အာဆီယံဘုံသဘောတူချက် ၅ ရပ် အာဏာသိမ်းစစ်တပ်လက်မခံ
ဇူလိုင် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော အစည်းအဝေးမှာ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ အာဏာသိမ်း စစ်တပ်ကို ထပ်မံ ဖိအားပေးခဲ့ကြတယ်လို့ အာဆီယံဘက်က ပြောပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ဖမ်းဆီးခံထားရတဲ့ ကိစ္စအပေါ် အာဆီယံဘက်က စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။
ဒါဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ လူကိုယ်တိုင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။ အာဆီယံဝန်ကြီးတွေက မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုပေးအပ်နိုင်ဖို့နဲ့ နိုင်ငံရေးအရ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်လာဖို့ လက်တွေ့ကျတဲ့ တိုးတက်မှုတွေ ပြသဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
ဒီအစည်းအဝေးကို သဘာပတိအဖြစ် ဦးဆောင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး သီရေဆာ လာဇာရို က စစ်ကောင်စီနဲ့ တိုက်ရိုက်ဆွေးနွေးခွင့်ရတာကို ကြိုဆိုပေမဲ့ ဆွေးနွေးမှုနဲ့အတူ လက်တွေ့လုပ်ဆောင်ချက်တွေပါ လိုအပ်တယ်လို့ ပြောပါတယ်။
“အထူးသဖြင့် အရပ်သားတွေနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်နေတာတွေ အပါအဝင် တိုက်ပွဲတွေ ရပ်တန့်ဖို့ အာဆီယံက တောင်းဆိုထားပါတယ်။ ဒါ့အပြင် အားလုံးပါဝင်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရှိလာဖို့ဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်”
စစ်ကောင်စီဘက်ကတော့ အကျဉ်းသားလွှတ်ပေးခဲ့တာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့ နေအိမ်တနေရာဆီ ပြောင်းရွှေ့ပေးထားတဲ့ အခြေအနေတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အာဆီယံဘက်ကတော့ (၁) အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ (၂) အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်ဖို့နဲ့ (၃) လူသားချင်းစာနာမှု အကူအညီတွေ လွတ်လပ်စွာ ပေးခွင့်ရဖို့ စတဲ့ အဓိက ကဏ္ဍ ၃ ခုမှာ ပိုပြီး တိုးတက်မှုတွေ လိုအပ်နေသေးတယ်လို့ ထောက်ပြထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆတ် ကလည်း ဒီဆွေးနွေးပွဲဟာ ပွင့်ပွင့်လင်းလင်းနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ဆိုပါတယ်။ သူက အာဆီယံအနေနဲ့ မူဝါဒတွေကို စွန့်လွှတ်လိုက်တာမဟုတ်ဘဲ လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေနေတာဖြစ်ပြီး ဒါဟာ ပထမဆုံးခြေလှမ်းသာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ အာဏာသိမ်း စစ်တပ်ဘက်က သူမဟာ ကျန်းမာရေးကောင်းမွန်ပြီး စနစ်တကျ ပြုစုစောင့်ရှောက်ထားတယ်လို့ အာဆီယံဝန်ကြီးတွေကို အာမခံပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အာဆီယံအထူးသံတမန်ဖြစ်သူ လာဇာရိုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ပေးဖို့ အာဆီယံဘက်က တောင်းဆိုထားပြီး၊ အဲဒီလို တွေ့ဆုံခွင့်ရမှသာ စစ်ကောင်စီရဲ့ ပြောကြားချက် မှန်မမှန်ကို အာဆီယံအနေနဲ့ လွတ်လပ်စွာ အတည်ပြုနိုင်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဟာ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ မကိုက်ညီကြောင်းဆွေးနွေးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
“အာဆီယံရဲ့ ထုတ်ပြန်ချက် (၅) ရပ် (5PC) ဟာ အာဆီယံရဲ့ အခြေခံမူတွေနဲ့ ကွဲလွဲနေတဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိပကတိ နိုင်ငံရေးအခြေအနေနဲ့ မကိုက်ညီပါဘူး။ ဒါကို လိုအပ်သလို ပြန်လည်သုံးသပ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်က ဇူလိုင် ၉ ရက်နေ့မှာ အရေးကြီးအဆို အတည်ပြုထားတဲ့အတွက် ရွေးကောက်ခံအစိုးရအနေနဲ့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိပါတယ်။” လို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။















