ဇူလိုင် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘောအစည်းအဝေးကို အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ တက်ရောက်ခဲ့ပြီး အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် (၅) ချက်ဟာ ပကတိအခြေအနေနဲ့ မကိုက်ညီဘူးလို့ ပြောဆိုခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အစည်းအဝေးအတွင်း ဦးတင်မောင်ဆွေက သူတို့ဟာ ရွေးကောက်ခံအစိုးရသစ်ဖြစ်ပြီး နိုင်ငံတော်တာဝန်ယူချိန်ကစလို့ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို လုပ်ဆောင်နေတယ်လို့ အာဆီယံဝန်ကြီးတွေကို ရှင်းလင်းခဲ့ပါတယ်။ ဒါ့အပြင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန်း)၊ မူးယစ်ဆေးနဲ့ လူကုန်ကူးမှုလို နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို တိုက်ဖျက်နေသလို၊ အာဆီယံ AHA Centre ကပေးတဲ့ အကူအညီတွေကိုလည်း ခွဲခြားမှုမရှိဘဲ ဖြန့်ဝေပေးနေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် အာဆီယံရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ရပ်ဟာ အာဆီယံရဲ့ အခြေခံမှုတွေနဲ့ ကွဲလွဲနေတယ်လို့ အာဏာသိမ်းစစ်တပ်ဘက်ကပြောပါတယ်။
“အာဆီယံရဲ့ ထုတ်ပြန်ချက် (၅) ရပ် (5PC) ဟာ အာဆီယံရဲ့ အခြေခံမူတွေနဲ့ ကွဲလွဲနေတဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိပကတိ နိုင်ငံရေးအခြေအနေနဲ့ မကိုက်ညီပါဘူး။ ဒါကို လိုအပ်သလို ပြန်လည်သုံးသပ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဇူလိုင် ၉ ရက်နေ့က အရေးကြီးအဆို အတည်ပြုထားတဲ့အတွက် ရွေးကောက်ခံအစိုးရအနေနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။” လို့ သူက ပြောပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ သိမ်မွေ့နက်နဲတဲ့ နိုင်ငံရေးနဲ့ မြေပြင်အခြေအနေတွေကို နားလည်ပြီး အပြုသဘောဆောင် ရှုမြင်ပေးကြဖို့ သူက တိုက်တွန်းခဲ့ပြီး၊ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ မူလအခန်းကဏ္ဍနဲ့ အခွင့်အရေးတွေ မကြာခင် ပြန်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်းနဲ့ အဖြစ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အဆိုပါ ဆွေးနွေးပွဲအပြီးမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံနဲ့ ဆက်လက်ထိတွေ့ဆက်ဆံမယ့် ကိစ္စရပ်တွေအပေါ် အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။















