စစ်တပ်က အရပ်သားတွေကို လေကြောင်းကနေ ဗုံးကျဲနေသရွေ့ နိုင်ငံရေးဆွေးနွေဖို့ ခက်မယ်လို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော ၊ ဖိအားပေးတာကို အလျှော့ပေးမှာမဟုတ်ဘူးလို့ ဆို
မေ ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်နေသရွေ့ နိုင်ငံရေးဆွေးနွေးဖို့ဆိုတာ ခက်ခဲလိမ့်မယ်လို့ အာရက္ခတပ်တော်(AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
“ နိုင်ငံရေးအရ ဆွေးနွေးမှုနဲ့ တည်ငြိမ်မှုက လူတိုင်းအတွက် အကျိုးရှိပါတယ်။ ဒါပေမဲ့ လက်ရှိမှာ စစ်တပ်က အရပ်သားတွေကို လေကြောင်းကနေ ဗုံးကြဲနေသရွေ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို ဆွေးနွေးဖို့ ခက်ခဲပါလိမ့်မယ်” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။ မြန်မာစစ်တပ်က အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာဖြစ်ပြီး အဲ့ဒီလို ဖိအားပေးတာကိုတော့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ သူက ဖြည့်စွက်ပြောပါတယ်။
The Diplomat နဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘင်္ဂလားဒေ့ရှ်မှာ အစိုးရသစ်နဲ့ အာရက္ခတပ်တော်(AA) ကြား ပူးပေါင်းဆောင်ရွက်ချင်ကြောင်းလည်း ထည့်သွင်းပြောဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရသစ် (BNP) တက်လာတဲ့အပေါ် မှာ “ ကျွန်တော်တို့ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးချင်ပါတယ်” လို့ ဆိုပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့အတွက် ရခိုင်ပြည်သူ့တော်လှန်ရေးအစိုးရကို အသိအမှတ်ပြု အားပေးဖို့ လိုအပ်ကြောင်းလည်း အာရက္ခတပ်တော် ခေါင်းဆောင်က ထည့်သွင်းပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း ကုလားတန်စီမံကိန်း (Kaladan Project) အောင်မြင်ဖို့ ကူညီပေးဖို့ အသင့်ရှိကြောင်းနဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
အာရက္ခတပ်တော်အနေနဲ့ လူ့အခွင့်ရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့အပေါ်မှာလည်း တွေ့ဆုံမေးမြန်းခန်းအတွင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တုံ့ပြန်ပြောဆိုပါတယ်။
AA အနေနဲ့ အဓမ္မစစ်သားစုဆောင်းတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာ “ ဒါဟာ လူ့အခွင့်အရေး ဥပဒေတွေကို လက်နက်သဖွယ် အသုံးချပြီး စွပ်စွဲနေတာပါ” လို့ ဗိုလ်ချုပ်က တုံ့ပြန်ပါတယ်။ မူစလင် (ရိုဟင်ဂျာ) လူ့အသိုက်အဝန်းနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အချိန်ယူရဦးမှာဖြစ်ပေမယ့် ရှေ့လျှောက် ပိုပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထည့်သွင်းပြောပါတယ်။
မတ်လ ၂ ရက်နေ့က ရခိုင်ဒေသတနေရာမှာ The Diplomat မဂ္ဂဇင်းရဲ့ သတင်းထောက် Rajeev Bhattacharyya နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ လူကိုယ်တိုင် သီးသန့်တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ The Diplomat ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။ အဲ့ဒီတွေ့ဆုံမှုမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးရေး၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲချက်တွေအပေါ် ပွင့်ပွင့်လင်းလင်း ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။