BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

,

၂၀၂၆ ကမ္ဘာ့ဖလားက ဟန်ပြပုံဖေါ်ထားတဲ့ အခြေအနေမဲ့ ရွှေ့ပြောင်းအခြေချ လူတန်းစားတွေရဲ့ မျှော်လင့်ချက်

ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ဆောင်းပါး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကမ္ဘာ့ဘောလုံးလောကတခုလုံးကို အားလုံးပါဝင်နိုင်မှုနဲ့ ကွဲပြားစုံလင်မှုတွေကို အောင်ပွဲခံတဲ့ ပွဲတော်တခုအဖြစ် ပုံဖော်နေပါတယ်။ ဒါကို ငြိမ်းချမ်းရေးနဲ့ မျှော်လင့်ချက်တွေရဲ့ ရှေ့ပြေးနိမိတ်အဖြစ် ပြသနေရုံတင်မကဘဲ မြေထဲပင်လယ်ကို ဖြတ်ကူးဖို့ ကြိုးစားရင်း ရေနစ်သေဆုံးနေကြရတဲ့ အာဖရိကန် ရွှေ့ပြောင်းအခြေချသူတွေကို ကယ်တင်မယ့် အရာတခုလိုမျိုးတောင် ဟန်ဆောင်မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဟန်ပြပြောဆိုချက်တွေဟာ ဘောလုံးကစားပြီး အသက်မွေးဝမ်းကျောင်းပြုချင်တဲ့ အိပ်မက်တွေနဲ့ နည်းလမ်းမျိုးစုံသုံးကာ ဥရောပကို (အထူးသဖြင့် အနောက်အာဖရိကကနေ) ထွက်ခွာလာကြတဲ့ အခြေအနေမဲ့ ရွှေ့ပြောင်းအခြေချ လူတန်းစားတရပ် ရှိနေခြင်းဆိုတဲ့ အရှိတရားကို ဖုံးကွယ်မထားနိုင်ပါဘူး။…

ဇွန် ၁၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

ဆောင်းပါး

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ကမ္ဘာ့ဘောလုံးလောကတခုလုံးကို အားလုံးပါဝင်နိုင်မှုနဲ့ ကွဲပြားစုံလင်မှုတွေကို အောင်ပွဲခံတဲ့ ပွဲတော်တခုအဖြစ် ပုံဖော်နေပါတယ်။ ဒါကို ငြိမ်းချမ်းရေးနဲ့ မျှော်လင့်ချက်တွေရဲ့ ရှေ့ပြေးနိမိတ်အဖြစ် ပြသနေရုံတင်မကဘဲ မြေထဲပင်လယ်ကို ဖြတ်ကူးဖို့ ကြိုးစားရင်း ရေနစ်သေဆုံးနေကြရတဲ့ အာဖရိကန် ရွှေ့ပြောင်းအခြေချသူတွေကို ကယ်တင်မယ့် အရာတခုလိုမျိုးတောင် ဟန်ဆောင်မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဟန်ပြပြောဆိုချက်တွေဟာ ဘောလုံးကစားပြီး အသက်မွေးဝမ်းကျောင်းပြုချင်တဲ့ အိပ်မက်တွေနဲ့ နည်းလမ်းမျိုးစုံသုံးကာ ဥရောပကို (အထူးသဖြင့် အနောက်အာဖရိကကနေ) ထွက်ခွာလာကြတဲ့ အခြေအနေမဲ့ ရွှေ့ပြောင်းအခြေချ လူတန်းစားတရပ် ရှိနေခြင်းဆိုတဲ့ အရှိတရားကို ဖုံးကွယ်မထားနိုင်ပါဘူး။

သုတေသနပြုချက်များစွာမှာ ဖော်ပြထားသလိုပဲ အဲဒီလူငယ်အများစုဟာ လိမ်လည်လှည့်ဖြားတတ်တဲ့ အေးဂျင့်တွေရဲ့ ကစားခြင်းကို ခံရတာ၊ ဘောလုံးကလပ်တွေရဲ့ ခေါင်းပုံဖြတ်ခြင်းကို ခံရတာတွေကြောင့် လမ်းခုလတ်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သောင်တင်ကျန်ရစ်ခဲ့ကြရပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း လေ့လာထားတဲ့ သုတေသနတွေ ရှိနေပေမယ့်လည်း အနောက်အာဖရိက ဘောလုံးရွှေ့ပြောင်းကစားသမားတွေအကြောင်း သတင်းတွေထွက်လာရင် လူကုန်ကူးမှုရဲ့ သားကောင်တွေအဖြစ် သို့မဟုတ် ထိပ်တန်းကလပ်တွေက ကြယ်ပွင့်ကစားသမားတွေအဖြစ် စတဲ့ အစွန်းနှစ်ဖက် ဇာတ်ကြောင်းတွေနဲ့ပဲ စိတ်လှုပ်ရှားစရာဖြစ်အောင် ပုံဖော်နေကြတာ ဖြစ်ပါတယ်။

ဘောလုံးလောကမှာ လူကုန်ကူးမှုတွေ အမှန်တကယ် ရှိနေပြီး ဒါကို စုံစမ်းစစ်ဆေးရေး ဂျာနယ်လစ်တွေက အသေအချာ ဖော်ထုတ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် သားကောင်ဖြစ်ရမှု သို့မဟုတ် ကြယ်ပွင့်ဖြစ်လာမှု ဆိုတဲ့ အချက်နှစ်ခုတည်းအပေါ်မှာပဲ အာရုံစိုက်နေခြင်းဟာ ဒီနေ့ခေတ် ဥရောပနဲ့ ဘောလုံးလောကကို ပြောင်းလဲပေးနေတဲ့ ရွှေ့ပြောင်းအခြေချသူ အများစုရဲ့ အမှန်တကယ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ မျှော်လင့်ချက်တွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပါပဲ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော်အတွင်း အနောက်အာဖရိကကနေ ဥရောပကို ဘောလုံးအကြောင်းပြု ရွှေ့ပြောင်းလာသူတွေအကြောင်း မနုဿဗေဒဆိုင်ရာ သုတေသနပြုချက်တွေအရ လန့်ဖျန့်ထားတဲ့ သတင်းခေါင်းစီးတွေနဲ့ ကယ်တင်ရှင်ဇာတ်ကြောင်းတွေရဲ့ ကြားထဲက ဖြစ်ရပ်မှန်ကတော့ အမြတ်အစွန်းကိုပဲ ရှေးရှုတဲ့ စက်ဆုပ်ဖွယ် အကျိုးဆောင်လုပ်ငန်းတွေနဲ့ အကြမ်းဖက် နယ်စပ်စည်းမျဉ်းတွေကြားထဲမှာ ရုန်းကန်နေရတဲ့ ရည်မှန်းချက်ကြီးပြီး ကြံ့ကြံ့ခံနိုင်ရည်ရှိတဲ့ ရွှေ့ပြောင်းလူတန်းစားတွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။

အနောက်အာဖရိကက အသက် ၁၈ နှစ်ကနေ ၃၉ နှစ်ကြား လူငယ်တွေကို သူတို့ဘဝရဲ့ အရေးကြီးဆုံး အိပ်မက်က ဘာလဲလို့ မေးမြန်းတဲ့ စစ်တမ်းတခုမှာ ဂါနာနိုင်ငံက လူငယ်အမျိုးသား ၁၃ ရာခိုင်နှုန်းနဲ့ ဂမ်ဘီယာနိုင်ငံက ၁၀ ရာခိုင်နှုန်းက ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်ချင်တာလို့ ဖြေဆိုခဲ့ကြပါတယ်။ ဒါဟာ အလွန်မြင့်မားတဲ့ ရာခိုင်နှုန်းဖြစ်ပြီး အသက် ၁၅ နှစ်ကနေ ၃၀ ကြား လူငယ်တွေထဲမှာဆိုရင် ဒီထက် ပိုများနိုင်ပါတယ်။ တကယ်တမ်းမှာ ပရော်ဖက်ရှင်နယ် ဖြစ်လာဖို့ လက်တွေ့ကျတဲ့ အခွင့်အရေး ရရှိသူ အလွန်နည်းပါးတာကို ထည့်သွင်းစဉ်းစားရင် ဒီကိန်းဂဏန်းတွေဟာ အံ့ဩစရာ ကောင်းလှပါတယ်။

