မေလ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် (ဦး) မင်းကိုနိုင်ဟာ ၂၀၂၆ ခုနှစ်အတွက် ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိခဲ့ကြောင်း သိရပါတယ်။
၂၀၂၆ ခုနှစ် မေလ ၂၃ ရက်မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပတဲ့ (၁၇) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုပွဲ အခမ်းအနားမှာ အခုလို ရွေးချယ်ကြေညာခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းက ၂၀၀၉ ခုနှစ်တွင် ပြည်သူ့ဂုဏ်ရည်အသင်းကို စတင်ဖွဲ့စည်းပြီး ၂၀၁၀ ခုနှစ်ကနေ စတင်ပြီး နှစ်စဉ် ချီးမြှင့်လာခဲ့တာဖြစ်ပြီး ဒီဆုဟာ မြန်မာပြည်သူတွေအတွက် လူမှုအကျိုးပြုလုပ်ငန်း၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ပညာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကဏ္ဍတွေမှာ ထူးထူးချွန်ချွန် ဆောင်ရွက်သူတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ဆုတခုဖြစ်ပါတယ်။
ယခင် ပြည်သူ့ဂုဏ်ရည်ဆုရရှိခဲ့သူတွေထဲမှာ နာရေးပရဟိတသမား သရုပ်ဆောင်ဟောင်း ကျော်သူ၊ မဲဆောက်မြို့က မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်သီယာမောင်တို့လို လူပုဂ္ဂိုလ်တွေနဲ့ ရန်ကုန် ဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တို့လို အဖွဲ့အစည်းတွေ ပါဝင်ခဲ့ဖူးပါတယ်။
မင်းကိုနိုင်ဟာ ၁၉၈၈ လူထုအရေးတော်ပုံကာလက စတင်ပြီး မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုထဲမှာ လူသိများ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်သလို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာကို ခံစားခဲ့ရသူလည်း ဖြစ်ပါတယ်။
(ဦး)မင်းကိုနိုင်ဟာ မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်မှုတွေကြောင့် ကနေဒါနိုင်ငံအခြေစိုက် Rights & Democracy အဖွဲ့က ပေးအပ်တဲ့ဆု ဖြစ်တဲ့ John Humphrey Freedom Award ၊ ချက်သမ္မတနိုင်ငံအခြေစိုက် People in Need အဖွဲ့က ပေးအပ်တဲ့ Homo Homini Award ၊ အမေရိကန်နိုင်ငံအခြေစိုက် The Train Foundation က ပေးအပ်တဲ့ Civil Courage Prize ဆုတွေကို ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားနိုင်ငံ၊ မေ ၁၈ ဖောင်ဒေးရှင်း (May 18 Foundation) က ပေးအပ်တဲ့ အာရှမှာ အလွန်ဂုဏ်သတင်းကြီးတဲ့ လူ့အခွင့်အရေးဆု ဖြစ်တဲ့ Gwangju Prize for Human Rights ကိုလည်း ၂၀၀၉ ခုနှစ်မှာ ရရှိခဲ့ပါတယ်။
အခုလို ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တာဟာလဲ ဦးမင်းကိုနိုင်ရဲ့ အတိတ်ကာလကနေ ယနေ့အချိန်ထိ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ အနာဂတ်မျိုးဆက်များအတွက် လုပ်ဆောင်ချက်တွေကို ဂုဏ်ပြုအသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။















