ဇွန် ၁၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမေရိကန်နိုင်ငံသားဖြစ်ပြီး မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ကို တည်ထောင်သူ ဦးမင်းဇင်ကို တရုတ်အစိုးရက ‘သူလျှိုလုပ်မှု၊ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမှု’ တွေနဲ့ စွပ်စွဲဖမ်းဆီးထားတာအပေါ် ARTICLE 19 အဖွဲ့က ပြင်းထန်စွာ စိုးရိမ်ပူပန်ကြောင်း ဖေါ်ပြလိုက်ပြီး သူ့ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
တရုတ်ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းတခုရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့တဲ့ ဦးမင်းဇင်ဟာ ဇွန်လ ၃ ရက်နေ့က ယူနန်ပြည်နယ် လေဆိပ်ကို အရောက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ကူမင်းမြို့မှာ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ကာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ဦးမင်းဇင် ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့ သံတမန်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သတင်းထောက်တွေကို ပြောပြပြီးနောက်ပိုင်း ဇွန်လ ၁၂ ရက်နေ့ကျမှ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးမင်းဇင်ကို ဖမ်းဆီးထားကြောင်း လူသိရှင်ကြား အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီဖမ်းဆီးမှုဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံကို မလာရောက်မီ သီတင်းပတ်အနည်းငယ်အလိုမှာ ဖြစ်ပွားခဲ့တာပါ။ ISP-Myanmar ဟာ တရုတ်-မြန်မာဆက်ဆံရေး၊ သယံဇာတထုတ်ယူမှု၊ နယ်စပ်ကုန်သွယ်ရေးနဲ့ စစ်ကောင်စီအပေါ် တရုတ်ရဲ့ ထောက်ပံ့မှုတွေကို သုတေသနပြုလုပ်နေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် လွတ်လပ်တဲ့ သုတေသနပညာရှင်တဦးကို နှုတ်ပိတ်ဖို့ ဘေဂျင်းအစိုးရက နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ARTICLE 19 က ထောက်ပြထားပါတယ်။
ဦးမင်းဇင်ဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံမှာ ကျောင်းသားခေါင်းဆောင်တဦးဖြစ်ခဲ့ပြီး၊ နောက်ပိုင်းမှာ ထိုင်းနဲ့ အမေရိကန်နိုင်ငံတွေဆီ တိမ်းရှောင်ကာ နိုင်ငံရေးသိပ္ပံပါရဂူဘွဲ့ကို ရယူခဲ့သူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး ISP-Myanmar ကို တည်ထောင်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံဘက်ကို ရွှေ့ပြောင်းကာ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်က ပြင်ဆင်လိုက်တဲ့ သူလျှိုတိုက်ဖျက်ရေးဥပဒေ (Counter-Espionage Law) ရဲ့ ဝေဝါးတဲ့ ပုဒ်မတွေကို အသုံးချပြီး သတင်းထောက်တွေ၊ ပညာရှင်တွေနဲ့ နိုင်ငံခြားသားတွေကို မတရားဖမ်းဆီးလေ့ရှိကြောင်း၊ ယခင်ကလည်း ကနေဒါနိုင်ငံသား မိုက်ကယ်ကောဗရစ်နဲ့ မိုက်ကယ်စပါဗောတို့ကို ဖမ်းဆီးကာ ‘ဓားစာခံသံတမန်ရေး’ (Hostage diplomacy) အဖြစ် အသုံးချခဲ့ဖူးကြောင်း ARTICLE 19 ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
လက်ရှိမှာ ဦးမင်းဇင်ဟာ အမေရိကန်သံရုံးအရာရှိတွေနဲ့ တွေ့ဆုံခွင့် ရရှိထားပေမယ့် ၎င်းကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ယခုဖမ်းဆီးမှုကို ‘မတရားဖမ်းဆီးထိန်းသိမ်းမှု’ (Wrongful detention) အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ ARTICLE 19 က တောင်းဆိုထားပါတယ်။
အဲ့ဒီလို သတ်မှတ်လိုက်ရင် အမှုတွဲဟာ ဓားစာခံရေးရာဆိုင်ရာ အထူးသမ္မတကိုယ်စားလှယ် (SPEHA) ရဲ့ လုပ်ပိုင်ခွင့်အောက်ကို ရောက်ရှိသွားမှာဖြစ်ပြီး၊ တရုတ်အဆင့်မြင့်အရာရှိတွေနဲ့ ဆွေးနွေးကာ ဦးမင်းဇင် အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ပိုမိုထိရောက်တဲ့ တွန်းအားဖြစ်လာနိုင်မယ်လို့ သိရပါတယ်။















