ဇူလိုင် ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မနေ့ကစနေနေ့ (ဇူလိုင် ၄ ရက်) မှာ ကျရောက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နှစ် ၂၅၀ ပြည့်မြောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မိန့်ခွန်းမှာ အမေရိကန်နိုင်ငံကို လူသားတို့သမိုင်းရဲ့ “အမြင့်မားဆုံးသော အောင်မြင်မှု” ဖြစ်တယ်လို့ ချီးမွမ်းပြောဆိုခဲ့သလို၊ တဖက်မှာလည်း သူ့ရဲ့ ပြည်တွင်းအတိုက်အခံတွေကို “ကွန်မြူနစ်များ” လို့ သမုတ်ကာ ထပ်မံတိုက်ခိုက်လိုက်ပါတယ်။
ဝါရှင်တန်ဒီစီမှာ မုန်တိုင်းကျရောက်ခဲ့တာမို့ လူအုပ်ကြီးကို ယာယီရွှေ့ပြောင်းပေးခဲ့ရတာမို့ သမ္မတရဲ့ မိန့်ခွန်းပြောကြားမှုဟာ နာရီပိုင်းလောက် နောက်ကျခဲ့ပါတယ်။ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ သမ္မတ ထရမ့်ဟာ National Mall ဝင်းအတွင်း စုဝေးနေတဲ့ သောင်းနဲ့ချီတဲ့ လူအုပ်ကြီးရှေ့မှောက်မှာ “နှစ်၂၅၀ကြာအောင် ကျွန်တော်တို့ရဲ့ အမေရိကန်နိုင်ငံဟာ လူသားမျိုးနွယ်သမိုင်းရဲ့ အပြောင်မြောက်ဆုံး အောင်မြင်မှုအဖြစ် မားမားမတ်မတ်ရပ်တည်နေခဲ့တာ ဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။
ထရမ့်ဟာ စင်မြင့်ပေါ်မှာ ဒုတိယကမ္ဘာစစ်၊ ကိုရီးယားစစ်ပွဲနဲ့ ဗီယက်နမ်စစ်ပွဲတွေမှ စစ်မှုထမ်းဟောင်းတွေကို ဂုဏ်ပြုစကားပြောကြားခဲ့ပြီး၊ အဓိကအားဖြင့် နောက်ဆုံးစစ်ပွဲနှစ်ခုကို “ကွန်မြူနစ်တွေ” အား တိုက်ထုတ်ခဲ့တဲ့ စစ်ပွဲနမူနာတွေလို့ ရည်ညွှန်းကာ သောကြာနေ့ညက မောင့်ရက်ရှ်မိုး (Mount Rushmore) မှာ ပြောခဲ့တဲ့ မိန့်ခွန်းကို ထပ်မံပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေဟာ ကမ္ဘာ့စစ်မြေပြင်အသီးသီးမှာ ကွန်မြူနစ်စနစ်ကို သွားရောက်တိုက်ခိုက်ခဲ့ကြတာပါ။ အခုတော့ အဲဒီအကျည်းတန်တဲ့ အန္တရာယ်ဆိုးက အမေရိကန်ပြည်တွင်းထဲမှာ ပြန်ပြီးခေါင်းထောင်လာဖို့ လုံးဝခွင့်မပြုနိုင်ပါဘူး။ ဒါဟာ ကင်ဆာရောဂါလိုပဲ၊ ခွဲထုတ်ပစ်ရပါလိမ့်မယ်” လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ထရမ့်ဟာ ဒီလိုမျိုး ကွန်မြူနစ်ဆန့်ကျင်ရေး အကြောင်းအရာတွေကို အဓိကထား ပြောကြားလာတာဟာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ဒီမိုကရက်တစ်ပါတီအတွင်းက လက်ဝဲစွန်းအုပ်စုတွေဟာ ပဏာမရွေးကောက်ပွဲတွေမှာ အနိုင်ရရှိမှုများပြားလာတာကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး ဖြစ်ပါတယ်။
ဒါ့အပြင် သူက မကြာသေးမီက အီရန်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့အပေါ် ပြုလုပ်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ကြွားဝါပြောဆိုခဲ့ပြီး၊ အမေရိကန်အနေနဲ့ တီဟီရန် (အီရန်) ရဲ့ စစ်တပ်ကို “အပြတ်အသတ် ချေမှုန်းနိုင်ခဲ့တယ်”လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
တဖက်မှာလဲ စနေနေ့က ဝါရှင်တန်ရှိ လွှတ်တော်အဆောက်အအုံအနီးမှာ လူဖြူအစွန်းရောက်အုပ်စု (Patriot Front) နဲ့ ကွန်ဖက်ဒရိတ်အလံ (Confederate flags) ကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ်အမျိုးသားတွေ စုဝေးကာ “အမေရိကန်ကို ပြန်လည်သိမ်းပိုက်ကြ” လို့ အော်ဟစ်ဆန္ဒပြခဲ့ကြပါတယ်။ လတ်တလော ကောက်ယူခဲ့တဲ့ Quinnipiac တက္ကသိုလ်ရဲ့ လူထုသဘောထားစစ်တမ်းအရ အမေရိကန်ပြည်သူ ၆၁ ရာခိုင်နှုန်းဟာ လက်ရှိအမေရိကန်နိုင်ငံက ၁၇၇၆ ခုနှစ် လွတ်လပ်ရေးကြေညာစာတမ်းပါ အခြေခံစံနှုန်းတွေနဲ့ အညီ ရှင်သန်နေတာ မရှိတော့ဘူးလို့ ယူဆနေကြတယ်။















