ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ခွေးကုတ်ကျေးရွာအုပ်စုအတွင်းက သဘာဝကျွန်းသစ်တွေကို သစ်တောဦးစီးဌာန ဝန်ထမ်းတချို့က သစ်ကုန်သည်တွေနဲ့ ပူးပေါင်းပြီး တရားမဝင် ခိုးထုတ်ရောင်းချနေတယ်လို့ ဒေသခံတွေက စွပ်စွဲပြောဆိုပါတယ်။
သစ်တောတွေကို ကာကွယ်ထိန်းသိမ်းရမယ့် သစ်တောဌာနဝန်ထမ်းတွေနဲ့ တရားမဝင်လုပ်ငန်းတွေကို အရေးယူရမယ့် ရဲတပ်ဖွဲ့ဝင်တချို့ကိုယ်တိုင် သစ်ခိုးထုတ်မှုနဲ့ ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီဖြစ်စဥ်မှာ ဘုရားကုန်းရဲစခန်းက ရဲတပ်ဖွဲ့ဝင်လဲ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဓိက သစ်ခိုးထုတ်မှုမှာ သစ်တောဦးစီးဌာနက သန်းဇင်းအောင်နဲ့ ဘုရားကုန်းရဲစခန်းက နယ်ထိန်း ဖိုးလပြည့်တို့ ပါဝင်ပတ်သက်နေတယ်လို့လည်း ဒေသခံတွေက ပြောဆိုနေတာပါ။
“အနန်းကုန်းချောင်းထဲမှာ ခဏခဏ မိတယ်။ အမြဲတမ်း “ပိုင်ရှင်မဲ့” ပဲ။ မိသွားရင် ပိုင်ရှင်မဲ့ ဖြစ်သွားတာပဲ။ အမှုဆက်မဖော်ဘူး။ ဆက်မလိုက်ဘူး။ တကယ်က ဘယ်သူလဲသူတို့သိတယ်” လို့ သာပေါင်းဒေသခံတဦးက BIV ကို ပြောပါတယ်။ အမှန်တကယ် သစ်ခိုးထုတ်နေတဲ့ သစ်ကုန်သည်တွေကို ဖော်ထုတ်အရေးယူတာ မရှိဘဲ လာဘ်ငွေရယူပြီး ပြန်လွှတ်ပေးနေတယ်လို့လည်း သူက စွပ်စွဲထားပါတယ်။
အိမ်သုံးအတွက် လှည်းတစီးစာလောက် သယ်ဆောင်တဲ့ သာမန်လုပ်ကိုင်စားသောက်သူ ရွာသားတွေကိုပဲ ဖိနှိပ်ဖမ်းဆီး ခံနေရတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။

