ဇွန် ၁၈ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ထိုင်ဝမ်ကျွန်းအနေနဲ့ တရုတ်နိုင်ငံနဲ့ ပေါင်းစည်းရေးကို ပြတ်ပြတ်သားသား ငြင်းပယ်ထားကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ် (Lai Ching-te) က ထပ်လောင်းပြောကြားလိုက်ကာ၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ လက်နက်အရောင်းအဝယ် အစီအစဉ်ကို အမေရိကန်အစိုးရက အမြန်ဆုံးအတည်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ယနေ့ ကြာသပတေးနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ စစ်ရေးအရ တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့အတွက် အမေရိကန်ရဲ့ စစ်ရေးကူညီပံ့ပိုးမှုအပေါ် အဓိက မှီခိုနေရတာဖြစ်ပြီး၊ ဝါရှင်တန်ဘက်ကလည်း ထိုင်ဝမ်အနေနဲ့ ကာကွယ်ရေးအသုံးစရိတ် ပိုမိုတိုးမြှင့်ဖို့ ဖိအားပေးထားတာ ဖြစ်ပါတယ်။
သို့သော်လည်း အမေရိကန်ရဲ့ ထိုင်ဝမ်ထံ လက်နက်ရောင်းချမှုတွေဟာ ဝါရှင်တန်နဲ့ ပေကျင်းကြားက သံတမန်ရေးဆက်ဆံရေးကို ပိုမိုရှုပ်ထွေးစေလေ့ရှိပြီး တရုတ်အစိုးရကလည်း ဒါကို အစဉ်တစိုက် ကန့်ကွက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က အဆိုပါ ဒေါ်လာ ၁၄ ဘီလီယံတန် လက်နက်ရောင်းချရေး သဘောတူညီချက်ဟာ “ ပြန်လည်သုံးသပ်ဆဲ” အဆင့်မှာပဲ ရှိသေးကြောင်း ပြောကြားခဲ့ဖူးပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ သူဟာ အဆိုပါ လက်နက်ဝယ်ယူခွင့်အပေါ် “ မျှော်လင့်ချက်အပြည့် ရှိနေဆဲပဲ” ဟု ဆိုကာ “ ဒီလက်နက်ဝယ်ယူမှုတွေကို အမြန်ဆုံး အတည်ပြုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
“ ထိုင်ဝမ်အနေနဲ့ ကိုယ့်အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့၊ ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ လူနေမှုဘဝပုံစံကို ထိန်းသိမ်းဖို့နဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အုပ်ချုပ်မှုအောက်က ပေါင်းစည်းရေးကို ငြင်းပယ်ဖို့ ကြိုးပမ်းနေတာတွေကို တရုတ်အပေါ် ရန်စတာမျိုး ဒါမှမဟုတ် ဒေသတွင်းမှာ ပြဿနာရှာသူအဖြစ် မရှုမြင်သင့်ပါဘူး” ဟု သမ္မတ လိုင်က ထိုင်ပေမြို့ရှိ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ သံတမန်ရေးအရ တရုတ်တနိုင်ငံတည်းမူဝါဒကိုသာ တရားဝင်အသိအမှတ်ပြုထားသော်လည်း၊ ပြည်တွင်းဥပဒေ (Taiwan Relations Act) အရ ထိုင်ဝမ်ကျွန်းကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မယ့် လက်နက်ပစ္စည်းများ ပံ့ပိုးပေးရန် တာဝန်ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန်အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ အမေရိကန်စစ်တပ်အနေနဲ့ အီရန်နိုင်ငံတွင်း စစ်ဆင်ရေးတွေအတွက် ခဲယမ်းမီးကျောက် လုံလောက်မှု ရှိ၊ မရှိ သေချာစေရန် ထိုင်ဝမ်သို့ ရောင်းချမည့် ကြီးမားသော လက်နက်ပက်ကေ့ဂျ်ကို ပြန်လည်စိစစ်နေရခြင်းဖြစ်ကြောင်း သိရပါတယ်။
သမ္မတ လိုင်ချင်းတယ်ရဲ့ အစိုးရအဖွဲ့ဟာ ယခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် စုစုပေါင်းကို တိုင်းပြည် GDP ရဲ့ ၃ ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်သွားမယ်လို့ ကတိပြုထားပြီး၊ အမေရိကန်ထုတ် လက်နက်တွေအပြင် ထိုင်ဝမ်မှာပဲ ထုတ်လုပ်တဲ့ ဒရုန်းများနှင့် အခြားစစ်လက်နက်ပစ္စည်းများ ဝယ်ယူဖို့အတွက် ထိုင်ဝမ်ဒေါ်လာ ၁.၂၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ခန့်) အသုံးပြုရန် အဆိုပြုထားတာ ဖြစ်ပါတယ်။
သို့သော်လည်း ထိုင်ဝမ်လွှတ်တော်အတွင်းမှာတော့ ကာကွယ်ရေးစွမ်းရည်မြှင့်တင်ဖို့ အသုံးစရိတ် မည်မျှအထိ သုံးစွဲသင့်သည်ဆိုတာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေကြား သဘောထားကွဲလွဲမှုများ ရှိနေပါတယ်။ လွှတ်တော်တွင်း အများစုနေရာကို စိုးမိုးထားတဲ့ အတိုက်အခံပါတီတွေဟာ ပြီးခဲ့တဲ့လက သမ္မတလိုင်ရဲ့ အာဏာရပါတီက တင်ပြထားတဲ့ အထူးကာကွယ်ရေးဘတ်ဂျက်ကို သုံးပုံတပုံခန့် ဖြတ်တောက်ပြီး အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံတန်ဖိုးရှိ ဘတ်ဂျက်ကိုသာ အတည်ပြု ပေးခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်းကို မိမိတို့ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံးသိမ်းပိုက်ဖို့အထိပါ ကြုံးဝါးထားတဲ့ တရုတ်နိုင်ငံကတော့ အမေရိကန်ရဲ့ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုတွေနဲ့ တရားဝင် သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှုမှန်သမျှကို အမြဲတမ်း ပြင်းပြင်းထန်ထန် ကန့်ကွက်လျက် ရှိနေပါတယ်။















