BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

, ,

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ နှင့် မြန်မာ့ပြည်တွင်းစစ် နောက်ကွယ်က လိင်အကြမ်းဖက်ခြင်း စစ်လက်နက်

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ ဆောင်းပါး | Burma Independent Voice ကျော့မောင် စစ်ပွဲတွေရဲ့ အရုပ်ဆိုးဆုံးနဲ့ ရေရှည်ဒဏ်ရာအနက်ရှိုင်းဆုံး ချန်ထားရစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေထဲမှာ “ စစ်မက်ကာလအတွင်း ဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ မုဒိမ်းမှုတွေက ထိပ်ဆုံးက ပါဝင်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပြည်တွင်းစစ် သမိုင်းကြောင်းမှာ စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဆန်းစစ်ရာမှာ အရုပ်ဆိုးအကျည်းတန်ဆုံး အခန်းကဏ္ဍတခုကတော့ ရာဇဝတ်မှုတွေကို ရုပ်ပိုင်းဆိုင်ရာအရ ကျူးလွန်ရုံတင်မကဘဲ၊ ကျူးလွန်ခံရတဲ့ သားကောင်တွေကို လူ့အဆင့်အတန်းအောက် လျှော့ချမှု (Dehumanization) ဖြစ်ပါတယ်။ စာရေးဆရာမ ဒါရာကေး ကိုဟန် ရဲ့ “ Rape During Civil War” ဆိုတဲ့ သုတေသနစာအုပ်ကနေ ထောက်ပြထားတာကတော့ စစ်ပွဲအတွင်းမှာ အုပ်စုဖွဲ့…

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ ဆောင်းပါး | Burma Independent Voice

ကျော့မောင်

စစ်ပွဲတွေရဲ့ အရုပ်ဆိုးဆုံးနဲ့ ရေရှည်ဒဏ်ရာအနက်ရှိုင်းဆုံး ချန်ထားရစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေထဲမှာ “ စစ်မက်ကာလအတွင်း ဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ မုဒိမ်းမှုတွေက ထိပ်ဆုံးက ပါဝင်ပါတယ်။

မြန်မာ့နိုင်ငံရေးနဲ့ ပြည်တွင်းစစ် သမိုင်းကြောင်းမှာ စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဆန်းစစ်ရာမှာ အရုပ်ဆိုးအကျည်းတန်ဆုံး အခန်းကဏ္ဍတခုကတော့ ရာဇဝတ်မှုတွေကို ရုပ်ပိုင်းဆိုင်ရာအရ ကျူးလွန်ရုံတင်မကဘဲ၊ ကျူးလွန်ခံရတဲ့ သားကောင်တွေကို လူ့အဆင့်အတန်းအောက် လျှော့ချမှု (Dehumanization) ဖြစ်ပါတယ်။

စာရေးဆရာမ ဒါရာကေး ကိုဟန် ရဲ့ “ Rape During Civil War” ဆိုတဲ့ သုတေသနစာအုပ်ကနေ ထောက်ပြထားတာကတော့ စစ်ပွဲအတွင်းမှာ အုပ်စုဖွဲ့ မုဒိမ်းမှုကျူးလွန်ကြတာဟာ စစ်ခေါင်းဆောင်တွေရဲ့ တိုက်ရိုက်အမိန့်ကြောင့် ဖြစ်တာထက်၊ စစ်သားအချင်းချင်း သစ္စာစောင့်သိမှု တည်ဆောက်တဲ့ လူမှုဆက်ဆံရေး လက်နက်တခု (Violent Socialization Practice) အဖြစ် သုံးစွဲကြတာဆိုတဲ့ အချက် ဖြစ်ပါတယ်။

အထူးသဖြင့် ဆန္ဒအလျောက် စစ်ထဲဝင်လာတာမဟုတ်ဘဲ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ စစ်သားတွေ ဟာ အချင်းချင်း ယုံကြည်မှုမရှိကြပါဘူး။ အဲ့ဒီအခါ အဖွဲ့အစည်းအပေါ် သစ္စာရှိကြောင်း ပြသဖို့နဲ့ အတိတ်က လူမှုဘဝတွေကို ဖြတ်တောက်ဖို့အတွက် “ အုပ်စုဖွဲ့ မုဒိမ်းကျူးလွန်ခြင်း” (Gang Rape) ကို အသုံးချပြီး သစ္စာစောင့်သိမှု ပုံဖော်ကြတယ်လို့ ဆိုပါတယ်။ စစ်သားအချင်းချင်း ယုံကြည်မှုနဲ့ စစ်ရေးနှောင်ကြိုး ဖြစ်စေဖို့ အရပ်သား အမျိုးသမီးတွေကို သားကောင်အဖြစ် အသုံးချကြခြင်း ဖြစ်ပါတယ်။ ဒါကတော့ ကိုဟန် ရဲ့ ကမ္ဘာတဝန်း ဖြစ်ပွားခဲ့တဲ့ အဓိက ပြည်တွင်းစစ်တွေကို အခြေခံပြီး၊ စီအာရာလီယွန် ၊ တီမောလက်စ်တေ နဲ့ အယ် နိုင်ငံတွေက ကျူးလွန်သူ စစ်သားဟောင်းတွေကို ကိုယ်တိုင် အင်တာဗျူးပြီး သုတေသနတွေ့ရှိချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်း မြန်မာစစ်တပ်က ကျူးလွန်မှုတွေကတော့ အဲ့ဒီထက်ပိုပြီး နက်ရှိုင်းတယ်လို့ ဆိုရမှာပါ။ မြန်မာစစ်တပ်ဟာ ခေတ်အဆက်ဆက်မှာ ကလေးသူငယ်တွေ၊ လမ်းပေါ်က အရပ်သားတွေကို အတင်းအဓမ္မ ပေါ်တာဆွဲတာ၊ အဓမ္မ စစ်သားစုဆောင်းတာ တွေကို ပြုလုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ စစ်မှုထမ်းဥပဒေကို အသုံးချပြီး အရပ်သားတွေကို အတင်းအဓမ္မ စစ်ထဲသွင်းခဲ့ပါတယ်။ Cohen ရဲ့ သီအိုရီအရ ဒီလို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ စစ်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဟာ အရပ်သားတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ မြန်မာ့စစ်မျက်နှာစာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့အခါ အမျိုးသမီးတွေကို ဖမ်းဆီးခြင်း၊ အုပ်စုဖွဲ့ မုဒိမ်းကျူးလွန်ခြင်းတွေကို သမိုင်းအဆက်ဆက် ပြုလုပ်ခဲ့ကြပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) နဲ့ ကမ္ဘာ့ကုလသမဂ္ဂ (UN) တို့ရဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွေအရ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်နဲ့ စစ်တပ်ရဲ့ နှိမ်နင်းမှုတွေအတွင်း အထူးသဖြင့် ၂၀၁၇ ခုနှစ် ဩဂုတ်လကစတင်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း မျိုးတုံးသတ်ဖြတ်မှု မြောက်စေတဲ့ စစ်ဆင်ရေးတွေမှာ) မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားဖို့နဲ့ ထိတ်လန့်တုန်လှုပ်စေဖို့အတွက် “ စစ်လက်နက်” (Weapon of War) တခုလို စနစ်တကျ အသုံးချခဲ့ကြတာ ထင်ရှားပါတယ်။

မြန်မာ့စစ်တပ်ရဲ့ ရခိုင်စစ်ဆင်ရေးအတွင်း ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် မုဒိမ်းမှုတွေဟာ ကျပန်းဖြစ်ပွားခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ စစ်မြေပြင်တပ်မှူးတွေကိုယ်တိုင် စနစ်တကျ စေခိုင်းခဲ့တာ (သို့မဟုတ်) သိလျက်နဲ့ ခွင့်ပြုပေးခဲ့တဲ့ “ အမိန့်ပေး စေခိုင်းမှု” (Command-Directed Tactic) ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ “ Rape by Command Study” အစီရင်ခံစာတွေက ဆိုထားပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှု အများစုဟာ လုံခြုံရေးတပ်ဖွဲ့တွေ ကျေးရွာတွေကို ဝင်ရောက်စီးနင်းချိန်မှာ အရေအတွက် အဆမတန် အုပ်စုဖွဲ့ပြီး လူမြင်ကွင်းတွေမှာ ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြတဲ့ အုပ်စုဖွဲ့ မုဒိမ်းမှုများ (Gang Rapes) ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် ထောင်ပေါင်းများစွာကို ပစ်မှတ်ထားခဲ့ပြီး၊ အချို့ကို စစ်စခန်းတွေအတွင်းမှာ ကာလရှည်ပိတ်လှောင်ပြီး လိင်ကျွန် အဖြစ် ပြုလုပ်ခဲ့ကြသလို၊ အချို့ကိုတော့ သစ်ပင်တွေမှာ ချည်နှောင်ကာ ရိုက်နှက်ခြင်းနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြတ်တောက်မသန်မစွမ်းဖြစ်အောင် နှိပ်စက်ခဲ့ကြပါတယ်။

ဒါအပြင် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေသာမကပါဘူး ရိုဟင်ဂျာ အမျိုးသားတွေနဲ့ ယောက်ျားလေးငယ်တွေကိုပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် မျိုးပွားအင်္ဂါများကို ညှင်းပန်းနှိပ်စက်ခြင်း ပြုလုပ်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကို အရှက်ခွဲကာ အမျိုးသားထုကို ဒူးထောက်စေဖို့ လုပ်ဆောင်ခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြုထားပါတယ်။

ဒီလိုကျူးလွန်မှုဟာ မြန်စစ်တပ်တခုတည်းက ကျူးလွန်ကြတာမျိုးတော့မဟုတ်ပါဘူး။ တခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အလားတူ ကျူးလွန်မှုတွေကို စစ်ပွဲအတွင်းမှာ လုပ်ဆောင်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အာဏာစက်အပြောင်းအလဲ ဖြစ်ပေါ်လာပြီး ရက္ခိုင့်တပ်တော် (AA) က နယ်မြေအမြောက်အမြားကို ထိန်းချုပ်လာနိုင်တဲ့အခါမှာလည်း ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ ဘဝဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဘေးအန္တရာယ်ကနေ ကင်းလွတ်မသွားခဲ့ပါဘူး။

မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ အမှတ်အသားဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ အခုအခါ AA ရဲ့ ထိန်းချုပ်မှုအောက်မှာ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းနဲ့ စနစ်တကျ ထိန်းချုပ်ခြင်း ယန္တရားတွေထဲအထိ ပုံစံသစ်နဲ့ ထပ်မံအမြစ်တွယ်လာနေတယ်လို့ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း (BROUK) ရဲ့ အစီရင်ခံစာတခုက ထောက်ပြပါတယ်။

မျိုးတုံးသတ်ဖြတ်မှု မြောက်စေတဲ့ Campaign အများစုမှာ ကျူးလွန်သူတွေဟာ သားကောင်ဖြစ်မယ့် လူမျိုးစုအပေါ် အရေပြားအရောင်၊ ကိုးကွယ်တဲ့ဘာသာနဲ့ ရုပ်ရည်သွင်ပြင်တွေကို အခြေခံကာ “ လူအဆင့်မရှိသူများ” ၊ “ ရွံရှာဖွယ်ကောင်းသူများ” အဖြစ် လူထုစိတ်ထဲတွင် ပုံဖော်လေ့ရှိပါတယ်။

အရပ်သားအစိုးရလက်ထက်က ရခိုင်စစ်မျက်နှာစာမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် မုဒိမ်းမှုတွေ ကျူးလွန်မှုကို ပြောဆိုကြတဲ့ “ ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ ရုပ်ရေသွင်ပြင်က မုဒိမ်းကျင့်ချင်စရာ မကောင်းလောက်အောင် ရွံရှာဖွယ်ရာဖြစ်တာမို့လို့ စစ်သားတွေက မုဒိမ်းကျင့်တယ်ဆိုတာက မဖြစ်နိုင်ကြောင်း၊နဲ့ လုပ်ကြံစွပ်စွဲချက်များသာဖြစ်တယ်ဆိုပြီး လူ့သိက္ခာကို အောက်ခြေအဆင့်အထိ လျှော့ချပြီး အများပြည်သူကြားနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝါဒဖြန့် ပြောဆိုခဲ့ကြပါတယ်။

ဒီပြောဆိုချက်ဟာ ရိုးရှင်းတဲ့ ကာကွယ်ချက်တစ်ခု မဟုတ်ဘဲ၊ သားကောင်ဖြစ်ရသူတွေကို မိန်းမသားတဦးချင်းစီရဲ့ လူ့ဂုဏ်သိက္ခာ၊ လူသားတဦးရဲ့ တန်ဖိုးတို့ကနေ လျှော့ချပစ်တဲ့ စနစ်တကျ လုပ်ဆောင်သော “ လူ့အဆင့်မှ လျှော့ချခြင်း” (Dehumanization) နည်းဗျူဟာ ဖြစ်ပါတယ်။

အဲ့ဒီလို စက်ဆုပ်ဖွယ် ပြောဆိုချက်တွေဟာ မြန်မာ့လူ့အသိုက်အဝန်းထဲမှာ အမြစ်တွဲနေတဲ့ လိင်အကြမ်းဖက်မှုတွေကို ရှုမြင်လေ့ရှိတဲ့ ပုံသဏ္ဍန်တွေကြောင့် ဖြစ်ပါတယ်။ မုဒိမ်းမှုကို သာမန် “ ကာမစိတ်ဆန္ဒ” သို့မဟုတ် “ ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု” ကြောင့် ဖြစ်ပွားရတဲ့ ကိစ္စတခုအဖြစ် သတ်မှတ်လေ့ရှိတဲ့ အတွေးအမြင်တွေကြောင့်ဖြစ်ပါတယ်။

စိတ်ပညာသုတေသနတွေက ထောက်ပြထားတာကတော့ “ သားကောင်မှာပဲ တာဝန်ရှိတယ်” လို့ တွေးတောပြစ်တင်တာဟာ (Victim-blaming) လူ့အဖွဲ့အစည်းကြားမှာ စွဲမြဲနေတဲ့ လိင်အကြမ်းဖက်မှုဆိုင်ရာ အယူအဆအမှားတွေ ကြောင့်ပဲ ဖြစ်ပါတယ်။

သုတေသနတွေအရ ကျူးလွန်သူတွေဟာ သားကောင်ရဲ့ အဝတ်အစား ဒါမှမဟုတ် ရုပ်ရည်ကြောင့် စိတ်ကြွလာတာမျိုး မဟုတ်ဘဲ၊ “ ပြန်လည်တုံ့ပြန်ဖို့ အားနည်းနိုင်ခြေရှိသူ” (Vulnerable ဖြစ်သူ) ဒါမှမဟုတ် အကာအကွယ်မဲ့နေသူကိုပဲ တမင်တကာ ပစ်မှတ်ထား ရွေးချယ်ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အစီရင်ခံစာတွေမှာ အဓိကထောက်ပြတဲ့ အကြောင်းရင်းတွေက ကျား၊မ တန်းတူညီမျှမှုမရှိတာဖြစ်ပါတယ်။ အမျိုးသားကြီးစိုးတဲ့ လူ့အဖွဲ့အစည်းမှာ အကြမ်းဖက်မှုကို လက်ခံတဲ့ ယဉ်ကျေးမှုနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေခြင်းတို့ကြောင့်သာ ဖြစ်ပါတယ်။

စစ်မက်ကာလအတွင်း ဖြစ်ပွားတဲ့ မုဒိမ်းမှုနဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု (Gang Rape) ဆိုတာက ကာမရာဂစိတ်ကြောင့် ကျူးလွန်ခြင်း လုံးဝမဟုတ်ပါဘူး။ ဒါဟာ “ အာဏာပြသခြင်း” (Power)၊ “ ထိန်းချုပ်ခြင်း” (Control)၊ “ အဖွဲ့အစည်းအချင်းချင်း သွေးသောက်သစ္စာပြုခြင်း” (Violent Socialization) နဲ့ ရန်သူ့လူမျိုးစုကို “ အရှက်ခွဲ စိတ်ဓာတ်ချိုးနှိမ်ခြင်း” (Systematic Terror) တို့အတွက် သီးသန့်အသုံးချတဲ့ ရက်စက်ကြမ်းကြုတ်သော စစ်လက်နက် (Weapon of War) သာ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာအမျိုးသမီးများကို ကျေးရွာတွေအတွင်း စနစ်တကျ အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့်အခါ၊ သားကောင်တွေရဲ့ ရုပ်ရည်သွင်ပြင် မည်သို့ရှိသည်ကို ထည့်သွင်းစဉ်းစားတာမျိုး မဟုတ်ဘဲ၊ ထိုလူမျိုးစုတခုလုံးကို အကြောက်တရား သွတ်သွင်းဖို့နဲ့ သူတို့ရဲ့ နယ်မြေတွေကနေ အပြီးအပိုင် မောင်းထုတ်ဖို့အတွက် စစ်ဆင်ရေးဗျူဟာအရ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို စနစ်တကျ လက်နက်သဖွယ် အသုံးပြုခြင်းသည် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များတွင်တင်မကဘဲ၊ မြန်မာနိုင်ငံရှိ အခြားသော တိုင်းရင်းသားလူနည်းစုများအပေါ်တွင်လည်း ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက အမြစ်တွယ်နေခဲ့သည့် စစ်တပ်ရဲ့ ရာဇဝတ်မှု ယဉ်ကျေးမှုတရပ် ဖြစ်တယ်ဆိုတာ သိသာထင်ရှားလှသည်။

၁၉၇၀၊ ၁၉၈၀၊ ၁၉၉၀ ပြည့်လွန်နှစ်များကနေ သည် ၂၀၀၁ ခုနှစ်အထိ မြန်မာစစ်တပ်ဟာ ကချင်ရွာတွေကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို အတင်းအဓမ္မ နေရပ်စွန့်ခွာစေတာတွေနဲ့အတူ အမျိုးသမီးတွေကို အုပ်စုဖွဲ့ မုဒိမ်းကျူးလွန်ခြင်းတာ၊ စုပြုံမုဒိမ်းကျူးလွန်တာတွေကို စနစ်တကျ ပြုလုပ်ခဲ့ပါတယ်။

ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) ရဲ့ မှတ်တမ်းတွေကို အရ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ကရင်ပြည်နယ်ထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း (၁၂၅) ခုထက်မနည်း ဖြစ်ခဲ့ပါတယ်။ စိတ်မကောင်းစရာက အဲ့ဒီအမှုတွေရဲ့ တစ်ဝက်လောက်ဟာ အဆင့်မြင့် စစ်အရာရှိကြီးတွေ ကိုယ်တိုင် ကျူးလွန်ခဲ့တာပါ။ ပြီးတော့ အဲ့ဒီအမှုတွေထဲက ၄၀ ရာခိုင်နှုန်းဟာ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာမျိုးတွေ ဖြစ်ပြီး၊ ၂၈ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီးတာနဲ့ ရက်ရက်စက်စက် သတ်ပစ်ခဲ့ကြတာ (Raped and Killed) ဖြစ်ပါတယ်။

ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာလည်း အလားတူပါပဲ။ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ချင်းအမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ စစ်တပ်စစ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမယ့် ဘေးအန္တရာယ်ကို နေ့တိုင်းလိုလို စိုးရိမ်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ ဖြတ်သန်းခဲ့ကြရတာပါ။ အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ရဲ့ အစီရင်ခံစာတွေမှာလည်း တိုင်းရင်းသား လူနည်းစုတွေ နေထိုင်တဲ့ ဒေသအားလုံးမှာ အဆင့်မြင့်အရာရှိတွေကော အောက်ခြေစစ်သားတွေပါ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေမှာ ကိုယ်တိုင် ပါဝင်ကျူးလွန်တာ ဒါမှမဟုတ် ပူးပေါင်းကြံစည်တာတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်စနစ်အောက်က ဥပဒေတွေနဲ့ လုပ်ပိုင်ခွင့်တွေဟာ စစ်သားတွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အမြဲတစေ အကာအကွယ်ပေးထားတဲ့အတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) ရရှိနေကြပါတယ်။ ဒါ့အပြင် တရားမျှတမှု ရရှိဖို့ အသက်ဘေးကြားက ကြိုးပမ်းကြသည့် သတ္တိခဲ အမျိုးသမီးတွေနဲ့ သက်သေတွေကိုလည်း အာဏာပိုင်တွေက ခြိမ်းခြောက်တာ သတင်းအချက်အလက်တွေကို လုံးဝငြင်းပယ်တာတွေနဲ့ စနစ်တကျဖုံးကွယ်ခဲ့ကြပါတယ်။

