားပေးပြီး ဒေါက်တာခင်နိုင်ဦး ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တာဟာ စစ်ခေါင်းဆောင်တွေအနေနဲ့ စီးပွားရေး အကြပ်အတည်းနဲ့ နိုင်ငံတကာဖိအားကို ဖြေရှင်းရာမှာ အလုပ်မဖြစ်တဲ့သူကို ဖယ်ထုတ်ပြီး နည်းပညာပိုင်းဆိုင်ရာ (Technocratic) ချဉ်းကပ်မှုနဲ့ အစားထိုးလိုက်တာပါပဲ။ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို ၂၀၂၂ ကတည်းက နာမည်ပျက် ကြေငြာထားပြီး ပြုပြင်ပြောင်းလဲရေးကို…

ဧပြီ ၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ကျော်ဘ

၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဦးဆောင်မှုအဖွဲ့သစ်ဟာ မြန်မာ့ဘဏ္ဍာရေးလောကအတွက် သိသာထင်ရှားတဲ့ “Reset” ခလုတ်တခုကို မင်းအောင်လှိုင်က နှိပ်လိုက်တဲ့ လက္ခဏာပါ။ သန်းသန်းဆွေ ဦးဆောင်တဲ့ ယခင်အဖွဲ့ကို အနားပေးပြီး ဒေါက်တာခင်နိုင်ဦး ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တာဟာ စစ်ခေါင်းဆောင်တွေအနေနဲ့ စီးပွားရေး အကြပ်အတည်းနဲ့ နိုင်ငံတကာဖိအားကို ဖြေရှင်းရာမှာ အလုပ်မဖြစ်တဲ့သူကို ဖယ်ထုတ်ပြီး နည်းပညာပိုင်းဆိုင်ရာ (Technocratic) ချဉ်းကပ်မှုနဲ့ အစားထိုးလိုက်တာပါပဲ။

နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို ၂၀၂၂ ကတည်းက နာမည်ပျက် ကြေငြာထားပြီး ပြုပြင်ပြောင်းလဲရေးကို ၂၀၂၆ ဇွန်လထဲမှာ အပြီးလုပ်ဖို့ ရာဇသံ ပေးထားတာပါ။ ငွေကြေးခဝါချမှုနဲ့ စွပ်စွဲခံထားရတဲ့ ဒီအခြေအနေမှာ သန်းသန်းဆွေအစား စာရင်းအင်းသမားဖြစ်သူ ဒေါက်တာခင်နိုင်ဦး ကို ဥက္ကဋ္ဌခန့်တဲ့သတင်းဟာ စောင့်ကြည့်ရမယ့် ဖြစ်ရပ်တခုပါ။ ယခင်ဗဟိုဘဏ်ဥက္ကဋ္ဌဟာ အာဏာသိမ်းခါစ၊ စစ်အစိုးရ မတည်ငြိမ်သေးခင်ကာလမှာ လူပုဂ္ဂိုလ်အရည်အချင်းနဲ့ ရာထူးအတွက် သင့်တော်မှုတွေထက် အသက်ကိုရင်းပြီး သစ္စာခံမှုအတွက် ဆုတော်လာဘ်တော် ချီးမြှင့်တဲ့သဘောက ပိုပါတယ်။ သန်းသန်းဆွေဟာ ၂၀၂၂ ခုနှစ်ကတည်းက နိုင်ငံတကာ ဖိအားတွေအောက်မှာ အလွန်ခက်ခဲသော စမ်းသပ်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ နာမည်ပျက်စာရင်း (Blacklist) ထဲမှာ ခုချိန်ထိ ဆက်လက် ပါနေသေးတာကြောင့် မြန်မာ့ဘဏ်လုပ်ငန်းတွေ၊ ကုန်သွယ်ရေးကိစ္စတွေဟာ ကမ္ဘာနှင့် ချိတ်ဆက်ဖို့ရာ အများကြီး အဟန့်အတား ဖြစ်နေခဲ့တာပါ။

အကျိုးဆက်အနေနဲ့ မြန်မာကျပ်ငွေ တန်ဖိုးဟာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ပြင်ပပေါက်စျေးနဲ့ ဗဟိုဘဏ်ရဲ့ သတ်မှတ်စျေးကြား ကွာဟချက်ကလဲ တရားလွန်ကြီးမားနေပါတယ်။ ဒီအခြေအနေဟာ သွင်းကုန်စျေးနှုန်းတွေ အဆမတန် တက်စေပြီ အခြေခံလူတန်းစားတွေအပေါ် ရိုက်ခတ်မှု ပြင်းထန်ခဲ့သလို ပို့ကုန်ရငွေတွေကို မဖြစ်မနေ လဲလှယ်ခိုင်းတဲ့ (Mandatory Conversion) မူဝါဒတွေကြောင့်လဲ လုပ်ငန်းရှင်တွေ အထိနာခဲ့ရပါတယ်။ ကုန်သွယ်ရေးကဏ္ဍတွေမှာ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ပြီး မြန်မာ့အချမ်းသာဆုံး သူဌေးကြီးသားအဖတောင် အစိုးရက အစိုးရက နာမည်ဖော်ထုတ် သတိပေးခံရတဲ့အထဲ ပါလာခဲ့ပါတယ်။ အခု ၂၀၂၆ ခုနှစ် အစောပိုင်းမှာ ပို့ကုန်သွင်းငွေ လဲရမယ့် ရာခိုင်နှုန်းကို ၂၅% မှ ၁၅% ကို ပြန်လည် လျှော့ချခဲ့ရတာကလည်း သန်းသန်းစိန်ရဲ့ မူဝါဒရေးရာ ကိုင်တွယ်မှုတွေ အလုပ်မဖြစ်တာကို ပြသနေပါတယ်။

ဒီကစားကွင်းထဲကို လူစားထိုး ဝင်ရောက်လာတဲ့ ဗဟိုဘဏ်အသင်းခေါင်းဆောင် ဒေါက်တာခင်နိုင်ဦးကတော့ လက်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် တာဝန်ပေးခံထားခဲ့ရသူပါ။ ဒီအချက်ကို ကြည့်ရင် ဗဟိုဘဏ်ရဲ့ လားရာကို ခန့်မှန်းနိုင်ပါတယ်။ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံခြားငွေ စီးဆင်းမှုတွေ တင်းကြပ်လာမှာဖြစ်ပါတယ်။ ငွေကြေးအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းရှင်တွေအပေါ်လဲ စည်းကမ်းတွေ ပိုများလာနိုင်ချေရှိပါတယ်။ မင်းအောင်လှိုင် အတွက်ကတော့ နိုင်ငံတကာက စောင့်ကြည့်တာကို ခံနေရတဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး (AML/CFT Framework) ကဏ္ဍမှာ အလုပ်ဖြစ်တဲ့ အပြောင်းအလဲတွေ တိုးတက်လုပ်ဆောင်နိုင်ဖို့ အဓိကတာဝန်ပါ။

ဒေါက်တာဇော်ဦးလို နိုင်ငံတကာလော်ဘီတွေကြား လည်လည်ပတ်ပတ် ရှိသူတယောက်ကို ထည့်သွင်းထားတာလဲ ဒီကိစ္စမှာ အသုံးချဖို့က ပိုဖြစ်နိုင်ပါတယ်။ ဗဟိုဘဏ်ခေါင်းဆောင်ပိုင်းအတွက် အဓိကစိန်ခေါ်မှုက မူဝါဒတွေကို “ ချမှတ် စမ်းသပ် ပြုပြင် စမ်းသပ်” မဖြစ်စေဘဲ တည်ငြိမ်တဲ့ မူဝါဒတခုကို တခါထဲ ချမှတ်နိုင်ဖို့ပါပဲ။ လက်ရှိအခြေအနေမှာတော့ မှန်းသလောက် နှမ်းထွက်မယ်လို့ ဘယ်သူမှထင်မထားကြပါဘူး။ အထူးသဖြင့် အာဏာသိမ်းပြီးကတည်းက ဖောက်သည်တွေရဲ့ ယုံကြည်မှု ပျက်ယွင်းခဲ့ရတဲ့ မြန်မာ့ဘဏ်စနစ်ကို ပြည်သူတွေ ယုံလာအောင် ပြန်လုပ်ဖို့က နောက်ကွယ်က ထင်သလို ကြိုးကိုင်နေတဲ့ စစ်တပ်နဲ့ မလွယ်ကူပါ။ ယုံကြည်မှု ပြန်မရရင်လဲ ဘယ်လိုမူဝါဒမှ အောင်မြင်ဖို့ရာ လမ်းမမြင်တဲ့အတွက် စစ်တပ်က ဗဟိုဘဏ်ကို ဘယ်လောက် လွတ်လပ်ခွင့် ပေးမလဲဆိုတာကို မင်းအောင်လှိုင် ဆုံးဖြတ်ရတော့မှာပါ။

လွတ်လပ်ခွင့်နဲ့ “နိုင်ငံရေးခွင့်ပြုချက်” ဟာ အဓိကလိုအပ်ချက်ဖြစ်ပေမယ့် စစ်တပ်က ပေးဖို့ခက်တဲ့အပိုင်း ဖြစ်နေတာပါ။ ပြည်တွင်းငွေကြေးတန်ဖိုးတည်ငြိမ်ဖို့၊ ကုန်သွယ်ရေးလွယ်ကူဖို့၊ ကမ္ဘာ့ငွေကြးစျေးကွက်ထဲ ပြန်ဝင်နိုင်ဖို့ရာ ဗဟိုဘဏ်ဟာ အပေး-အယူ “Trade-off” တွေကြားမှာ ရှဥ့်လဲလျှောက်သာ၊ ပျားလဲစွဲသာ ရွေးချယ်နိုင်ဖို့ လိုပါတယ်။

ဘာပဲပြောပြော ဗဟိုဘဏ် ခေါင်းဆောင်မှု အပြောင်းအလဲဟာ မျက်နှာသစ်တွေနဲ့ အလှည့်ကျလူစားလဲတာထက် ပြည်တွင်းနဲ့ နိုင်ငံတကာက ပြဿနာတွေကို စစ်ခေါင်းဆောင်တွေက ဖြေရှင်းဖို့ အသည်းအသန် ကြိုးစားနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဒီလို ကြိုးစားရင်းက ယိုင်နဲ့နေတဲ့ စီးပွားရေးက ပြန်မြင့်တက်လာမလား၊ ယိုင်နဲ့နဲ့ကနေ ပြိုကျသွားမလားဆိုတာတော့ ဒေါက်တာခင်နိုင်ဦး အဖွဲ့ရဲ့ စိန်ခေါ်မှုကြီးပဲ ဖြစ်ပါတယ်။ ပညာရှင်တွေ အနေနဲ့ အရင်လိုပဲ စစ်ခေါင်းဆောင်တွေ ခိုင်းတာ လိုက်လုပ်နေရရုံပဲ ဆိုရင်တော့ အောင်မြင်တဲ့စနစ်ကို ပြောင်းလဲဖို့က အလှမ်းဝေးနေဦးမှာပါပဲ။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed