စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
မြန်မာ–ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ ရွှေကုက္ကိုဒေသကို ဝင်ရောက်မယ့် နိုင်ငံခြားသားတွေအတွက် မြို့ဝင်ကြေးကို ထိုင်းဘတ် ၃ သိန်းအထိ တိုးမြှင့်သတ်မှတ်မယ်လို့ ဒေသကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့က ကြေညာထားကြောင်း ထိုင်းသတင်းဌာန PPTV က စက်တင်ဘာ ၂၀ ရက်မှာ ဖော်ပြပါတယ်။
ထုတ်ပြန်ချက်အရ ရွှေကုက္ကိုဒေသကို ဝင်ရောက်မယ့် တရုတ်နိုင်ငံသားတွေနဲ့ အခြားနိုင်ငံခြားသားတွေဟာ စစ်ဆေးရေးဂိတ်မှာ တဦးလျှင် ဘတ် ၃ သိန်း ပေးဆောင်ရမှာဖြစ်ပါတယ်။ အရင်က နိုင်ငံခြားသားတဦးအတွက် ဘတ် ၁ သိန်းခွဲ သတ်မှတ်ထားတာကြောင့် လက်ရှိနှုန်းထားဟာ နှစ်ဆတိုးမြှင့်ထားတာ ဖြစ်ပါတယ်။
မော်တော်ယာဉ်တွေ ဝင်ထွက်မှုနဲ့ လူအပို့အယူ ဝန်ဆောင်မှုတွေအတွက်လည်း သီးခြားအခကြေးငွေတွေ ကောက်ခံသွားမယ်လို့ ဆိုပါတယ်။ အဆိုပါ ငွေကြေးတွေကို စစ်ဆေးရေးဂိတ်မှာရှိတဲ့ ဒေသထိန်းချုပ်ရေးအဖွဲ့ထံ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေအတွက်လည်း ဝင်ကြေးကို ယခင် ဘတ် ၅၅,၀၀၀ ကနေ ဘတ် ၁၅၅,၀၀၀ အထိ တိုးမြှင့်ထားတယ်လို့ သိရပါတယ်။ ယာဉ်ဝင်ကြေးနဲ့ လူအပို့အယူ ဝန်ဆောင်ခတွေကိုလည်း သီးခြားကောက်ခံသွားမယ်လို့ ဆိုပါတယ်။
ခွင့်ပြုချက်မရှိဘဲ ဒေသအတွင်း ဝင်ရောက်လာသူတွေကို တဦးလျှင် ဘတ် ၂၀ သိန်း ဒဏ်ငွေချမှတ်မယ့်အပြင် စည်းမျဉ်းချိုးဖောက်သူတွေကို ထိန်းသိမ်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေကိုလည်း Blacklist အမည်ပျက်စာရင်းထဲ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် PPTV ရဲ့ ဖော်ပြချက်အရ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ သတင်းရင်းမြစ်တချို့က အဆိုပါ စည်းမျဉ်းသစ်ကို ဒေသကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့ဘက်က တရားဝင်အတည်ပြုထုတ်ပြန်ထားခြင်း မရှိသေးဘူးလို့ ပြောဆိုထားပါတယ်။
ရွှေကုက္ကိုဒေသကို ထိန်းချုပ်ထားတဲ့ ကရင်အမျိုးသားတပ်မတော် (KNA) ဟာ ယခင် BGF ကနေ အမည်ပြောင်းဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး စောချစ်သူ ဦးဆောင်နေပါတယ်။
မကြာသေးခင်ကာလအတွင်း ဒေသအဝင်အထွက် စည်းမျဉ်းတွေ ပိုမိုတင်းကျပ်လာပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ နေရာတချို့ကိုလည်း အခြားဒေသတွေဆီ ရွှေ့ပြောင်းမှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အလုပ်ခေါ်ယူတဲ့ လုပ်ငန်းစဉ်တွေကိုလည်း အရင်ထက် ပိုမိုစနစ်တကျ လုပ်ဆောင်လာပြီး အလုပ်လျှောက်ထားသူတွေကို လူတွေ့မေးမြန်းတာနဲ့ ဒေသအတွင်း ခေါ်ဆောင်ရာမှာ သီးခြားအဖွဲ့တွေနဲ့ စီစဉ်ခေါ်ယူတာတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

