သုတရေးရာ| Burma Independent Voice
တိရစ္ဆာန်တွေဟာ သူတို့ ဘာလုပ်နေလဲ၊ ဘာကြောင့်လုပ်လဲဆိုတာကို လူသားတွေလို ရှင်းမပြနိုင်ကြပါဘူး။ ဒါကြောင့် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် သိပ္ပံပညာရှင်တွေဟာ ကြွက်တွေရဲ့ အမူအရာကို လေ့လာဖို့ ဗီဒီယိုတွေကို တခုချင်းစီ ထိုင်ကြည့်ပြီး လူကိုယ်တိုင် လက်နဲ့ မှတ်တမ်းတင်ခဲ့ရပါတယ်။ ဒီအလုပ်ဟာ အချိန်ကုန်သလို လူရဲ့ အမြင်အဆုံးအဖြတ်ပေါ်မှာပဲ အများကြီး မှီခိုနေရတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ တောင်ကိုရီးယားနိုင်ငံက သုတေသနအဖွဲ့တခုဟာ ဗီဒီယိုတွေကို ရိုးရိုးတန်းတန်း ခွဲခြားပေးရုံတင်မကဘဲ တိရစ္ဆာန်တွေရဲ့ အမူအရာကို စာကြောင်းတကြောင်းလိုမျိုး အဓိပ္ပာယ်ဖော်ပြီး “ဖတ်ရှု” နိုင်တဲ့ BehaVERT လို့ အမည်ရတဲ့ AI မော်ဒယ်သစ်တခုကို တီထွင်လိုက်ပါတယ်။
အမူအရာတွေကို စကားလုံးတွေအဖြစ် ပြောင်းလဲခြင်း
Korea Advanced Institute of Science and Technology (KAIST) က သုတေသနစ်အဖွဲ့ဟာ ကြွက်တွေရဲ့ နှာခေါင်း၊ နား၊ ကျောရိုး၊ ခြေလက်နဲ့ အမြီး စတဲ့ အဓိက အစိတ်အပိုင်းတွေကို ခြေရာခံပြီး ဒီလှုပ်ရှားမှုတွေကို စကားလုံးတွေလိုမျိုး AI စနစ်ထဲကို ထည့်သွင်းခဲ့ပါတယ်။ ဒါဟာ ChatGPT လို ခေတ်ပေါ်ဘာသာစကားစနစ်တွေရဲ့ နောက်ကွယ်က Transformer နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီ AI မော်ဒယ်ဟာ ကြွက်တွေရဲ့ ရှေ့နောက်လှုပ်ရှားမှု အခြေအနေတွေကို ကြည့်ပြီး ကြားထဲက ကွက်လပ်ဖြစ်နေတဲ့ ကိုယ်နေဟန်ထားတွေကိုပါ အလိုအလျောက် ဖြည့်စွက်တွက်ချက်နိုင်စွမ်း ရှိပါတယ်။
အော်တစ်ဇင် (Autism) လက္ခဏာကို အလိုအလျောက် ရှာဖွေနိုင်ခြင်း
ဒီမော်ဒယ်ကို စမ်းသပ်မှု ၅ ခုနဲ့ စမ်းသပ်ခဲ့ရာမှာ ယခင်က ရှိခဲ့ဖူးသမျှ အကောင်းဆုံး AI စနစ်တွေထက် ပိုမို ထူးချွန်တာကို တွေ့ရပါတယ်။ အထူးခြားဆုံး စမ်းသပ်မှုကတော့ အော်တစ်ဇင် (Autism) ရောဂါလက္ခဏာရှိအောင် မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ကြွက်တွေကို သာမန်ကြွက်တွေထဲကနေ ခွဲခြားခိုင်းတဲ့ စမ်းသပ်မှု ဖြစ်ပါတယ်။
BehaVERT မော်ဒယ်ဟာ ဘယ်သူကမှ သင်ပေးမထားဘဲ ကြွက်တွေရဲ့ လှုပ်ရှားမှုကိုပဲ ကြည့်ပြီး အော်တစ်ဇင်ရှိတဲ့ ကြွက်တွေကို မှန်ကန်စွာ ခွဲခြားပေးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ကြွက်အချင်းချင်း နှာခေါင်းချင်းထိပြီး လူမှုဆက်ဆံရေးလုပ်တဲ့ အမူအရာပိုင်းမှာ အော်တစ်ဇင်ရှိတဲ့ ကြွက်တွေရဲ့ ကွာဟချက်ကို AI က သူ့အလိုလို အတိအကျ ရှာဖွေဖော်ထုတ်သွားတာ ဖြစ်ပါတယ်။
ကြွက်တွေကို သင်ယူပြီး ကြွက်ကြီးတွေကိုပါ ဖတ်နိုင်ခြင်း
ဒီ AI မော်ဒယ်ရဲ့ ထူးခြားချက်ကတော့ တိရစ္ဆာန်တမျိုးထဲတင်မကဘဲ တခြားမျိုးစိတ်တွေအထိပါ ကူးပြောင်း အသုံးချနိုင်တာ ဖြစ်ပါတယ်။ ကြွက်ငယ် (Mouse) ရဲ့ အမူအရာတွေနဲ့ လေ့ကျင့်ပေးထားတဲ့ AI စနစ်ကို ကြွက်ကြီး (Rat) တွေရဲ့ အမူအရာကို ဖတ်ခိုင်းတဲ့အခါမှာလည်း ခန္ဓာကိုယ်တည်ဆောက်ပုံ ကွဲပြားပေမဲ့ ကောင်းမွန်စွာ ဖတ်ရှုနိုင်တာကို တွေ့ရပါတယ်။
“BehaVERT ဟာ အမူအရာတွေကို အမျိုးအစား ခွဲခြားပေးရုံတင်မကဘဲ အမူအရာရဲ့ အဓိပ္ပာယ်ကိုပါ ဘာသာပြန်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆေးဝါးအသစ်တွေ တီထွင်တာ၊ စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတွေကို လေ့လာတာနဲ့ အပြုအမူဆိုင်ရာ မျိုးရိုးဗီဇပညာရပ်တွေမှာ အရေးပါတဲ့ သုတေသနကိရိယာတခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ဒီသုတေသနကို ဦးဆောင်ခဲ့သူ ပါမောက္ခ ဒေးဆူးကင် (Dae-Soo Kim) က ပြောပါတယ်။
လူသားတွေရဲ့ မျက်စိနဲ့ သတိမထားမိနိုင်တဲ့ တိရစ္ဆာန်တွေရဲ့ သေးငယ်တဲ့ အမူအရာ အပြောင်းအလဲတွေကိုပါ အတိအကျ ဖတ်ရှုပေးနိုင်တဲ့ ဒီ AI စနစ်ကြောင့် နောင်လာမယ့် သုတေသနလုပ်ငန်းတွေ အများကြီး မြန်ဆန်လာတော့မှာဖြစ်ပါတယ်။















