ဇွန် ၁၉ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက လက်ရှိစစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ဖို့ အကြမ်းမဖက်တော်လှန်ရေးနည်း တခုတည်းနဲ့ မလုံလောက်တော့ဘဲ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် အနုနည်းရော အကြမ်းနည်းပါ ပေါင်းစပ်ပြီး မဖြစ်ဖြစ်အောင် တော်လှန်ချေမှုန်းရမယ်လို့ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။
“ ကျွန်တော်တို့အနေနဲ့ နွေဦးတော်လှန်ရေးကို နိုင်ငံရေးနည်း၊ လူထုနည်း တွေအပါအဝင် လက်နက်ကိုင်တော်လှန်ရေးနည်း တွေနဲ့ ဖြတ်သန်းနေရတာဟာ လိုအပ်လို့ လုပ်နေရတာပဲဖြစ်ပါတယ်။ လက်ရှိ စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ဖို့အတွက် အကြမ်းမဖက်တော်လှန်ရေးနည်း တစ်ခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ ယူဆနိုင် ပါတယ်။ ယခင်စစ်အစိုးရတွေထက် လက်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်တွေက ပိုပြီး ညစ်ထေး ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖို့အတွက် အနုနည်းရော / အကြမ်းနည်းရော ပေါင်းစပ်ပြီး၊ မဖြစ်,ဖြစ်အောင် တော်လှန်ချေမှုန်းနေကြရတာပဲ ဖြစ်ပါတယ်။” လို့ NUG ယာယီသမ္မတက မွေးနေ့ဆုတောင်းစကားမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
အခုလို မွေးနေ့ရှင်မပါဘဲ မွေးနေ့ပွဲကျင်းပခဲ့ရတာဟာ ၅ နှစ်တိတိ ရှိသွားပြီဖြစ်ပြီး၊ ဒီ ၅ နှစ်တာကာလဟာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ခက်ခဲတဲ့ နှစ်တွေဖြစ်ခဲ့သလို တိုင်းပြည်နဲ့ ပြည်သူလူထုအတွက်လည်း အခက်ခဲဆုံးနဲ့ အကြမ်းတမ်းဆုံး နှစ်ကာလတွေ ဖြစ်ခဲ့တယ်လို့ ယာယီသမ္မတက ဆိုပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်မှု၊ တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ကြောက်ရွံ့မှုကနေ လွတ်ကင်းမှု စတဲ့ နိုင်ငံရေးစံတန်ဖိုးတွေကို မွေးမြူတည်ဆောက်ပေးခဲ့သလို၊ “ အာဏာဟာ ပြည်သူ့ထံက ဆင်းသက်ရမယ်” ဆိုတဲ့ ဒီမိုကရေစီအယူအဆတွေကို အမြဲရှေ့ဆောင်ခဲ့သူဖြစ်တယ်လို့ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချထားတာဟာ နိုင်ငံတော်လုပ်ကြံမှုမြောက်ပြီး တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို စစ်ဖိနပ်နဲ့ နင်းခြေပြလိုက်တာဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးကို လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းတွေနဲ့ ဖြတ်သန်းနေရတာဟာ လိုအပ်လို့ လုပ်ဆောင်နေရတာဖြစ်ပြီး၊ ယခင်စစ်အစိုးရတွေထက် လက်ရှိအကြမ်းဖက်စစ်ခေါင်းဆောင်တွေက ပိုပြီးညစ်ထေးတာကြောင့် အနုအကြမ်းနည်းလမ်းတွေကို ပေါင်းစပ်ကာ တော်လှန်နေရတာဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ရှင်းလင်းပြောကြားပါတယ်။ စစ်အာဏာရှင်တွေဟာ ပြည်သူလူထုအင်အားကို ကြောက်ရွံ့တာကြောင့် ပြည်သူ့အင်အားကို စုစည်းပေးနိုင်စွမ်းတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပိတ်လှောင်အကျဉ်းချထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ NUG အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးနဲ့ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လည်အပ်နှံရေးအတွက် အဘက်ဘက်က ကြိုးပမ်းနေပြီး၊ လာမယ့်နှစ်မှာ မွေးနေ့ရှင်မပါဝင်နိုင်တဲ့ မွေးနေ့ပွဲမျိုး ထပ်မံမဖြစ်စေလိုတော့ဘဲ ပြည်သူနဲ့ နွေးနွေးထွေးထွေး ပြန်လည်ဆုံစည်းနိုင်ဖို့ ဆုတောင်းမျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။













