BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

Artemis 2 အာကာသယာဉ် လကမ္ဘာကိုပတ်ပြီး သမိုင်းဝင် စံချိန်သစ်တင်၊ လူသားတို့ ကမ္ဘာနှင့် အဝေးဆုံးသို့ ရောက်ရှိ

၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် | Burma Independent Voice

နာဆာရဲ့ Artemis 2 အာကာသယာဉ်ဟာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့မှာ လကမ္ဘာရဲ့ တစ်ဖက်ခြမ်းကို ပတ်ရုံသာမက၊ လူသားမျိုးနွယ်သမိုင်းမှာ ကမ္ဘာမြေနဲ့ အဝေးဆုံးနေရာအထိ ရောက်ရှိသွားတဲ့ စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။

Artemis 2 အာကာသယာဉ်ဟာ ကမ္ဘာမြေကနေ မိုင်ပေါင်း ၂၅၂,၇၅၆ (ကီလိုမီတာ ၄၀၆,၇၇၁) အကွာအဝေးအထိ ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ၁၉၇၀ ပြည့်နှစ်က Apollo 13 ခရီးစဉ် တင်ခဲ့တဲ့ စံချိန်ဟောင်းကို ကျော်လွန်သွားတာ ဖြစ်ပါတယ်။

အာကာသယာဉ်မှူး လေးဦးဟာ လမျက်နှာပြင်ကနေ ၄,၀၆၇ မိုင် (၆,၅၄၅ ကီလိုမီတာ) အကွာအဝေးကနေ ဖြတ်သန်းခဲ့ကြပါတယ်။ ၎င်းတို့ဟာ “လကမ္ဘာရဲ့ ဂရင်းကင်ညွန်” (Grand Canyon of the moon) လို့ တင်စားရတဲ့ Orientale Basin ချောက်ကြီးကို နေရောင်ခြည်အောက်မှာ ပထမဆုံးအကြိမ် လူသားမျက်စိနဲ့ မြင်တွေ့ခဲ့ရပါတယ်။

အာကာသယာဉ်မှူးတွေဟာ လကမ္ဘာရဲ့ နောက်ကွယ်ကနေ ထူးခြားတဲ့ “နေစုစုပေါင်းကြတ်ခြင်း” (Total Solar Eclipse) ကိုလည်း ကြည့်ရှုခွင့်ရခဲ့ပါတယ်။ ကမ္ဘာပေါ်က မြင်ရတဲ့ နေကြတ်ခြင်းထက် ပိုမိုကြာမြင့်ပြီး ၅၃ မိနစ်ခန့် ကြာမြင့်ခဲ့ပါတယ်။

အာကာသယာဉ်မှူးတွေဟာ လပေါ်က အမည်မပေးရသေးတဲ့ မီးတောင်ဝတခုကို ခရီးစဉ်ရဲ့ အာကာသယာဉ်အမည် “Integrity” လို့ အမည်ပေးခဲ့သလို၊ နောက်ထပ် မီးတောင်ဝတစ်ခုကိုတော့ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ အာကာသယာဉ်မှူး Reid Wiseman ရဲ့ ဇနီးကို ဂုဏ်ပြုတဲ့အနေနဲ့ “Carroll” လို့ အမည်ပေးဖို့ အဆိုပြုခဲ့ကြပါတယ်။

Artemis 2 အာကာသယာဉ်ဟာ လကမ္ဘာရဲ့ ဆွဲငင်အားကို အသုံးချပြီး ကမ္ဘာမြေဘက်ကို ပြန်လည်ဦးတည်နေပြီဖြစ်ကာ လာမည့် သောကြာနေ့ (ဧပြီလ ၁၀ ရက်) မှာ ဆန်ဒီယေဂို ကမ်းလွန်ပင်လယ်ပြင်ထဲကို ထီးလှိုင်ဖြင့် ဆင်းသက်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လူသားတွေကို လကမ္ဘာဆီ ပထမဆုံးအကြိမ် ပြန်လည်စေလွှတ်တာဖြစ်ပြီး၊ လာမယ့်၂၀၂၇ နဲ့ ၂၀၂၈ ခုနှစ်တွေမှာ လပေါ်ကို ခြေချမယ့် Artemis 3 နဲ့ Artemis 4 ခရီးစဉ်တွေအတွက် အရေးပါတဲ့ အောင်မြင်မှုတခု ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *