BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မယိုင်မလဲ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးကြမ်း

ဆောင်းပါး | Burma Independent Voice မြန်မာနိုင်ငံရဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်ရင် ဒီမိုကရေစီရေးအတွက် အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ရတဲ့ ရှည်လျားလှတဲ့ ခရီးကြမ်းတခု ဖြစ်တာကို တွေ့ရမှာပါ။ ဒီနေ့အချိန်ထိလည်း စစ်အာဏာရှင်ချုပ်ငြိမ်းရေး ခရီးကြမ်းက မပြီးဆုံးသေးပါဘူး။ အဲ့ဒီခရီးကြမ်းရဲ့ ဗဟိုချက်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလျော့မပေး၊ မယိုင်မလဲဘဲ ကြံ့ကြံ့ခံရပ်တည်ခဲ့တဲ့ ဘဝဖြတ်သန်းမှုက ထင်ထင်ရှားရှား ရှိနေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေဟာ သူမအတွက်တင်မကဘဲ၊ တနိုင်ငံလုံးအတွက်ပါ ပိုပြီးခါးသီးတဲ့ နိုင်ငံရေးလှိုင်းတံပိုးတွေကို သယ်ဆောင်လာခဲ့ပါတယ်။ လူထုခေါင်းဆောင်တဦးရဲ့ မယိုင်လဲတဲ့ ရပ်တည်ချက်၊ ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ပတ်သက်လာရင် မပြောင်းလဲတဲ့ ယုံကြည်ချက်တွေဟာ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေအတွက် စံနမူနာတွေအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာတဲ့…

ဆောင်းပါး | Burma Independent Voice

မြန်မာနိုင်ငံရဲ့ ခေတ်သစ်နိုင်ငံရေးသမိုင်းကြောင်းကို ပြန်ကြည့်ရင် ဒီမိုကရေစီရေးအတွက် အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ရတဲ့ ရှည်လျားလှတဲ့ ခရီးကြမ်းတခု ဖြစ်တာကို တွေ့ရမှာပါ။ ဒီနေ့အချိန်ထိလည်း စစ်အာဏာရှင်ချုပ်ငြိမ်းရေး ခရီးကြမ်းက မပြီးဆုံးသေးပါဘူး။

အဲ့ဒီခရီးကြမ်းရဲ့ ဗဟိုချက်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလျော့မပေး၊ မယိုင်မလဲဘဲ ကြံ့ကြံ့ခံရပ်တည်ခဲ့တဲ့ ဘဝဖြတ်သန်းမှုက ထင်ထင်ရှားရှား ရှိနေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေဟာ သူမအတွက်တင်မကဘဲ၊ တနိုင်ငံလုံးအတွက်ပါ ပိုပြီးခါးသီးတဲ့ နိုင်ငံရေးလှိုင်းတံပိုးတွေကို သယ်ဆောင်လာခဲ့ပါတယ်။

လူထုခေါင်းဆောင်တဦးရဲ့ မယိုင်လဲတဲ့ ရပ်တည်ချက်၊ ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ပတ်သက်လာရင် မပြောင်းလဲတဲ့ ယုံကြည်ချက်တွေဟာ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေအတွက် စံနမူနာတွေအဖြစ် ဆက်လက်တည်ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို နားလည်ဖို့ သူမရဲ့ ငယ်စဉ်ဘဝနဲ့ လူလားမြောက်တဲ့ ကာလတွေကိုလည်း လေ့လာဖို့ လိုပါတယ်။ သူမ အသက် ၂ နှစ်အရွယ်မှာတင် ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပေမယ့် ဖခင်ရဲ့ နိုင်ငံ့အကျိုးသယ်ပိုးလိုစိတ်က သူမရဲ့ သွေးထဲမှာ ကိန်းအောင်းနေခဲ့ပုံရပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Lady Shri Ram အမျိုးသမီးကောလိပ်မှာ နိုင်ငံရေးသိပ္ပံ လေ့လာခဲ့ပြီးနောက်၊ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟျူးစ်ကောလိပ်မှာ ဒဿနိကဗေဒ、 နိုင်ငံရေးသိပ္ပံနဲ့ စီးပွားရေးပညာ (PPE) ဘာသာရပ်ကို တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီတက္ကသိုလ်ရဲ့ သဘောထားကြီးပြီး ခွဲခြားဆက်ဆံမှုမရှိတဲ့ လေထု၊ တန်းတူညီမျှမှုရှိတဲ့ ဝန်းကျင်တွေဟာ သူမရဲ့စိတ်ထဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေခံစံနှုန်းတွေကို ခိုင်မာစွာ အမြစ်တွယ်စေခဲ့ပါတယ်။

အနောက်ကမ္ဘာမှာ မိသားစုနဲ့အတူ ဘ၀ကို ဖြတ်သန်းနေထိုင်စဉ်အတွင်းမှာလည်း ဗမာပြည်ကို မေ့လျော့မနေခဲ့ပါဘူး။ ဗမာပြည်သူပြည်သားတွေက တောင်းဆိုလာရင် မိမိအနေနဲ့ နိုင်ငံကို အလုပ်အကျွေးပြုဖို့ ပြန်သွားရမှာဖြစ်ကြောင်း မင်္ဂလာမဆောင်ခင်ကတည်းက ခင်ပွန်းဖြစ်သူ ဒေါက်တာအဲရစ်ထံ အတိအလင်း အသိပေးခဲ့တာပါ။

၁၉၈၈ ခုနှစ်မှာ မိခင်ဖြစ်သူ လေဖြတ်တဲ့ဝေဒနာ ပြင်းထန်စွာခံစားရလို့ ပြန်လာခဲ့ရာကနေ မြန်မာ့နိုင်ငံရေးရေစီးကြောင်းထဲကို တရားဝင် ရောက်ရှိခဲ့ပါတယ်။ “ ရှစ်လေးလုံး” ဒီမိုကရေစီအရေးတော်ပုံကြီးမှာ အကြမ်းမဖက်လှုပ်ရှားမှု အခြေခံမူတွေကို အခြေခံပြီး ရွှေတိဂုံစေတီတော်မှာ လူဦးရေ ငါးသိန်းခန့်ကို ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာဆန္ဒပြဖို့ ဆော်ဩခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက သူမဟာ ပြည်သူတွေနဲ့ အတူရပ်တည်ပြီး ဒီမိုကရေစီရေးအတွက် စစ်အာဏာရှင်တွေကို ဆန့်ကျင်အံတုခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းချိန်မှာ သူမဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တည်ထောင်ခဲ့ပြီး တစ်နိုင်ငံလုံးကို နယ်လှည့်စည်းရုံးခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်ကစပြီး သူမဟာ စုစုပေါင်း ၁၅ နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ် နဲ့ ဖြတ်သန်းခဲ့ရပါတယ်။ နိုင်ငံတကာက သူမရဲ့ ဒီမိုကရေစီတိုက်ပွဲဝင်မှုကို အသိအမှတ်ပြုပြီး ဆာခါရော့ဗ်ဆုနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု တွေ ချီးမြှင့်ခဲ့ပေမယ့်

စစ်အစိုးရရဲ့ တုံ့ပြန်မှုကတော့ သူမအပေါ်ထားရှိတဲ့ ထိန်းသိမ်းမှုသက်တမ်းကို ဆက်တိုက်တိုးမြှင့်တာပဲ ဖြစ်ပါတယ်။

သူမရဲ့ ကျော်ကြားလှတဲ့ “ Freedom from Fear” စာအုပ်ထဲက အတွေးအခေါ်တွေဟာ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကို တွန်းလှန်ဖို့ ပြည်သူတွေအတွက် အကြီးမားဆုံး လက်နက်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အာဏာနဲ့ အကြောက်တရားရဲ့ သဘောသဘာဝကို သူမက နက်နက်နဲနဲ ဆန်းစစ်ပြခဲ့ပါတယ်။

“ အာဏာသည် လူကို ပျက်စီးစေသည်မဟုတ်၊ အာဏာကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့ခြင်းကသာ အာဏာရှိသူကို ပျက်စီးစေခြင်း ဖြစ်သည်။ အလားတူပင် အာဏာစက်၏ ဒဏ်ကို ကြောက်ရွံ့ခြင်းကလည်း အာဏာအောက်က လူတွေကို ပျက်စီးစေသည်”

