အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့ NUG ပြော
ဧပြီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ချွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက NUG ဖွဲ့စည်းမှု ၅ နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။
“ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် နဲ့တကွ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးရဲ့ အခြေအနေကို တစ်မိနစ်တစ်စက္ကန့်မျှ မေ့လျော့ခြင်းမရှိကြောင်း အလေးအနက်ပြောကြားလိုပါ တယ်။ စစ်အုပ်စုဟာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်တွေကို မတရားပုဒ်မတွေတပ်ပြီး ချုပ်နှောင် ထားနိုင်ပေမဲ့ သူတို့ရဲ့ စိတ်ဓာတ်နဲ့ ပြည်သူ့အပေါ်ထားတဲ့ မေတ္တာတွေကိုတော့ ဘယ်တော့မှ ပိတ်လှောင်ထားနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီးများနဲ့တကွ နွေဦးတော်လှန် ရေးအတွင်း မတရားဖမ်းဆီးခံထားရသူအားလုံးကို ‘ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့’ ပြတ်ပြတ်သားသား တောင်းဆိုပါတယ်။” လို့ ယာယီသမ္မတက သူ့ရဲ့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောပါတယ်။
ယာယီသမ္မတရဲ့ မိန့်ခွန်းအတွင်း အိမ်နီချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ညီညွတ်ရေးမှာ အတားအဆီးတွေရှိနေစဲဖြစ်တယ်လို့ ပြောပါတယ်။
“တော်လှန်ရေးအင်အားစုများအကြား သမိုင်းကြောင်းဆိုင်ရာ မယုံကြည်မှုတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ညီညွတ်ရေးမှာ အတားအဆီးတွေ ရှိနေဆဲဖြစ်ပေမဲ့ ကျွန်ုတော်တို့အားလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်ဟာ “ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး” ပဲ ဖြစ်ပါ တယ်။ အတားအဆီးအခက်အခဲတွေ ဘယ်လောက်ဘဲ များပါစေ တူညီတဲ့ ရည်မှန်းချက်ပန်းတိုင် ကဘဲ ကျွန်ုတော်တို့ကို တစ်နေ့မှာ ပိုမိုခိုင်မာတဲ့ ညီညွတ်မှုဆီ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။” လို့ ယာယီသမ္မတက ပြောပါတယ်။
ဒါ့အပြင် တော်လှန်ရေးမှာ အားနည်းချက်တွေရှိခဲ့တာကို ဝန်ခံပြောဆိုထားသလို၊ လက်ရှိအချိန်အထိ ကျော်လွှားဖို့ခက်ခဲနေသေးတဲ့အရာတွေ အများအပြားရှိနေသေးတယ်လို့ ဆိုပါတယ်။
“တော်လှန်ရေးသမိုင်း အဆက်ဆက် မကြုံခဲ့ဖူးတဲ့ အောင်မြင်မှု ခြေလှမ်း တွေကို တက်လှမ်းနိုင်ခဲ့သလို၊ ကျွန်တော်တို့ရဲ့ အားနည်းချက်ကြောင့်၊ လက်လွှတ်ခဲ့ရတဲ့ မအောင်မြင်မှုတွေလည်း ရှိခဲ့တာကို ဝန်ခံချင်ပါတယ်။ အထူးသဖြင့် အတွေ့အကြုံရင့်ကျက်မှု အားနည်းသေးတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ၊ ကျွန်တော်တို့အတွက် သင်ခန်းစာ အများအပြား ကို သင်ယူခွင့်ရခဲ့တာတွေ ရှိပါတယ်။ ကျွန်တော်တို့မှာ အရင်းအမြစ် အကန့်အသတ်ရှိသလို၊ လှုပ်ရှားနိုင်မှု (ဂွင်) အကန့်အသတ်တွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေး ခရီးမှာ၊ ပြန်လည်လက်လွှတ် လိုက်ရတဲ့ ဆုံးရှုံးမှုတွေ ရှိသလို၊ လက်ရှိ အချိန်အထိ ကျော်လွှားဖို့ ခက်ခဲနေသေးတဲ့ အရာတွေလည်း အများအပြား ရှိနေကြောင်း ပြည်သူလူထုကို ရိုးသားစွာ တင်ပြလိုပါတယ်။” လို့ NUG ယာယီသမ္မတက သူ့မိန့်ခွန်းအတွင်း ထည့်သွင်းပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုချိန်မှာ ၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်လွန်လာတဲ့အချိန်မှာ အာဏာသိမ်းစစ်တပ်ကလည်း စိတ်ကြိုက်ရွေးကောက်ပွဲလုပ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ပဲ ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ထပ်မံဖွဲ့စည်းထားပါတယ်။