BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတအဖြစ်ပထမဆုံးမိန့်ခွန်းကို အချက်အလက်အမှားများဖြင့် စတင်ပြော

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်Burma Independent Voice ၊ Fact Check စစ်တပ် စိတ်ကြိုက်လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲကနေ ပေါ်လာပြီး စစ်တပ်ကြီးစိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ အဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာ အချက်အလက်အမှားတွေနဲ့ စတင်ပြောကြားခဲ့တာကို တွေ့ရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုချက်တွေကို BIV က အချက်အလက်စစ်ဆေးထားပါတယ်။ စစ်ခေါင်းဆောင်ပြောဆိုချက် – ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အဲ့ဒီအချိန်က အာဏာရပါတီဟာ အလွန်အရုပ်ဆိုးအကျည်းတန်တဲ့ မဲမသာမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ တရားမျှတပြီး မှန်ကန်တဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ပျက်ယွင်းစေတဲ့ မရိုးသားတဲ့ နိုင်ငံရေး တရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။ စိစစ်ချက်…

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်
Burma Independent Voice ၊ Fact Check

စစ်တပ် စိတ်ကြိုက်လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲကနေ ပေါ်လာပြီး စစ်တပ်ကြီးစိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ အဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာ အချက်အလက်အမှားတွေနဲ့ စတင်ပြောကြားခဲ့တာကို တွေ့ရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုချက်တွေကို BIV က အချက်အလက်စစ်ဆေးထားပါတယ်။

စစ်ခေါင်းဆောင်ပြောဆိုချက် – ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အဲ့ဒီအချိန်က အာဏာရပါတီဟာ အလွန်အရုပ်ဆိုးအကျည်းတန်တဲ့ မဲမသာမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ တရားမျှတပြီး မှန်ကန်တဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ဘဲ ပါတီစုံဒီမိုကရေစီစနစ်ကို ပျက်ယွင်းစေတဲ့ မရိုးသားတဲ့ နိုင်ငံရေး တရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။

စိစစ်ချက် – ဒါက အဖြစ်မှန်နဲ့ ကွဲလွဲနေပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့တယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခဲ့ကြတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက ထုတ်ပြန်ခဲ့ကြပါတယ်။ နိုင်ငံတကာကလည်း ပြည်သူလူထုဆန္ဒကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုခဲ့ကြပါတယ်။

ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်တဲ့ Pace အဖွဲ့က ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှု အစီရင်ခံစာထုတ်ပြန်ခဲ့ပြီ အဲ့ဒီ ထုတ်ပြန်ချက်အတွင်းမှာတော့ ၂၀၂၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေက စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်တွေနဲ့ ချွတ်ချော်မှုတွေရှိခဲ့တာတွေကို တွေ့ရပေမယ့် ရွေးကောက်ပွဲတခုလုံးရဲ့ ရလဒ်တွေ အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ သက်ရောက်မှုမရှိခဲ့ဘူးလို့ တွေ့ရှိချက်ကို ဖေါ်ပြပါတယ်။

Pace အဖွဲ့ အစီရင်ခံစာ ဖတ်ရှုရန်https://archive.ph/R5vkj

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင်ပြည်သူအများစုရဲ့ သဘောထားနဲ့အညီရရှိလာတဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှုတွေ အရ ရွေးကောက်ပွဲဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်းတွေ အားနည်းချက်များအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်တွေကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေက အားနည်းချက်တွေရှိခဲ့သည်ကို လေ့လာတွေ့ရှိရပေမယ့်လည်း ရွေးကောက်ပွဲရလဒ်တွေက မဲဆန္ဒရှင်အများစုရဲ့ သဘောထားနဲ့ အညီ ရရှိလာတဲ့ ရွေးကောက်ပွဲရလဒ် ဖြစ်တာကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များက တွေ့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်အဖွဲ့များပူးတွဲထုတ်ပြန်ချက်ဖတ်ရှုရန် https://archive.ph/F7uov

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သူ့ရဲ့ မိန့်ခွန်းတွေအတွင်း ၂၀၂၀ ရွေးကောက်ပွဲက မဲမသမာမှုဖြစ်ခဲ့တယ်လို့ အကြိမ်ကြိမ် ပြောဆိုနေပေမယ့်လည်း ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့တယ်ဆိုတာကို ပြည်တွင်းပြည်ပ လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ပါတီစုံဒီမိုကရေစီစနစ်ကို ပျက်ယွင်းစေတဲ့ မရိုးသားတဲ့ နိုင်ငံရေး တရပ်ကို လုပ်ဆောင်ခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပေမယ့်လည်း တကယ့်အဖြစ်မှန်က စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်း ပျက်ဆီးသွားခဲ့တာဖြစ်တယ်လို့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာက မှတ်ယူထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို ချက်ခြင်းလွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ အမေရိကန်အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း တောင်းဆိုခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ပြောဆိုချက် – တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး မဲမသမာမှုအတွက် ဖြေရှင်းခြင်းမပြုအပ်သေးဘဲ မှန်ကန်မှု၊ တရားမျှတမှုမရှိတဲ့ ရလဒ်နဲ့ လွှတ်တော်ခေါ် နိုင်ငံတော်အာဏာကို မတရားတဲ့နည်းနဲ့ အဓမ္မရယူဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်တွေကို လွှဲပြောင်းပေးအပ်တာကြောင့် တပ်မတော်က နိုင်ငံတော်တာဝန်တွေကို ထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။

စိစစ်ချက် – ဒါက မှားယွင်းနေပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှုဟာ ဖွဲ့စည်းအခြေခံဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောဆိုပေမယ့် ၂၀၂၁ အာဏာသိမ်းမှုဟာ ၂၀၀၈ အခြေခံဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ထောက်ပြထားပါတယ်။

၂၀၀၈ အခြေခံဥပဒေ အခန်း(၉) ရွေးကောက်ပွဲတင်မြောက်ခြင်းအပိုင်း၊ ပုဒ်မ (၄၀၂) မှာ ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့်အယူခံမှုများနှင့် ပြင်ဆင်မှုများတို့မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်လို့ ပြဌာန်းထားပါတယ်။ ရွေးကောက်ပွဲ အငြင်းပွားမှုတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းဖို့ ၂၀၀၈ အခြေခံဥပဒေက လုပ်ပိုင်ခွင့်ပေးထားပြီး၊ စစ်တပ်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ ၂၀၀၈ အခြေခံဥပဒေမှာ အခွင့်အာဏာပေးထားခြင်းမရှိတာကို တွေ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့ကို စစ်တပ်က ဖမ်းဆီးပြီးနောက် ဒုတိယသမ္မတဖြစ်သူ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်နဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာရယူခဲ့ပါတယ်။

၂၀၀၈ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော်အကြီးအကဲ အခန်း ပုဒ်မ (၇၁) (ခ)မှာတော့ နိုင်ငံတော် သမ္မတကို စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုလွှတ်တော်တွင်ပါဝင်တဲ့ လွှတ်တော်နှစ်ရပ်မှ လွှတ်တော်တရပ်ရပ်ရဲ့ ကိုယ်စားလှယ်စုစုပေါင်းရဲ့ လေးပုံတပုံက လက်မှတ်ရေးထိုးပြီး လွှတ်တော်အကြီးအမှူးထံတင်ပြရမယ်လို့ ပြဌာန်းထားပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ နိုင်ငံအထွပ်အထိပ်သမ္မတကို စွပ်စွဲပြစ်တင်ခြင်းမရှိဘဲ ဖမ်းဆီးခွင့်ရှိတယ်လို့ ပြဌန်းထားခြင်းမရှိတာကိုတွေ့ရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောဆိုပေမယ့် ၂၀၂၁ စစ်အာဏာသိမ်းမှုဟာ ၂၀၀၈ အခြေခံဥပဒေကို စစ်တပ်က ပြန်လည်ချိုးဖေါက်ခဲ့တာကို တွေ့ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဌန်းချက်များနဲ့အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီး အခုအခါမှာတော့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ လွတ်လပ်ပြီးတရားမျှတတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။