အနောက်အာဖရိက ပြည်တွင်းလိဂ်တွေမှာ ဘောလုံးသမားဖြစ်ဖို့ အခွင့်အလမ်းက အကန့်အသတ်ရှိပြီး မရေရာတဲ့အပြင် လစာလည်း နည်းပါးတာကြောင့် ပရော်ဖက်ရှင်နယ် ဘောလုံးသမားဖြစ်ဖို့ အိပ်မက်မက်ခြင်းဟာ ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းအခြေချဖို့ အိပ်မက်မက်ခြင်းနဲ့ အတူတူပဲ ဖြစ်နေပါတယ်။ ဘောလုံးကစားတာနဲ့ လေ့ကျင့်တာဟာ လူငယ်တွေအတွက် ပြည်ပကိုထွက်ခွာဖို့၊ လုပ်စာရှာဖို့နဲ့ မိသားစုကို ထောက်ပံ့နိုင်ဖို့ အလိုချင်ဆုံး နည်းလမ်းတခု ဖြစ်လာခဲ့ပါတယ်။ အနောက်အာဖရိကက ဘောလုံးသမားလောင်းတွေဟာ နေရာစုံကို သွားရောက်ဖို့ ကြိုးစားကြပေမယ့် ဥရောပကတော့ သူတို့အတွက် အနှစ်သက်ဆုံး ရည်မှန်းချက်ပန်းတိုင်အဖြစ် ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ဂါနာ၊ ဂမ်ဘီယာ၊ အိုင်ဗရီကို့စ်နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေက လူငယ်တွေဟာ ရသမျှ နည်းလမ်းပေါင်းစုံနဲ့ ဥရောပကို သွားကြပါတယ်။ အဲဒီလမ်းကြောင်းအများစုဟာ ကလပ်အသင်းအချင်းချင်း တရားဝင် ကစားသမားအပြောင်းအရွှေ့လုပ်တာတွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဘယ်လ်ဂျီယံမှာ တွေ့ခဲ့ရတဲ့ ဂါနာလူငယ် ဘောလုံးသမားလောင်း တယောက်ဆိုရင် လစ်ဗျားနဲ့ အီတလီနိုင်ငံတွေကို ဖြတ်ပြီး စက်လှေနဲ့ တရားမဝင် လမ်းကြောင်းကနေ ဥရောပကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဥရောပကို ရောက်တော့မှသာ အောက်ခြေလိဂ်ကလပ်တွေမှာ ဘောလုံးကစားခွင့် ရဖို့ လိုက်လံရှာဖွေခဲ့ပြီး မိသားစုပြန်လည်ပေါင်းစည်းခွင့် ဗီဇာလျှောက်ထားရင်း ဖခင်ဖြစ်သူ၊ ညီဖြစ်သူတို့နဲ့အတူ နေထိုင်နေတာ ဖြစ်ပါတယ်။ လူတိုင်းကတော့ အခုလို အန္တရာယ်များတဲ့ လမ်းကြောင်းကို မရွေးချယ်ကြပါဘူး။ ဒါပေမယ့် ဘောလုံးကို အကြောင်းပြုတဲ့ ရွှေ့ပြောင်းအခြေချမှု အများစုဟာ တရားမဝင် ပွဲစားတွေ သို့မဟုတ် ပြည်ပမှာ ရောက်ရှိနေနှင့်ပြီးသား မိသားစုဝင်တွေကတဆင့် အလွတ်သဘော နည်းလမ်းတွေနဲ့သာ ဖြစ်ပျက်နေတာပါ။ တရားဝင်ခွင့်ပြုထားတဲ့ ကစားသမားအပြောင်းအရွှေ့တွေကတော့ အတော်ဆုံးနဲ့ ကံအကောင်းဆုံး ကစားသမား အနည်းငယ်အတွက်ပဲ ဖြစ်ပါတယ်။

ဘောလုံးသမားတွေက ဒီလိုရုန်းကန်ရမှုကို “ ဟုစတဲလ်” (Hustle) လို့ ခေါ်ကြပြီး၊ ဒါဟာ မရေရာပေမယ့် ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ အလွတ်သဘော စီးပွားရေးလောကထဲမှာ အသက်မွေးဝမ်းကျောင်း ရှာဖွေရတဲ့ ရုန်းကန်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။ ဗီဇာလျှောက်လွှာတွေ အမြဲတမ်း အပယ်ခံရပြီး ပုံမှန်ရွှေ့ပြောင်းသွားလာခွင့် လမ်းကြောင်းတွေ ရဖို့ခက်ခဲနေတဲ့ အခြေအနေမျိုးမှာ ရွှေ့ပြောင်းအခြေချလိုသူတွေအတွက်တော့ ဒါဟာ နိုင်ငံတကာ ရေပိုင်နက်တွေကို ဖြတ်ကျော်သွားလာနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေရခြင်းပဲ ဖြစ်ပါတယ်။

ဒီလို ရုန်းကန်ရမှုတွေဟာ စိတ်လှုပ်ရှားစရာနဲ့ အကျိုးအမြတ် ရှိနိုင်ပေမယ့် တဖက်မှာလည်း အလွန်ပင်ပန်းဆင်းရဲလှပါတယ်။ လောဘကြီးတဲ့ အေးဂျင့်တယောက်ရဲ့ စီမံခန့်ခွဲမှုအမှားကြောင့် ဘယ်လ်ဂျီယံမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအဖြစ် သောင်တင်နေခဲ့ရတဲ့ အိုင်ဗရီကို့စ်နိုင်ငံသား ကစားသမားတယောက်က သူ့ရဲ့ အခြေအနေကို “ရွှေရောင်လှောင်အိမ်” လို့ တင်စားပြောဆိုခဲ့ပါတယ်။

ဥရောပမှာ တောက်ပတဲ့ ကစားသမားဘဝ ရနိုင်မယ့် အခွင့်အရေးရှိလို့ “ ရွှေရောင်” လို့ ဆိုတာဖြစ်ပြီး၊ တရားမဝင် အခြေအနေကြောင့် အမြဲတမ်း ကြောက်လန့်နေရကာ အိပ်ခန်းကျဉ်းလေးထဲမှာပဲ ပိတ်မိနေရတာမို့ “ လှောင်အိမ်” လို့ ပြောတာ ဖြစ်ပါတယ်။ ဘောလုံးစာချုပ် မချုပ်ဆိုနိုင်ခဲ့ဘဲ ဘာလို့ ဥရောပမှာပဲ ဆက်နေတာလဲလို့ မေးတဲ့အခါ သူတို့က ဆက်ပြီး တိုက်ပွဲဝင်ရမှာဖြစ်ကြောင်း၊ အာဖရိကကနေ ထွက်ခွာခွင့်ရဖို့ဆိုတာ ဘောလုံးနဲ့ဖြစ်စေ၊ တခြားနည်းနဲ့ဖြစ်စေ နောက်တကြိမ် ဘယ်တော့မှ အခွင့်အရေး ထပ်ရတော့မှာ မဟုတ်ဘူးဆိုတာ သိနေလို့ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ တနည်းအားဖြင့် တင်းကျပ်လွန်းတဲ့ နယ်စပ်စည်းမျဉ်းတွေက သူတို့ကို လွတ်လွတ်လပ်လပ် သွားလာခွင့် မပေးဘဲ တရားမဝင် လမ်းကြောင်းတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ အောက်ခြေအမှောင်ပိုင်းထဲကို တွန်းပို့လိုက်တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ ဒီပြဿနာကို နှိမ်နင်းဖို့အတွက် စည်းမဲ့ကမ်းမဲ့ အေးဂျင့်တွေနဲ့ လူကုန်ကူးသူတွေကိုပဲ ကွက်ပြီး အပြစ်ရှာလေ့ ရှိကြပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ပိုမိုကြီးမားတဲ့ စနစ်ပိုင်းဆိုင်ရာ ပြဿနာကြီးတခုရဲ့ အစိတ်အပိုင်းအချို့သာ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ သွားလာမှုကို စီမံခန့်ခွဲပြီး ထိန်းချုပ်ဖို့ ကြိုးစားနေကြတဲ့ အေးဂျင့်တွေ၊ နည်းပြတွေနဲ့ ကလပ်ပိုင်ရှင်တွေလိုမျိုး ဘောလုံးပွဲစားတွေကို မေးမြန်းကြည့်တဲ့အခါမှာတော့ သူတို့ဟာ အမြတ်အစွန်းရဖို့အပြင် လူငယ်တွေရဲ့ အိပ်မက်တွေကို ကူညီပေးချင်တဲ့ စိတ်ရင်းလည်း ရှိကြတာကို တွေ့ရပါတယ်။

