၅ နှစ်ကျော်အတွင်း အရပ်သားနေအိမ် ၁ သိန်း ၂ သောင်းကျော်ကို အာဏာသိမ်းစစ်တပ် မီးရှို့ဖျက်ဆီး ၊စစ်ကိုင်းတိုင်း မှာ အဆိုးရွားဆုံးဖြစ်
ဧပြီလ ၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ စစ်တပ် လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁၂၅,၃၂၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲ့ဒီ အစီရင်ခံစာအရ ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့ကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ စာရင်းဇယားတွေအရ မီးရှို့ဖျက်ဆီးခံရမှု စုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်း နေအိမ်ပေါင်း ၁၂၁,၄၈၅ လုံး ဟာ စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကိုင်းတိုင်းဟာ အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး နေအိမ် ၇၈,၈၉၆ လုံး မီးရှို့ခံခဲ့ရပြီး ဒါဟာ ၆၃ ရာခိုင်နူန်းကျော်ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ မကွေးတိုင်းက ဒုတိယအများဆုံးဖြစ်ပြီး နေအိမ်ပေါင်း ၁၈,၀၅၉ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ တတိယအများဆုံးက မန္တလေးတိုင်းဖြစ်ပြီး နေအိမ် ၁၂,၀၆၉ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
၂၀၂၅ ဒီဇင်ဘာကနေ ၂၀၂၆ ဖေဖော်ဝါရီအထိ ၃ လတာ အတွင်းမှာတင် တိုင်းနဲ့ ပြည်နယ် ၆ ခုက ကျေးရွာပေါင်း ၈၉ ရွာမှာ နေအိမ် ၄,၇၄၈ လုံး ထပ်မံမီးရှို့ခံခဲ့ရတယ်လို့ အစီရင်ခံစာကဆိုပါတယ်။ အထူးသဖြင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းက အိုင့်မကျေးရွာဟာ နေအိမ် ၅၀၀ ကျော် မီးရှို့ခံခဲ့ရပြီး ဒီကာလအတွင်း အထိခိုက်ဆုံး ကျေးရွာဖြစ်ခဲ့တယ်လို့ Data for Myanmar က ထောက်ပြထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးအကြောင်းပြပြီး ကျေးရွာတွေကို ဝင်ရောက်စီးနင်းတာ နေအိမ်တွေကို မီးရှို့တာနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်တာတွေကို စနစ်တကျ လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေဘက်က ပျူစောထီးကျေးရွာတွေကို တိုက်ခိုက်မီးရှို့မှု အချို့ရှိခဲ့တယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။