ဒီလို သတင်းအချက်အလက်တွေကို လုံးဝငြင်းပယ်ပြီး အကာအကွယ်ပေးထားတဲ့အတွက်ကြောင့်ပဲ မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာတွေတင်မကဘဲ နောက်ပိုင်းမှာ ကချင်၊ ကရင်၊ ချင်း၊ ရှမ်းနဲ့ ဗမာတိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့အထိပါ အလားတူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ရက်စက်မှုတွေကို ပြစ်ဒဏ်ခံယူရတာမရှိဘဲ လွတ်ငြိမ်းခွင့် (Culture of Impunity) ကို အသုံးချပြီး ဆက်လက်ကျူးလွန်ရဲကြတာ ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းတွေကို ရောက်ရှိလာကြတဲ့ ဒဏ်ရာရအမျိုးသမီးတွေဟာ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေ၊ စိတ်ဒဏ်ရာလွန် ဝေဒနာ (PTSD) တွေကို ခံစားခဲ့ရရုံတင်မကဘဲ၊ မုဒိမ်းကျူးလွန်ခံရမှုကြောင့် ကိုယ်ဝန်ရရှိလာခြင်း (Out-of-wedlock Pregnancies) တွေကြောင့် သူတို့ရဲ့ ရှေးရိုးစွဲဆန်တဲ့ လူမှုအသိုင်းအဝိုင်းအတွင်းမှာ ဖယ်ကြဉ်ခံရတာနဲ့ စွပ်စွဲပုတ်ခတ်ခံရတာ အစရှိတဲ့ Social Ostracization တွေကိုပါ ထပ်ဆင့် ခါးသီးစွာ ရင်ဆိုင်ခဲ့ကြရပါတယ်။

နိုင်ငံတကာက စစ်ရာဇဝတ်မှုများအတွက် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နေပေမယ့် မြန်မာစစ်တပ်ကတော့ ပြည်တွင်းဥပဒေအရ ဘယ်လိုအရေးယူခံရခြင်းမှ မရှိဘဲ သူတို့ရဲ့ စစ်အာဏာစက်အောက်မှာ ဒီပြစ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်တွင်းကလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ စစ်သားတဦးချင်းစီရဲ့ ကာမစိတ်ဆန္ဒကြောင့် ဖြစ်ရတဲ့ သာမန်ရာဇဝတ်မှု မဟုတ်ပါဘူး။ ဒါဟာ အတင်းအဓမ္မ ဖမ်းဆီးခံထားရတဲ့ အောက်ခြေစစ်သားတွေကြားမှာ အုပ်စုဖွဲ့ စည်းလုံးမှုရအောင် အကျည်းတန်စွာ အသုံးချတဲ့ “ အဖွဲ့အစည်းဆိုင်ရာ ရက်စက်မှု” တခု ဖြစ်သလို၊ ရည်ရွယ်ချက်ရှိရှိ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ လူမျိုးစုတွေရဲ့ စိတ်ဓာတ်ကို အကြောက်တရားနဲ့ ရိုက်ချိုးဖို့ စစ်ခေါင်းဆောင်တွေ ကိုယ်တိုင်က ဗျူဟာမြောက် အသုံးချခဲ့တဲ့ စစ်လက်နက်တခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အတွင်းမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက အကာကွယ်မဲ့နေဆဲဖြစ်ပါတယ်။ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်မှုတွေက မြန်မာစစ်တပ်တခုတည်းက ကျူးလွန်နေတာမဟုတ်ဘဲ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းတွေအတွင်းမှာ အလားတူဖြစ်ရပ်တွေ ရှိလာတာက ပိုပြီး စိုးရိမ်စရာကောင်းလာပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းက ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ စိုးရိမ်စရာကောင်းလောက်အောင် ဆိုးရွားစွာ မြင့်တက်နေတယ်လို့ ကုလသမဂ္ဂကလည်း အစီရင်ခံစာထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်ရပ်တွေကနေ အမျိုးသမီးနဲ့ကလေးငယ်တွေကို ဘယ်လိုမျိုး အကာအကွယ်ပေးဆိုတဲ့ မေးခွန်းမှာတော့ အဖြေရှိမနေပါဘူး။

လက်နက်နဲ့ အာဏာ လက်ဝယ်ရှိထားသူတွေအောက်မှာ စစ်အတွင်းက အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခံရမှုတွေကနေ အကာအကွယ်ဟာ ပျောက်ဆုံးနေဆဲဖြစ်သလို၊ ကျူးလွန်သူတွေကလည်း ထိုက်တန်တဲ့ တရားစီမှုမခံရဘဲ ပြစ်ဒဏ်ကနေ လွတ်မြောက်ခွင့်ရနေဆဲဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed