ဇွန် ၂၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
တရုတ်အစိုးရက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတော်အဆင့် ဖိတ်ကြားပြီး အသိမှတ်ပြု ဆက်ဆံမှုတွေ ပြုလုပ်နေတဲ့အချိန်မှာပဲ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမိတ်ဖက်တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အလေးပေး ဆက်သွယ်ကူးလူး ဆက်ဆံတာတွေ မလုပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၈ ရက်နေ့စွဲနဲ့ သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ပြီး တိုက်တွန်းလာပါတယ်။
လက်ရှိအခြေအနေမှာ အတုအယောင်ရွေးကောက်ပွဲကို အခြေခံပြီး တရားဝင်မှုရရှိအောင် ကြိုးစားနေတဲ့ စစ်အုပ်စုကို အလေးပေးဆက်ဆံတာဟာ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ပြေလည်စေမှာမဟုတ်ဘဲ၊ စစ်အုပ်စုရဲ့ အကြမ်းဖက်ရက်စက်မှုတွေကို ပိုမိုဆိုးရွားစေဖို့ အားပေးသကဲ့သို့ ဖြစ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ ရေရှည်တည်ငြိမ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုံခြုံစိတ်ချရဖို့ဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီပြီး တာဝန်ယူမှု၊ တရားဝင်မှုရှိတဲ့ အုပ်ချုပ်ရေးစနစ်တရပ် ပေါ်ပေါက်လာခြင်းအပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အခုအချိန်မှာ စစ်အုပ်စုနဲ့ ချုပ်ဆိုနေတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်တွေဟာ ပြည်သူလူထုရဲ့ ကိုယ်စားပြုမှု၊ အများပြည်သူနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ကင်းမဲ့နေသလို လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ကြီးကြပ်စောင့်ကြည့်မှုတွေလည်း မရှိတာကြောင့် အနာဂတ်မှာ ဥပဒေရေးရာ၊ ဘဏ္ဍာရေးနဲ့ လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ အန္တရာယ်ကြီးမားစွာ ဖြစ်ပေါ်လာနိုင်ကြောင်း NUG က သတိပေးထားပါတယ်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေဟာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ လူ့အခွင့်အရေးကို လေးစားမှုနဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားတဲ့ အခြေခံတွေအပေါ်မှာပဲ ဆောင်ရွက်သင့်ပြီး၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ပြည်သူတွေရဲ့ ကိုယ်ပိုင်အနာဂတ်ကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ အချုပ်အခြာအာဏာ တန်းတူညီမျှမှုနဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှုမပြုရေး စတဲ့ အခြေခံမူတွေကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်းလည်း ဖေါ်ပြထားပါတယ်။
NUG အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာမိတ်ဖက်အားလုံးနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေးတို့မှာ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုဆိုနေပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒ၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ ရေရှည်တည်ငြိမ်ရေးကို အထောက်အကူပြုမယ့် ဆက်ဆံရေးတွေကို တည်ဆောက်သွားဖို့ အသင့်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း တရုတ်မြန်မာ ပူးတွဲကြေညာချက်ဆိုပြီး ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ တရုတ်ဘက်က အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကြိုဆိုကြောင်းနဲ့ မြန်မာ့အချုပ်အခြာအာဏာ တည်တံ့ရေးအတွက် ထောက်ခံကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) အောက်က ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ မူဆယ်-မန္တလေး ရထားလမ်း စတဲ့ အဓိကစီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်ဖို့၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နင်းဖို့ သဘောတူခဲ့ကြပြီး၊ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာမျက်နှာစာတွေမှာ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်အစိုးရ အပြည့်အဝ ပါဝင်ခွင့်ရရေး တရုတ်က ဆက်လက်ထောက်ခံသွားမယ်လို့ ဖေါ်ပြထားပါတယ်။