စိစစ်ချက် – ဒါက အဖြစ်မှန်နဲ့ ကွဲလွဲနေပါတယ်။

စစ်တပ်ကလုပ်တဲ့ ၂၀၂၅ ရွေးကောက်ပွဲဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ပြုလုပ်နိုင်ခြင်းမရှိသလို၊ ရွေးကောက်ပွဲလုပ်ခဲ့တဲ့ မြို့တွေမှာလည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေ အများအပြားရှိခဲ့ပါတယ်။

ရွေးကောက်ပွဲ အပိုင်း(၁)နဲ့ အပိုင်း(၂) ကျင်းပမယ့် မြို့နယ်ပေါင်း (၂၀၂) မြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စုပေါင်း (၂၉၃၁) ခုမှာ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့မှာ စစ်တပ်က ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့တယ်လို့ Data For Myanmar အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၅ ရွေးကောက်ပွဲက လွတ်လပ်တရားမျှတပြီး ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောဆိုပေမယ့်လည်း ၂၀၁၀ ရွေးကောက်ပွဲတုန်းကလိုပဲ ကြိုတင်မဲတွေ အများအပြားနဲ့ စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ပထမပိုင်းမှာ ပါဝင်တဲ့ မြို့နယ် (၈၁) မြို့နယ်ရဲ့ ရလဒ်တွေကို စိစစ်ချက်အရ မြို့နယ် (၈၀) မှာ ကြံ့ခိုင်ရေးပါတီ တပါတီတည်းရရှိတဲ့ ကြိုတင်မဲက အခြားပါတီအားလုံးပေါင်းတာထက် ပိုမိုများပြားနေတာကို တွေ့ရတယ်လို့ Data For Myanmar ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ စုစုပေါင်းခိုင်လုံမဲ (၂ သန်းကျော်) မှာ ၁၇ ရာခိုင်နှုန်း (၃၄၂,၆၄၂ မဲ) က ကြိုတင်မဲတွေဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

Data For Myanmar ထုတ်ပြန်ချက်ဖတ်ရှုရန် https://tinyurl.com/4jven54e

စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲဟာ ဝေဖန်ပြောဆိုသူတွေကို ရွေးကော်ဥပဒေပြဌန်းပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်ပြီး အများပြည်သူကို ခြိမ်းခြောက်ပြီး လုပ်တဲ့ ရွေးကောက်ပွဲအဖြစ်လည်း ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ရွေးကော်ဥပဒေနဲ့ ဖမ်းဆီးအရေးယူထားသူ ၃၃၅ ဦးထက် မနည်း ရှိခဲ့တယ်လို့ စစ်တပ်ခန့် ရွေးကော်ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ရွေးကောက်ပွဲလုပ်နိုင်ခဲ့ပြီး ဒါက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောဆိုပေမယ့် စစ်တပ်က လုပ်တဲ့ ရွေးကောက်ပွဲဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုယ်စားပြုနိုင်တဲ့ အခြေအနေမရှိခဲ့ဘဲ၊ ၂၀၂၀ အနိုင်ရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ နိုင်ငံရေးပါတီအများအပြား ပါဝင်ခွင့်မရှိအောင် ပိတ်ပင်ကန့်သတ်ထားပြီး လုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကို ဝေဖန်သူတွေကို ဖမ်းဆီးပြီး အများပြည်သူရဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ပြင်းပြင်းထန်ထန်ကန့်သတ်ပိတ်ပင်ထားပြီး လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed