ဇူလိုင် ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Thai Airways) က အသက် ၂၆ နှစ်အရွယ် ထိုင်းလေယာဉ်မယ် မီနာ သယ်ဆောင်လာပြီး ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းလေဆိပ်မှာ ဖမ်းဆီးရမိခဲ့တဲ့ ဘိန်းဖြူ တွေဟာ မြန်မာနိုင်ငံကနေ ထွက်ရှိလာတာဖြစ်တယ်လို့ ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးရဲတပ်ဖွဲ့ (NSB) က ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီဘိန်းဖြူတွေကို မြန်မာနိုင်ငံက မူးယစ်ဆေးဝါးဂိုဏ်းတခုက ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ် ဆွန်ဘွန်း သီယန်ခေါင် က ပြောပါတယ်။ အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံရဲ့ တင်းကျပ်တဲ့ နယ်စပ်စစ်ဆေးရေးတွေကို ရှောင်ကွင်းဖို့အတွက် မြန်မာနိုင်ငံကနေ တိုက်ရိုက်မသွာဘဲ လာအိုနိုင်ငံမြောက်ပိုင်းကတဆင့် ထိုင်းနိုင်ငံမြောက်ပိုင်း ဖယောင်းခရိုင် (Phayao) ချင်းခမ်းမြို့နယ်ထဲကို မှောင်ခိုသွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီကမှတဆင့် ထိုင်းနိုင်ငံတွင်းကို သယ်ဆောင်ပြီး ပြည်ပနိုင်ငံတွေကို ပို့ဆောင်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ် တရားခံ ဥထိုင်း ခါနာပီဝတ် ကို ပြီးခဲ့တဲ့ သောကြာနေ့က ဖိစနုလောက်ခရိုင် မှာ ထွက်ပြေးတိမ်းရှောင်နေတုန်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဇွန်လ ၂၀ ရက်နေ့တုန်းက အဲဒီဘိန်းဖြူတွေကို ဖယောင်းခရိုင်ကနေ သွားရောက်ယူဆောင်ခဲ့ပြီး၊ ဇွန်လ ၂၂ ရက်နေ့မှာ လေယာဉ်မယ် မီနာ ရဲ့ ဘန်ကောက် ဘန်နာ ကွန်ဒိုဆီကို သွားရောက်ကာ ဘိန်းဖြူတွေ ဝှက်ထည့်ထားတဲ့ ဆင်ရုပ်ပါ လက်ဆွဲအိတ်တွေကို ကိုယ်တိုင်သွားရောက် ပေးအပ်ခဲ့တာ ဖြစ်ကြောင်း ဝန်ခံထားပါတယ်။
သူဟာ အရင်ကလည်း အခုလိုမျိုး မူးယစ်ဆေးဝါး ပို့ဆောင်မှု ၃ ကြိမ်အထိ လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ လေယာဉ်မယ် မီနာ ဇွန်လ ၂၅ ရက်နေ့က မဲလ်ဘုန်းလေဆိပ်မှာ ဖမ်းဆီးခံလိုက်ရပြီးတဲ့နောက်ပိုင်း သူဟာ ဖုန်းအမြန်လဲလှယ်ပြီး အယုဒ္ဓယမှာရှိတဲ့ သူ့ရဲ့တိုက်ခန်းမှာ ကျန်နေတဲ့ ဘိန်းဖြူပါ လက်ဆွဲအိတ်တွေကို လမ်းဘေးမှာ လိုက်လံစွန့်ပစ်ကာ သက်သေဖျောက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က သူ့ကို လိုက်လံပြသခိုင်းပြီး စွန့်ပစ်ထားတဲ့ အိတ်တွေကို ပြန်လည်သိမ်းဆည်းရမိထားပါတယ်။
သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဒီမူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းဟာ လေယာဉ်အမှုထမ်းတွေရဲ့ အဆင့်အတန်းနဲ့ လေဆိပ်တွေမှာ သာမန်ခရီးသည်တွေလောက် တင်းတင်းကျပ်ကျပ် စစ်ဆေးမခံရတဲ့ အခွင့်အရေးကို အသုံးချပြီး ပြည်ပကို မူးယစ်ဆေးဝါး သယ်ဆောင်ဖို့အတွက် လေယာဉ်မယ်ကို ပစ်မှတ်ထား စည်းရုံးအသုံးချခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထိုင်းနိုင်ငံနဲ့ ဩစတြေးလျ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒီမူးယစ်ဆေးဝါး ကွန်ရက်တခုလုံးကို ဆက်လက်စုံစမ်း စစ်ဆေးနေပါတယ်။















