ဇွန် ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ကမ္ဘာတဝန်းက စစ်မက်ဖြစ်ပွားရာ ပဋိပက္ခဇုန်တွေအတွင်း ကလေးသူငယ်တွေအပေါ် အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေမှာ ၂၀၂၅ ခုနှစ်အတွင်း သမိုင်းတလျှောက် စံချိန်တင်အဖြစ် တရားမဝင် လက်နက်ကိုင်အဖွဲ့များထက် ‘အစိုးရစစ်တပ်များနှင့် အစိုးရတပ်ဖွဲ့များ’ က အဓိကဦးဆောင်ပြီး အများဆုံး ကျူးလွန်ခဲ့ကြတယ်လို့ ကုလသမဂ္ဂ (UN) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ အရပ်ဒေသတွေမှာ ကလေးသူငယ်တွေအပေါ် မတရားအလွဲသုံးစားပြုမှု၊ အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၃၈,၅၅၈ ခု ရှိခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြု စိစစ်နိုင်ခဲ့ပြီး၊ အဲဒီအထဲမှာ ကလေးသူငယ်တွေကို သတ်ဖြတ်ခြင်းနဲ့ ကိုယ်လက်အင်္ဂါ မသန်မစွမ်းဖြစ်အောင် ဒဏ်ရာရစေခြင်း ဖြစ်ရပ်တွေက အများဆုံး ဖြစ်ပါတယ်။
ကုလသမဂ္ဂက ကလေးသူငယ်အခွင့်အရေး စောင့်ကြည့်လေ့လာမှု စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ အစိုးရတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုအရေအတွက်ဟာ လက်နက်ကိုင်အဖွဲ့များထက် ပထမဆုံးအကြိမ် ပိုမိုများပြားလာခဲ့တာ ဖြစ်ပါတယ်။ “ ၂၀၂၅ ခုနှစ်ဟာ စောင့်ကြည့်လေ့လာမှု သမိုင်းတလျှောက် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အပိုင်းမှာတော့ သံသယဖြစ်စရာမလိုဘဲ အမှောင်မိုက်ဆုံး အခန်းကဏ္ဍတခု ဖြစ်ခဲ့ပါတယ်” လို့ ကုလသမဂ္ဂ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် (CAAC) ဗန်နက်ဆာ ဖရေဇီယာ (Vanessa Frazier) က ဆိုပါတယ်။
အစီရင်ခံစာအရ ကမ္ဘာပေါ်မှာ ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှု အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ဒေသတွေကတော့ အစ္စရေးနှင့် ပါလက်စတိုင်းနယ်မြေဖြစ်ပြီး စုစုပေါင်း ချိုးဖောက်မှု ၁၂,၄၄၅ ခုဖြင့် ကမ္ဘာ့အမြင့်ဆုံး ဖြစ်ကာ ၊ အဲဒီအထဲက အများစုဖြစ်တဲ့ ၉,၄၆၅ ခုကို အစ္စရေးလက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရက်တစ် ကွန်ဂိုသမ္မတနိုင်ငံ (DR Congo) မှာတော့ စုစုပေါင်း ၄,၁၁၄ ခု ၊ နိုင်ဂျီးရီးယားနိုင်ငံ မှာ စုစုပေါင်း ၂,၅၆၀ ခု ၊ မြန်မာနိုင်ငံ မှာ စုစုပေါင်း ၂,၂၀၃ ခု ဖြင့် ကမ္ဘာ့စတုတ္ထမြောက် အဆိုးရွားဆုံးစာရင်းမှာ ပါဝင်နေပါတယ်။
ယူကရိန်းနိုင်ငံမှာလည်း ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၉၄ ဦး သေဆုံးပြီး ၇၅၃ ဦး ဒဏ်ရာရရှိခဲ့မှု အပါအဝင် စုစုပေါင်း ကြီးလေးသောချိုးဖောက်မှု ၁,၈၉၉ ခု ရှိခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြုထားပါတယ်။ ယခုအခါ အစ္စရေးနှင့် ရုရှားစစ်တပ် နှစ်ခုလုံးကို ကုလသမဂ္ဂရဲ့ အရှက်ရဖွယ်ရာ ကျူးလွန်သူများစာရင်း တွင် သတ်မှတ်ထည့်သွင်းထားပါတယ်။
ယခုနှစ် အစီရင်ခံစာရဲ့ ထူးခြားချက်အနေနဲ့ စစ်လက်နက်ပစ္စည်း စနစ်တွေထဲမှာAI နည်းပညာ ကို ထည့်သွင်းအသုံးပြုလာကြတာဟာ ကလေးသူငယ်တွေအပေါ် ထိခိုက်ပျက်စီးမှု ပမာဏကို တဟုန်ထိုး မြင့်တက်လာစေတဲ့ အဓိကအကြောင်းရင်းတခု ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။ လူသားတွေရဲ့ ထိန်းချုပ်ကြီးကြပ်မှု အကန့်အသတ်သာရှိတဲ့ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ အဝေးထိန်းစနစ်သုံး စစ်ဆင်ရေးတွေကြောင့် ကလေးငယ်အများအပြား ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
“ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ အစိုးရနိုင်ငံတွေကပဲ သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကို ပိုမိုတိုးပွားအောင် လုပ်ဆောင်နေကြတာဟာ နိုင်ငံတကာဥပဒေအပေါ် လေးစားလိုက်နာမှု အကြီးအကျယ် ပျက်စီးယိုယွင်းလာနေတာကို ပြသနေတာ ဖြစ်ပါတယ်” လို့ ဗန်နက်ဆာ ဖရေဇီယာ က သတိပေးပြောကြားခဲ့ပါတယ်။
ယခုနှစ်အတွင်း ကလေးသူငယ် ချိုးဖောက်မှု စုစုပေါင်းပမာဏဟာ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးစံချိန် ဖြစ်လာပြီး၊ သေဆုံးရသူများထဲတွင် သုံးပုံတပုံမှာ မိန်းကလေးငယ်များ ဖြစ်ကြပါတယ်။ ကလေးသူငယ် သတ်ဖြတ်ခံရမှုဟာ ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၃၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး၊ အင်္ဂါရပ်မသန်စွမ်းဖြစ်ရမှု ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ အခြားအတည်ပြုထားတဲ့ ချိုးဖောက်မှုတွေထဲမှာ ကလေးစစ်သားစုဆောင်းခြင်း၊ ပြန်ပေးဆွဲခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို တိုက်ခိုက်ခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီခွင့်များကို ပိတ်ပင်တားဆီးခြင်းတို့ ပါဝင်နေကြောင်း သိရပါတယ်။