ဘာဖြစ်လို့ မရေရာတဲ့ (တခါတရံ မရိုးသားတဲ့) သဘောတူညီချက်တွေကို လုပ်ဆောင်ပြီး အစီအစဉ်တွေကို ခဏခဏ ပြောင်းလဲနေရတာလဲလို့ မေးတဲ့အခါမှာတော့ ကမ္ဘာ့စျေးကွက်ရဲ့ အမြဲတမ်း ပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေရတာကြောင့်လို့ သူတို့က ရှင်းပြပါတယ်။ အဲဒီပွဲစားတွေဟာလည်း ဘောလုံးအပြောင်းအရွှေ့ဆိုတဲ့ စွန့်စားရပြီး မရေရာတဲ့ ကမ္ဘာ့စီးပွားရေးလောကထဲမှာ သူတို့ရဲ့ ကိုယ်ပိုင် ရုန်းကန်မှုတွေကို လုပ်ဆောင်နေကြတဲ့ စီးပွားရေးသမားတွေသာ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ဘောလုံးသမားတွေကို သူတို့ ဘာကြောင့် ပြည်ပကို ထွက်ခွာလာကြတာလဲလို့ မေးတဲ့အခါမှာတော့ အနောက်အာဖရိကက လူငယ်တွေအတွက် စီးပွားရေး အခွင့်အလမ်းတွေဟာ ဘောလုံးနယ်ပယ်မှာဖြစ်စေ၊ တခြားနယ်ပယ်မှာဖြစ်စေ ပြည်ပနိုင်ငံတွေနဲ့ ယှဉ်လို့မရနိုင်တာကြောင့်လို့ ပြန်ဖြေကြပါတယ်။ လူငယ်တွေကို “ ပိုမိုစိမ်းလန်းတဲ့ စားကျက်မြေ” တွေဆီ လိုက်လံရှာဖွေဖို့ တွန်းအားပေးနေတဲ့ အဓိကအကြောင်းရင်းကတော့ ကမ္ဘာ့မြောက်ခြမ်း (ဖွံ့ဖြိုးပြီးနိုင်ငံများ) နဲ့ ကမ္ဘာ့တောင်ခြမ်း (ဖွံ့ဖြိုးဆဲနိုင်ငံများ) ကြားက ထင်ရှားလှတဲ့ စီးပွားရေး မညီမျှမှုကြီး ကြောင့်ပဲ ဖြစ်ပါတယ်။

အရင်းရှင်စနစ်နဲ့ ရက်စက်တဲ့ နယ်စပ်စည်းမျဉ်းတွေ၊ ကမ္ဘာလုံးဆိုင်ရာ မညီမျှမှုတွေနဲ့ ဗြောင်ကျကျ သို့မဟုတ် မသိမသာ ရှိနေတဲ့ လူမျိုးရေးခွဲခြားမှုတွေလိုမျိုး ကိစ္စရပ်တွေဟာ ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာတွေဖြစ်ပြီး အမြစ်တွယ်နေတာ ဖြစ်ပါတယ်။ ဒါဟာ ဘောလုံးကြောင့် ရွှေ့ပြောင်းအခြေချမှုတွေမှာတင် ရှိနေတာ မဟုတ်ပါဘူး။

ဒီပြဿနာတွေကို စည်းမဲ့ကမ်းမဲ့ အေးဂျင့်တွေကို လိုက်လံဖမ်းဆီးရုံတင်နဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ “ လူကုန်ကူးမှု” နဲ့ “ ကျွန်ကုန်သွယ်မှု” ဆိုတဲ့ ခေါင်းစဉ်တွေကို စည်းမဲ့ကမ်းမဲ့ တပ်လိုက်ခြင်းဟာ ရွှေ့ပြောင်းအခြေချသူ အများစု ကြုံတွေ့နေရတဲ့ အခြေခံပြဿနာတွေကို ထိရောက်စွာ ဖုံးကွယ်ပစ်လိုက်သလို ဖြစ်သွားစေပြီး၊ သူတို့ရဲ့ လမ်းကြောင်းတွေကို ဘေးကျပ်နံကျပ် ဖြစ်စေတဲ့ အရင်းခံ မညီမျှမှုတွေကို မှေးမှိန်သွားစေပါတယ်။

ဘောလုံးရွှေ့ပြောင်းအခြေချသူတွေရဲ့ ဇာတ်ကြောင်းတွေဟာ သတင်းခေါင်းစီးတွေမှာ ပါလေ့ရှိတဲ့ ခေတ်သစ်ကျွန်ကုန်သွယ်မှု ဖြစ်ရပ်မျိုးတွေ မဟုတ်ကြသလို၊ ဖီဖာက ကြွေးကြော်နေတဲ့ စုံလင်ကွဲပြားမှုနဲ့ အားလုံးပါဝင်နိုင်မှု ဆိုတဲ့ ဟန်ပြဇာတ်ကြောင်းတွေလည်း လုံးဝမဟုတ်ပါဘူး။ တကယ်တမ်းမှာတော့ ဒါဟာ မတရားမှုတွေနဲ့ မညီမျှမှုတွေ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးထဲမှာ အောင်မြင်ချင်တဲ့ ရည်မှန်းချက်တွေနဲ့ ကြံ့ကြံ့ခံ ရုန်းကန်နေကြရတဲ့ လူသားတွေရဲ့ သာမန် အရှိတရား ဇာတ်ကြောင်းတခုသာ ဖြစ်ပါတယ်။

ကိုးကား – The real story of the resilient African migrants reshaping global football

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed