ဇွန် ၁၇ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အရှေ့အလယ်ပိုင်းဒေသတွင်း ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အဆုံးသတ်စေမယ့် အမေရိကန်နဲ့ အီရန်တို့ကြားက သမိုင်းဝင် သဘောတူညီချက်တခုကို လာမည့်သောကြာနေ့ (ဇွန်လ ၁၉ ရက်) မှာ ဆွစ်ဇာလန်နိုင်ငံရှိ ဇိမ်ခံတောင်ပေါ်အပန်းဖြေစခန်းတခုမှာ တရားဝင် လက်မှတ်ရေးထိုးသွားတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နိုင်ငံအပေါ် ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲခဲ့ရာကနေ စတင်ခဲ့တဲ့ လပေါင်းများစွာကြာ ပဋိပက္ခဟာ ဒေသတခုလုံးကို ရိုက်ခတ်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးကိုပါ တုန်လှုပ်စေခဲ့ကာ၊ ပြီးခဲ့တဲ့အပတ်ကမှ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိခဲ့ကြောင်း ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ရဲ့ သဘောတူညီချက်ထဲမှာ လက်ဘနွန်နိုင်ငံတွင်း တိုက်ပွဲတွေ ရပ်တန့်ရေး အချက်အလက်တွေ ပါဝင်တယ်လို့ နှစ်ဖက်အရာရှိတွေက ဆိုထားပေမယ့်၊ အစ္စရေးစစ်တပ်ကတော့ ဗုဒ္ဓဟူးနေ့မှာ လက်ဘနွန်တောင်ပိုင်းက နေရာအတော်များများကို လေကြောင်းကနေ ဆက်လက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က တိုက်ခိုက်မှုမှာလည်း လူ ၄ ဦး သေဆုံးခဲ့ပါတယ်။ စာချုပ်ထဲမှာ အစ္စရေးပါဝင်ခြင်း ရှိ၊ မရှိကို အစ္စရေးခေါင်းဆောင်တွေက နှုတ်ဆိတ်နေဆဲဖြစ်ပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ အစ္စရေးတပ်ဖွဲ့တွေအနေနဲ့ လက်ဘနွန်ထဲမှာ ဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောကြားထားပါတယ်။
အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းတွေအပေါ် နှစ်လကြာ ပြုလုပ်ထားတဲ့ စစ်ရေးအရ ပိတ်ဆို့မှု ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပါတယ်။ ရလဒ်အနေနဲ့ ပိတ်ဆို့ခံထားရတဲ့ ပင်လယ်ကွေ့ဇုန်အတွင်းကနေ အီရန်ရေနံတင်သင်္ဘောတွေ ပြန်လည်ထွက်ခွာခွင့် ရရှိသွားပြီဖြစ်ပြီး၊ ဒါဟာ နှစ်လတာကာလအတွင်း အီရန်ရဲ့ ပထမဆုံးအကြိမ် ရေနံစိမ်း ပြန်လည်တင်ပို့မှုဖြစ်တယ်လို့ TankerTrackers ဝက်ဘ်ဆိုက်က ဆိုပါတယ်။
အရှေ့အလယ်ပိုင်းရဲ့ အဓိက ကမ္ဘာ့ရေနံလမ်းကြောင်းဖြစ်တဲ့ ‘ဟော်မုဇ်ရေလက်ကြား’ ပြန်လည်ပွင့်လင်းလာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေ တဟုန်ထိုး ကျဆင်းသွားပါတယ်။ နိုင်ငံတကာစံနှုန်းဖြစ်တဲ့ Brent ရေနံစိမ်းဈေးဟာ ၃ လတာကာလအတွင်း အနိမ့်ဆုံးအဖြစ် တစည်လျှင် ၇၉ ဒေါ်လာအောက်သို့ လျှောကျသွားပြီး၊ အမေရိကန် WTI ရေနံစိမ်းဈေးဟာလည်း တစည်လျှင် ၇၆ ဒေါ်လာအောက်သို့ ရောက်ရှိသွားပါတယ်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲ ဖာတစ် ဘီရောလ်ကလည်း ကမ္ဘာ့စွမ်းအင်ဈေးနှုန်း အကျပ်အတည်းကို ဖြေရှင်းဖို့ ဟော်မုဇ်ရေလက်ကြားကို အကန့်အသတ်မရှိ ပြန်ဖွင့်ပေးဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ G7 ထိပ်သီးအစည်းအဝေးပွဲအတွင်းမှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အီရန်စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်အကြောင်းကိုပဲ အဓိကဇောင်းပေး ဆွေးနွေးနေကြပါတယ်။ သတင်းထောက်တွေက စာချုပ်စာတမ်း အပြည့်အစုံကို ဘယ်တော့ထုတ်ပြန်မလဲလို့ မေးမြန်းရာမှာတော့ ထရန့်က “ ဒါဟာ တကယ့်ကို အားကောင်းခိုင်မာတဲ့ စာရွက်စာတမ်းတခုပါ။ ကျနော်လည်း အမြန်ဆုံး ထုတ်ပြန်ချင်ပါတယ်၊ မကြာခင် မြင်တွေ့ရမှာပါ” လို့ ဖြေကြားခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်ကြား စေ့စပ်ညှိနှိုင်းမှုဖြစ်မြောက်အောင် ကြားခံကူညီပေးခဲ့တဲ့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) က နောက်ထပ်လာမယ့် ညှိနှိုင်းမှုအပိုင်းတွေဟာ “ ပိုမိုခက်ခဲလာလိမ့်မယ်” လို့ သတိပေးလိုက်ပါတယ်။ ဒါ့အပြင် နောက်ဆုံးပိတ် အတည်ပြုချက်ရဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) အနေနဲ့လည်း ဒီထက်မက ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။
ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သမိုင်းဝင်ငြိမ်းချမ်းရေးစာချုပ်ကို ဆွစ်ဇာလန်နိုင်ငံ Lucerne မြို့အနီးရှိ တောင်ပေါ်အပန်းဖြေစခန်းတခုဖြစ်တဲ့ ဘော်ဂန်စတော့ခ် (Burgenstock resort) မှာ သောကြာနေ့၌ လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။
အီရန်နိုင်ငံဘက်ကတော့ အီရန်ရဲ့ ထိပ်တန်းညှိနှိုင်းရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘတ် (Mohammad Bagher Ghalibaf) တက်ရောက်မှာ ဖြစ်ပြီး အမေရိကန်နိုင်ငံကတော့ ဒုတိယသမ္မတ ဂျေဒီဗန့်စ် (JD Vance) က ဦးဆောင်တက်ရောက်မှာဖြစ်ပြီး၊ သမ္မတ ထရန့်ကိုယ်တိုင်လည်း တက်ရောက်လာနိုင်ခြေ ရှိတယ်လို့ ဗန့်စ်က အရိပ်အမြွက် ပြောကြားထားပါတယ်။
ဒါ့အပြင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရတ်ဂ်ချီ (Abbas Araghchi) ရဲ့ ပြောကြားချက်အရ သောကြာနေ့မှာပဲ စစ်ပွဲအဆုံးသတ်ရေးအပြင် တီဟီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပိတ်ဆို့မှုများ ရုပ်သိမ်းရေး (Sanctions relief) ဆိုင်ရာ နောက်ဆုံးပိတ် သဘောတူညီချက် (Final agreement) အတွက် အမေရိကန်နဲ့ အီရန်တို့ကြား ဆွေးနွေးပွဲအသစ်တွေကို တဆက်တည်း စတင်သွားဖို့ ရှိနေကြောင်း သိရပါတယ်။