လွတ်မြောက်လာတဲ့ ကြားကာလတွေမှာလည်း သူမဟာ စစ်တပ်ရဲ့ လက်နက်အင်အားထက် ပြည်သူ့အင်အားကိုသာ အမြဲတစေ ရှေ့တန်းတင် ယုံကြည်ခဲ့သူဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးလမ်းဟာ အချုပ်အနှောင်တွေတင်မကဘဲ စစ်တပ်နဲ့ သူ့ရဲ့လက်ပါးစေတွေရဲ့ အသက်အန္တရာယ် လုပ်ကြံမှုတွေအထိပါ ပြည့်နှက်နေခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ် ဧပြီလအတွင်း ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် နယ်လှည့်စည်းရုံးရေးခရီးစဉ်မှာ စစ်တပ်က သူမကို သေနတ်နဲ့ပစ်ဖို့ ချိန်ရွယ်ခဲ့တဲ့ “ ဓနုဖြူဖြစ်စဉ်” ဟာ သူမရဲ့ မကြောက်မရွံ့ဘဲ သေနတ်ပြောင်းဝကို ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ သတ္တိကို ပြည်သူတွေ မြင်တွေ့ခဲ့ရတဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်ပါတယ်။

အဆိုးရွားဆုံးဖြစ်စဉ်ကတော့ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ “ ဒီပဲယင်းအရေးအခင်း” ပဲ ဖြစ်ပါတယ်။ စစ်အစိုးရကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးနဲ့ စွမ်းအားရှင် အစွန်းရောက်တွေဟာ ဒီပဲယင်းမြို့အနီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့်ယာဉ်တန်းကို ရက်ရက်စက်စက် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြပါတယ်။ အဲ့ဒီလုပ်ကြံမှုကြောင့် သူမရဲ့ အနီးကပ်နောက်လိုက်တွေနဲ့ အပြစ်မဲ့ပြည်သူ အမြောက်အမြား သွေးမြေကျ သေဆုံးခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့ရပါတယ်။

ဒီလို ရုပ်ပိုင်းဆိုင်ရာ ပြင်းထန်တဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုတွေ ကြုံခဲ့ရပေမယ့် သူမဟာ ပြည်သူတွေကို အမုန်းတရားနဲ့ လက်တုံ့ပြန်တာတွေ မလုပ်ဆောင်ဖို့ကိုသာ ပြောဆိုခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် တရားဝင်ဆွဲတင်နိုင်ဖို့ လွှတ်တော်မန်နိုင်ငံရေးအတွင်း ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး အဲ့ဒီအခါက မြန်မာဒီမိုကရေစီရေး အပြောင်းအလဲအတွက် သူမရဲ့ အခန်းကဏ္ဍနဲ့ ဖြည့်စည်းပေးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိပြီး အရပ်သားအစိုးရအဖွဲ့ကို ဦးဆောင်ခွင့် ရရှိခဲ့ပါတယ်။

ဒါပေမယ့် လည်း စစ်တပ်က အသားစီရယူဖို့ ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တင်းကျပ်လှတဲ့ ကန့်သတ်ချက်တွေ၊ အထူးသဖြင့် စစ်တပ်အတွက် အမတ်နေရာ ၂၅ ရာခိုင်နှုန်းနဲ့ အရေးကြီးဝန်ကြီးဌာနတွေကို သီးသန့်ဖယ်ချန်ထားတဲ့ စနစ်အောက်မှာ သူမရဲ့ အရပ်သားအစိုးရအဖွဲ့ဟာ ကြီးကြီးမားမား ရုန်းကန်ခဲ့ရပါတယ်။ အထူးသဖြင့် စစ်တပ်က ကိုင်တွယ်တဲ့ ရခိုင်ပြည်နယ်အတွင်းမှ ရိုဟင်ဂျာပဋိပက္ခတွေလို လူမျိုးစုရေးရာ အကျပ်အတည်းတွေဟာ သူမရဲ့ ဒီမိုကရေစီခရီးလမ်းအတွက် အကြီးမားဆုံး စမ်းသပ်ချက်တခု ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတကာမျက်နှာစာမှာ စစ်တပ်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တရားဥပဒေစိုးမိုးရေး ဘောင်အောက်ကနေ ကာကွယ်ပြောဆိုခဲ့ရတဲ့အတွက် သူမရဲ့ ကမ္ဘာ့ပုံရိပ် ညှိုးနွမ်းစေဖို့ စစ်တပ်က ဒါကို နိုင်ငံရေးလက်နက်တခုလို အသုံးချခဲ့ပါတယ်။ စစ်တပ်ဟာ သူတို့ရဲ့ စီးပွားရေးအင်ပါယာကြီးတွေနဲ့ အာဏာစက်ကို မလွှတ်တမ်း ဆုပ်ကိုင်ထားရင်း ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အကျပ်အတည်းတွေ တွေ့အောင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီလို အကျပ်အတည်းတွေ ရင်ဆိုင်နေရချိန်မှာလည်း သူမဟာ ပြည်သူတွေ စိတ်ဓာတ်မကျစေဖို့ မိန့်ခွန်းတွေထဲမှာ အမြဲတစေ သတိပေး ထည့်သွင်းပြောကြားလေ့ရှိပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း NLD ပါတီက ထပ်မံပြီး မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီရွေးကောက်ပွဲအပြီးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က သူ့ကို သမ္မတရာထူးပေးဖို့ ၃ ကြိမ်ထက်မနည်း တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ရွေးချယ်ခွင့်ဖြစ်တဲ့ သမ္မတရွေးချယ်မှုကို သူမတဦးတည်းရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်ခေါင်းဆောင်တယောက်ကို လွှဲပြောင်းပေးအပ်ဖို့ မဆုံးဖြတ်ခဲ့ပါဘူး။

ဒါဟာ ဒီမိုကရေစီရဲ့ အခြေခံစံတန်ဖိုးတွေကို မချိုးဖျက်ဖို့နဲ့ ပြည်သူတွေရဲ့ ဆန္ဒမဲကို မဆန့်ကျင်ဘဲ လေးစားလိုက်နာတဲ့ သူမရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို ပြသလိုက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ပြည်သူက ပေးအပ်လိုက်တဲ့ မဲပြားတွေဟာ စစ်တပ်နဲ့ အပေးအယူအလျော့အတင်းလုပ်ဖို့ နိုင်ငံရေးအသုံးချခံမဟုတ်ဘူးဆိုတာကို ပြသခဲ့တာပဲဖြစ်ပါတယ်။

အာဏာကို မက်မောပြီး စစ်တပ်နဲ့ အပေးအယူလုပ်မယ့်အစား၊ သူမဟာ စစ်တပ်ရဲ့ ထောင်သွင်းအကျဉ်းချခြင်းကိုသာ သက်သက်သာသာ ခံယူခဲ့ပါတယ်။ ဒါဟာ သူမဘဝတလျှောက်လုံး ကျင့်သုံးခဲ့တဲ့ အကြမ်းမဖက်နိုင်ငံရေးလမ်းစဉ် ကို ယနေ့အချိန်ထိ လက်တွေ့ကျကျ ဘယ်လောက်အထိ ခိုင်မာစွာ ရပ်တည်ကျင့်သုံးနေလဲဆိုတာ သက်သေပြနေတာပဲ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဏာရမက်ကြီးမားသလို၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း အငုံ့စိတ်ကြီးမားသူဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ သူဆရာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေလက်ထက်ကထက်တောင် ပိုမိုဆိုးရွားတဲ့ လုပ်ရပ်မျိုးကို ဒေါ်အောင်ဆန်းစုကြည်အပေါ် ကျူးလွန်ခဲ့ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်သွင်းအကျဉ်းချထားရုံတင်မကပါဘူး။ လူထုခေါင်းဆောင်နဲ့ ပတ်သက်တဲ့အရာအားလုံးကို သတင်းအမှောင်ချထားခဲ့ပါတယ်။ ပြည်သူလူထုအနေနဲ့ သူတို့ချစ်မြတ်နိုးရတဲ့ ခေါင်းစဉ် သက်ရှိထင်ရှားရှိနေသေးရဲ့လားဆိုတာကို မသိနိုင်လောက်အထိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒါဟာ တဖက်က ပြန်တွေးရင် ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ လူထုရဲ့ ချစ်မြတ်နိုးမှု၊ အားကိုးယုံကြည်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ဟာ ပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေးစိတ်ဆန္ဒတွေကို နိုးကြားတက်ကြွစေနိုင်တာကို သိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အကြောက်တရားလို့လည်း ပြောလို့ရပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်တွေထဲမှာ မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြီးတိုင်ဖယ်ထုတ်လိုက်ဖို့ ဆိုတာကိုလည်း ရှင်းရှင်းလင်း မြင်တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ဘယ်တော့မှ မဖြစ်နိုင်တဲ့ အရာတခုပါ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ဒီအချိန်ထိ ပြည်သူလူထုတရပ်လုံးရဲ့ နှလုံးသားထဲမှာ ဒေါ်အောင်ဆန်းစုဟာ သူတို့ ရဲ့ ခေါင်းဆောင်အဖြစ် အခိုင်အမာရှိနေတာကြောင့်ဖြစ်ပါတယ်။ ဒါကို ဘယ်လို အာဏာတွေနဲ့မှ၊ ဘယ်လိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေကမှ ဖယ်ရှားပစ်လို့ မရနိုင်ပါဘူး။ ဒီကနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးက ဖယ်ရှားလိုက်ချင်ကြတဲ့သူတွေထဲမှာ စစ်အုပ်စုတခုတည်းတော့မဟုတ်ပါဘူး။ စစ်အာဏာရှင်ကို ဆန့်ကျင်နေသူတွေထဲမှာလည်း မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မှေးမှိန်သွားစေလိုတာ၊ ဖယ်ရှားလိုတဲ့ ဆန္ဒရှိသူတွေလည်း ရှိလာကြပါတယ်။ တချို့က ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်တာကြောင့် နိုင်ငံရေးကနေ အေးအေးဆေးဆေး အနားယူသင့်ပါပြီဆိုတဲ့ စကားကို အလှပြ သုံးနူန်းပြောဆိုလာကြပါတယ်။ တကယ်တမ်းတော့ မြန်မာ့နိုင်ငံရေးမှာ လူထုခေါင်းဆောင်ရဲ့ အခန်းကဏ္ဍကို ပြည်သူလူထုနဲ့ လူထုခေါင်းဆောင်ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

အာဏာရှင်စနစ်က ဥပဒေနဲ့ စစ်အာဏာစက်ကို အသုံးချပြီး သူမကို နိုင်ငံရေးဇာတ်ခုံပေါ်ကနေ ဖယ်ထုတ်ဖို့ အကြိမ်ကြိမ် ကြိုးပမ်းနေပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ သက်တမ်းတခုလုံးနီးပါးကို စစ်တပ်ရဲ့ ထောင်သွင်းအကျဉ်းချခြင်း၊ နေအိမ်အကျယ်ချုပ်ချခြင်းတွေနဲ့ ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူမဟာ အသက်အရွယ် ကြီးရင့်လာတဲ့တိုင်အောင်၊ ဘယ်လိုဖိနှိပ်မှုမျိုးအောက်မှာမဆို မိမိရဲ့ ဒီမိုကရေစီ ယုံကြည်ချက်ကို ဘယ်တော့မှ မစွန့်လွှတ်ဘဲ မယိုင်မလဲ ဆက်လက် ကြံ့ကြံ့ခံနေဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးကြမ်းဟာ နိုင်ငံတခုရဲ့ အာဏာလုပွဲတခု မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ပြည်သူ့အာဏာ၊ ဒီမိုကရေစီရေးအတွက် မယိုင်လဲတဲ့ ယုံကြည်ချက်တွေကို ပြသနေတာ ဖြစ်ပါတယ်။

ကျော့မောင်

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed