ဇူလိုင် ၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်ရန် ပြင်ဆင်နေတဲ့ တူရကီနိုင်ငံ နေတိုး (NATO) ထိပ်သီးအစည်းအဝေးကြီး မစတင်မီ နာရီပိုင်းအလိုမှာ ရုရှားနိုင်ငံက ယူကရိန်းမြို့တော် ကိဗ် (Kyiv)မြို့ ကို ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်အာဏာပိုင်တွေက သတင်း ထုတ်ပြန်လိုက်ပါတယ်။
ကိဗ်မြို့ကောင်းကင်ယံတခွင်မှာ ဒုံးကျည်နဲ့ ဒရုန်းတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မီးလုံးကြီးများ လင်းထိန်သွားခဲ့ကာ လူနေအဆောက်အအုံတွေ ဆိုးရွားစွာ ပျက်စီးခဲ့ကာ အရပ်သားပြည်သူအများအပြား တိုက်ခန်းများအတွင်း ပိတ်မိခဲ့ကြပါတယ်။ ကိဗ်မြို့တော်ဝန် ဗီတာလီ ကလစ်ခ်ျကို (Vitali Klitschko) ရဲ့ အဆိုအရ မြို့တွင်းရှိ ခရိုင် ၄ ခုမှာ ပျက်စီးဆုံးရှုံးမှုများပြားခဲ့ပြီး ပိုဒေါ့စကီး (Podilsky) ခရိုင်ဟာ အဆိုးရွားဆုံး ထိခိုက်ခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) က ရုရှားဟာ တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း ကြိုတင်သတိပေးခဲ့ပြီးနောက် ဒီလိုတိုက်ခိုက်မှု ထွက်ပေါ်လာတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း ကိဗ်မြို့တော်ကို ရုရှားက ဗုံးကြဲခဲ့တာကြောင့် လူ ၃၀ ဦး သေဆုံးခဲ့ကာ ဒါဟာ စစ်ပွဲစတင်ကတည်းက မြို့တော်အတွင်း တတိယမြောက် အသေအပျောက် အများဆုံး တိုက်ခိုက်မှုလဲ ဖြစ်ခဲ့ပါတယ်။
ဒီအပတ်အတွင်း တူရကီနိုင်ငံ၊ အန်ကာရာမြို့မှာ ကျင်းပမယ့် နေတိုးထိပ်သီးအစည်းအဝေးမှာ ယူကရိန်းစစ်ပွဲဟာ အဓိကဆွေးနွေးရမယ့် အကြောင်းအရာ ဖြစ်လာမှာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အစည်းအဝေးအတွင်း ဇလန်းစကီးနဲ့ တွေ့ဆုံရန်ရှိနေပြီး၊ ပြီးခဲ့တဲ့ စနေနေ့ကလည်း သူတို့နှစ်ဦး ဖုန်းနဲ့ ဆွေးနွေးခဲ့ကြပါသေးတယ်။
ဒါ့အပြင် ထရမ့်ဟာ တနင်္ဂနွေနေ့ကလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မိနစ် ၉၀ ကြာ ဖုန်းနဲ့ ဆွေးနွေးခဲ့ပြီး စစ်ပွဲအဆုံးသတ်ရေးအတွက် ကူညီပေးရန် ထပ်မံကမ်းလှမ်းခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ထရမ့်ဟာ သူသမ္မတအဖြစ် ဒုတိယသက်တမ်း စတင်ချိန်မှာ စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်ပေးမယ်လို့ ကတိပြုခဲ့ပေမယ့်လည်း လက်ရှိမှာ သူရာထူးသက်တမ်း ရက်ပေါင်း ၅၀၀ ကျော်လာတဲ့အထိ ငြိမ်းချမ်းရေးလမ်းစကို မဖော်ဆောင်နိုင်သေးပါဘူး။
နေတိုးအစည်းအဝေးမတိုင်မီ ဇလန်းစကီးက အမေရိကန်နဲ့ ဥရောပမဟာမိတ်များအနေနဲ့ ယူကရိန်းသို့ ပက်ထရီယော့ (Patriot) လေကြောင်းကာကွယ်ရေး စနစ်သုံး ဒုံးကျည်များ အရေးပေါ် ပံ့ပိုးပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ပါတယ်။ အင်တာဆက်တာ (Interceptor) ကြားဖြတ်ပစ်ဒုံးကျည်တွေ လုံလောက်စွာမရှိတာမို့ ဒီနေ့တိုက်ခိုက်မှုမှာ ရုရှားဒုံးကျည်များကို မကာကွယ်နိုင်ခဲ့တာလို့ ဇလန်းစကီးက ဆိုပါတယ်။
အထူးသဖြင့် ရုရှားဘက်က အရှိန်အဟုန်ပြင်းစွာ အသုံးပြုလာသည့် Geran-4 အမျိုးအစား ဂျက်အင်ဂျင်သုံး တိုက်ခိုက်ရေးဒရုန်းတွေဟာ သာမန်ကာကွယ်ရေးအဖွဲ့တွေ ပစ်ချဖို့ အလွန်မြန်ဆန်လွန်းတာမို့ ဒါတွေကို ပစ်ချနိုင်ရန် ပက်ထရီယော့ကဲ့သို့စော မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်တွေ မဖြစ်မနေ လိုအပ်နေကြောင်း သိရပါတယ်။















