အချက်အလက်စစ်ဆေးမှု ၊
အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ဟာ Time Magazine နဲ့ အင်တာဗျူးဖြေကြားရာမှာ အချက်အလက်အမှားတွေ ထည့်သွင်းပြောကြားခဲ့တာကို BIV ရဲ့ အချက်အလက်စစ်ဆေးမှုအရတွေ့ရပါတယ်။
အာဏာသိမ်း သမ္မတ နဲ့ တွေ့ဆုံမေးမြန်းမှုကို အခြေခံပြီး Time Magazine က အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်တည်ဆောက်ချင်နေတဲ့ မင်းအောင်လှိုင် ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးတပုဒ်ထုတ်ဝေလာခဲ့ပြီး နောက် အာဏာသိမ်းစစ်အုပ်စုဘက်က တွေ့ဆုံမေးမြန်းချက်အပြည့်အစုံကို ဖေါ်ပြခြင်းမရှိတဲ့အပေါ် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အဲ့ဒီနောက် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ ဖြေကြားချက် အပြည့်အစုံဆိုပြီး အာဏာသိမ်းစစ်အုပ်စုရဲ့ ဝါဒဖြန့် သတင်းမီဒီယာတွေကနေ ဖေါ်ပြလာတာတွေ့ရပါတယ်။
အဲ့ဒီ တွေ့ဆုံမေးမြန်းချက်အတွင်း အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ရဲ့ ဖြေကြားချက်တွေဟာ သတင်းအချက်အလက်အမှန်တွေနဲ့ ကင်းကွာပြီး သတင်းအချက်အလက်အမှားတွေနဲ့ ဝါဒဖြန့်မှုတွေကို ထည့်သွင်းပြောဆိုထားတာ တွေ့ရပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး မေးမြန်းချက်ကို အာဏာသိမ်းသမ္မတက ဖြေကြားရာမှာ ၂၀၂၁ စစ်အာဏာသိမ်းမှုဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရက ရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်ဆောင်ခဲ့တာကြောင့်ဖြစ်တယ်လို့ အာဏာသိမ်း သမ္မတက အကြောင်းပြပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ မဲမသမာမှု ၃၀ ရာခိုင်နှုန်းမက ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါက မှားယွင်းနေပါတယ်။
အာဏာသိမ်းသမ္မတပြောဆိုချက် – ဒီလိုအခြေအနေမျိုး မရောက်အောင်တော့ ကျွန်တော်တို့လည်း မျိုးစုံကြိုးစားခဲ့တာ။ သို့သော်လည်းပဲ ဒီလိုအခြေအနေမျိုးထိ ရောက်လာခဲ့တယ်။ အဲဒီတော့ သူ့ရဲ့အသက် အရွယ်အရ ကျွန်တော်တို့ အရေးယူထားတဲ့ ကိစ္စတွေရှိပါတယ်။ ပြစ်မှုပိုင်းဆိုင်ရာက ကျွန်တော်တို့ အရေးယူခဲ့တာဖြစ်ပါတယ်။ တကယ်လည်းပေါ်လွင်ပါတယ်။ သူ့ရဲ့ပထမဦးဆုံးစခဲ့တဲ့ ပြဿနာကတော့ ရွေးကောက်ပွဲမှာအနိုင်ရအောင် မတရားတဲ့နည်းနဲ့ရအောင် ကြိုးစားခဲ့တဲ့ဟာပါ။ တော်တော်လေး ဆိုးဆိုးရွားရွားဖြစ်ပါတယ်။ ဒီမိုကရေစီမှာ အထွေထွေရွေးကောက်ပွဲသည် အသက်ပါပဲ။ အဲဒီတော့ရွေးကောက်ပွဲမှာ မတရားသဖြင့်လုပ်ခဲ့တဲ့ဟာပါ။ ၂၀၂၁ ကျွန်တော်တာဝန်ယူတဲ့အချိန်မှာ ဒါတွေစစ်ဆေးတွေ့ရှိချက်တွေ ကျွန်တော် website မှာ အကုန်တင်ထားပါတယ်။ မဲမသမာမှု ၃၀ ရာခိုင်နှုန်း မကလောက်ဖြစ်ခဲ့တာ။ တကယ်ဆိုးပါတယ်။ တိုင်းပြည်လည်း ဒီမိုကရေစီမှာတော့ ရုပ်အပျက်ဆုံး ရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ကလည်း သူ့ကိုအရေးယူခဲ့တာရှိတယ်။
စိစစ်ချက် – ဒါက မမှန်ကန်ပါဘူး။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့တယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခဲ့ကြတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက ထုတ်ပြန်ခဲ့ကြပါတယ်။ နိုင်ငံတကာကလည်း ပြည်သူလူထုဆန္ဒကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုခဲ့ကြပါတယ်။
ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်တဲ့ Pace အဖွဲ့က ၂၀၂၁ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှု အစီရင်ခံစာထုတ်ပြန်ခဲ့ပြီ အဲ့ဒီ ထုတ်ပြန်ချက်အတွင်းမှာတော့ ၂၀၂၀ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေက စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်တွေနဲ့ ချွတ်ချော်မှုတွေရှိခဲ့တာတွေကို တွေ့ရပေမယ့် ရွေးကောက်ပွဲတခုလုံးရဲ့ ရလဒ်တွေ အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ သက်ရောက်မှုမရှိခဲ့ဘူးလို့ တွေ့ရှိချက်ကို ဖေါ်ပြပါတယ်။
Pace အဖွဲ့ အစီရင်ခံစာ ဖတ်ရှုရန် – https://archive.ph/R5vkj
ဒါ့အပြင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင်ပြည်သူအများစုရဲ့ သဘောထားနဲ့အညီရရှိလာတဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှုတွေ အရ ရွေးကောက်ပွဲဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်းတွေ အားနည်းချက်များအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်တွေကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေက အားနည်းချက်တွေရှိခဲ့သည်ကို လေ့လာတွေ့ရှိရပေမယ့်လည်း ရွေးကောက်ပွဲရလဒ်တွေက မဲဆန္ဒရှင်အများစုရဲ့ သဘောထားနဲ့ အညီ ရရှိလာတဲ့ ရွေးကောက်ပွဲရလဒ် ဖြစ်တာကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များက တွေ့ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်က ဦးဆောင် ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေမှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိလာရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ကသာ အတည်ဖြစ်တယ်လို့ ဖေါ်ပြထားပြီး ရွေးကောက်ပွဲအငြင်းပွားမှုတွေအပေါ် စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ကို ထည့်သွင်းဖေါ်ပြထားခြင်းမရှိတာကိုတွေ့ရပါတယ်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိအမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်ပြီး သူ့အနေနဲ့ လျှော့ပေါ့ပေးထားတယ်လို့ ပြောပါတယ်။
စိစစ်ချက်- ဒါကလည်း အဖြစ်အမှန်နဲ့ ကွဲလွဲနေပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းအပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုအမည်တပ် အရေးယူပြီး အဲ့ဒီထဲက ၁၂ မှုကို အဂတိအမှုအဖြစ်အမည်တပ် စွပ်စွဲခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး တိကျတဲ့သက်သေအထောက်အထား ခိုင်လုံစွာ ထုတ်ပြန်နိုင်ခြင်းမရှိသလို၊ လူထုခေါင်းဆောင်အပေါ် စွဲဆိုထားတဲ့ အမှုတွေရဲ့ တရားရုံးကြားနာမှုတွေကိုလည်း လျှို့ဝှက်စွာ ထုတ်ပြန်ပြီး သတင်းအချက်အလက်တွေ အမှောင်ချထားတာကိုတွေ့ရပါတယ်။
အာဏာသိမ်းသမ္မတမင်းအောင်လှိုင် ပြောဆိုချက် – သူ့ရဲ့လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီးတော့ လျှော့ပေါ့စဉ်းစားမယ့်အချက်တွေပေါ်လာလို့ ရှိရင်လည်း ကျွန်တော်တို့စဉ်းစားမှာပါ။ ဒါလည်း သူမအပေါ်မူတည်မယ်လို့ ကျွန်တော်တို့က ပြောချင်ပါတယ်။
စိစစ်ချက် – ဒါက ဝါဒဖြန့်ပြောဆိုထားတာဖြစ်ပါတယ်။
အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လျှော့ပေါ့စဉ်းစားပေးမယ့်အရေးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ မူတည်တယ်လို့ ပြောဆိုထားပေမယ့် တကယ့်လက်တွေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီးအကျဉ်းချထားတာကို ခံနေရသူဖြစ်ပါတယ်။ ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်မှန်သမျှကို သတင်းအမှောင်ချထားပြီး သူမရဲ့ လုပ်ဆောင်ချက်အပေါ်သာမူတည်တယ်လို့ ပြောဆိုတာဟာ တဖက်သတ်ဝါဒဖြန့်ပြောဆိုမှုဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ ဓါးစားခံအဖြစ် အသုံးပြုနေတာကို ပေါ်လွင်စေပါတယ်။
အာဏာသိမ်းသမ္မတမင်းအောင်လှိုင် ပြောဆိုချက် – သူ့ကိုလည်း ကျွန်တော်ကောင်းကောင်းထားပါတယ်။ မကြာသေးခင်က ကျွန်တော် ICRC ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးတယ်၊ ဓာတ်ပုံတွေ ထုတ်ဝေတယ်။ အိမ်မှာ စနစ်တကျထားပါတယ်။ ကျွန်တော် အကျဉ်းထောင်ထဲမှာ မထားဘူး။ သူ့ကို relax သက်သက်သာသာ နေရတဲ့ပြစ်ဒဏ်မျိုးပါ ကျွန်တော်တို့ ချထားတာဖြစ်ပါတယ်။ သူ့အပေါ်မှာ ကျွန်တော်အများကြီး သက်ညှာပါတယ်။
စိစစ်ချက်- ဒါလည်း ဝါဒဖြန့်ပြောဆိုထားတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုအနေနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ၂၀၀၈ အခြေခံဥပဒေနဲ့ မညီညွတ်ဘဲ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် လူထုခေါင်းဆောင်နဲ့ ပတ်သက်တဲ့ အကျဉ်းထောင်အတွင်း သတင်းအချက်အလက်တွေကို အမှောင်ချ ပိတ်ပင်ထားခဲ့တာကိုတွေ့ရပါတယ်။ စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ဓါတ်ပုံတွေ အများပြည်သူထံ ရောက်ရှိလာခဲ့တာ ၂ ကြိမ်သာရှိပါတယ်။ ပထမ တကြိမ်ကတော့ ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ထောင်တွင်း အထူးတရားရုံးမှာ ပထမဆုံးအကြိမ် ကြားနာတဲ့ ဓါတ်ပုံတွေဖြစ်ပြီး၊ ဒုတိယအကြိမ်ကတော့
၂၀၂၆ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့ သတင်းဓါတ်ပုံဖြစ်ပါတယ်။ အဲ့ဒီ သတင်းကို ထုတ်ပြန်ရာမှာလည်း နေရာနဲ့ အချိန်မတူညီတဲ့ ဓါတ်ပုံ ၂ ခုကို ယှဉ်တွဲပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သက်သက်သာသာနေရတဲ့ ပြစ်ဒဏ်မျိုးပေးပြီး အိမ်မှာပဲ ထားတယ်လို့ ဆိုထားပေမယ့် စစ်အာဏာသိမ်းပြီးချိန်ကနေ အခုချိန်ထိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ ထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူး။ ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူမရဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးသလို၊ မိသားစုဝင်တွေနဲ့ ဆက်သွယ်ခွင့်၊ တွေ့ဆုံခွင့်လုံး၀မပေးခဲ့ပါဘူး။
အပြည်ပြည်ဆိုင်ရာဥပဒေတွေအရ အကျဉ်းသားတွေအနေနဲ့ မိသားစုနဲ့ ဆက်သွယ်ခွင့်နဲ့ပတ်သက်ပြီး အကျဉ်းသားများကို မိသားစုဝင်များနှင့် တွေ့ဆုံခွင့်၊ စာပို့/ဆက်သွယ်ခွင့်တို့ကို အခြေအနေအရ ခွင့်ပြုရမှာဖြစ်ပြီး လုံးဝမတရားသဖြင့် ဖြတ်တောက်ခြင်းမျိုး မဖြစ်ရဘူးလို့ ဆိုထားပေမယ့် အာဏာသိမ်းစစ်အုပ်စုကတော့ လူထုခေါင်းဆောင်အပေါ် ဒီအခွင့်အရေးတွေကို ကြီးကြီးမားမားချိုးဖေါက်ထားတာတွေ့ရပါတယ်။
The United Nations Standard Minimum Rules for the Treatment of Prisoners ဖတ်ရှုရန် –
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်တွေ့ဆုံခွင့်ပေးဖို့ သားဖြစ်သူ ကိုထိန်လင်းက အကြိမ်ကြိမ် တောင်းဆိုထားပေမယ့်လည်း အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ကတော့ ဒါကို လျစ်လျူရှုထားတာကိုတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ICRC ကိုယ်စားလှယ်တစ်ဦးက သူ့ရဲ့ အမေဖြစ်သူနဲ့ တွေ့ခွင့်ရခဲ့ပေမယ့် သားဖြစ်သူက ဘာကြောင့် အမေ့ကို တွေ့ခွင့်၊ စကားပြောခွင့် မရသေးတာလဲလို့ မေးခွန်းထုတ်ထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး အာဏာသိမ်းစစ်အုပ်စုဟာ မတရားသဖြင့် ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ကြီးကြီးမားမားကျူးလွန်နေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ လူ ၂,၃၀၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဖေါ်ပြပါတယ်။ Myanmar Prison Witness ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၉၀ ဦးသေဆုံးခဲ့ရပြီး အဲ့ဒီထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၄၃ ဦးအထိ ပါဝင်တာကိုတွေ့ရပါတယ်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ပြောဆိုချက် – ရခိုင်နဲ့ပတ်သက်ပြီး ဘင်္ဂါလီနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘာတစ်ခုမှ သူတို့အပေါ်မှာ လုပ်ထားတာမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့က သံသယရှင်းတယ်။ စိတ်ရှင်းတယ်။ တိုင်းပြည်အတွက် ကျွန်တော်တို့တိုင်းပြည်ရဲ့ လွတ်လပ်တဲ့အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့အတွက် ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်တဲ့ အပိုင်းပဲရှိတယ်။ ဒါတွေလည်းအခြေအနေမှန်လာကြည့်ပါ။ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေက ပြောတာလက်ခံပြီးတော့ လုပ်မယ်ဆိုရင်တော့ သတင်းအမှားပဲရပါလိမ့်မယ်။
စိစစ်ချက် – ဒါက မှားယွင်းတဲ့ပြောဆိုမှုဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်နောက်ပိုင်း မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးလို့ အမည်ထားတဲ့ “clearance operations” အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာကျေးရွာ ရာနဲ့ ချီ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးများ အပါအဝင် အရပ်သားများ သတ်ဖြတ်ခံရတာ၊ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေက မှတ်တမ်းတင်ထားပါတယ်။ ဒီဖြစ်ရပ်ကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။
UNHCR ရဲ့ လက်ရှိအချက်အလက်အရ ၂၀၁၇ ခုနှစ်မှာ ၇၅၀,၀၀၀ ကျော် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ပြီး၊ ၂၀၂၅ ဒီဇင်ဘာအထိ ဘင်္ဂလားဒေ့ရှ်မှာ မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁,၀၀၆,၀၀၀ ကျော် ရှိပါတယ်။
Independent International Fact-Finding Mission on Myanmar (FFM) အဖွဲ့ရဲ့ ၂၀၁၈ အစီရင်ခံစာမှာလည်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေထဲက အချို့ဟာ နိုင်ငံတကာဥပဒေအရ အလွန်ပြင်းထန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နိုင်ကြောင်း သတ်မှတ်ခဲ့ပြီး၊ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေ အတွက် Genocide, Crimes Against Humanity နဲ့ War Crimes အဖြစ် စုံစမ်းအရေးယူဖို့ အကြံပြုခဲ့ပါတယ်။
၂၀၂၂ ခုနှစ် မတ် လ ၂၁ ရက်နေ့ မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုတွေကို genocide and crimes against humanity အဖြစ် တရားဝင် သတ်မှတ်ကြောင်း ကြေညာခဲ့ပါတယ်။
အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်က ရိုဟင်ဂျာတွေအပေါ် ဘာမှ မကျူးလွန်ထားဘူးလို့ ပြောဆိုထားပေမယ့် သူ စစ်ခေါင်းဆောင်အဖြစ် တာဝန်ယူထားချိန်မှာ ရိုဟင်ဂျာတွေအပေါ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့သလို၊ သူကိုယ်တိုင်ကလည်း နိုင်ငံတကာရာဇဝတ်ခုံရုံးတွေမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေရဲ့ အဓိကတာဝန်ရှိသူအဖြစ် တရားစွဲဆိုခံထားရပါတယ်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ပြောဆိုချက် – အမေရိကန်ကလည်း ဒီမိုကရေစီနိုင်ငံပဲ၊ ကျွန်တော်တို့လည်း ဒီမိုကရေစီနိုင်ငံပဲ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေက ဒီမိုကရေစီနိုင်ငံဖြစ်အောင်သွားနိုင်ဖို့ ဆိုလို့ရှိရင် ဒီမိုကရေစီအတွက်လိုအပ်တဲ့ တည်ငြိမ်အေးချမ်းမှုတို့၊ ဖွံ့ဖြိုးမှုတို့ဒါတွေကိုတော့ အမေရိကန်ကနေ ပူးပေါင်းဆောင်ရွက်ပေးရင်တော့ အကောင်းဆုံးပါ။
စိစစ်ချက် – ဒါက လုံး၀မှားယွင်းနေပါတယ်။
အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်က မြန်မာနိုင်ငံကလည်း အမေရိကန်နိုင်ငံလိုပဲ ဒီမိုကရေစီနိုင်ငံဖြစ်တယ်လို့ ပြောဆိုထားပေမယ့် မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအသွင်းကူးပြောင်းမှု နောက်ကြောင်းပြန်လှန့်သွားပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲတွေကို အပိုင်း (၃) ပိုင်းခွဲပြီး ပြုလုပ်ခဲ့ပေမယ့် အဲ့ဒီ ရွေးကောက်ပွဲဟာ အတိုက်အခံတွေ ပါဝင်ခွင့်မရအောင် ပိတ်ပင်ထားပြီး စစ်အုပ်စု ကျောထောက်နောက်ခံပြု USDP တပါတီတည်း အနိုင်ရရှိအောင် လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲကို ဒီမိုကရေစီအင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေက အတုယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားပြီး ဒေသတွင်းအာဆီယံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုက အသိအမှတ်ပြုခြင်းမရှိပါဘူး။
၂၀၂၅ ရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၃၃၀ ကျော်ထဲက ၂၆၃ မြို့နယ်မှာပဲ မဲရုံဖွင့်နိုင်ခဲ့တာပါ။ တိုက်ပွဲတွေကြောင့် ကျန်တဲ့မြို့နယ်တွေမှာ ပြည်သူတွေ မဲပေးခွင့် ဆုံးရှုံးခဲ့ပါတယ်။
မဲရုံဖွင့်နိုင်တဲ့ မြို့နယ်တွေမှာလည်း မဲရုံတွေဟာ လူသူကင်းမဲ့နေပြီး ခြောက်ကပ်နေတာကို ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတွေမှာ အထင်အရှား တွေ့ရပါတယ်။ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲနေ့တွေမှာလည်း ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာ ကန့်ကွက်တဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုတွေလည်းရှိခဲ့ပါတယ်။ ပြည်သူတွေ မဲရုံသွားတာဟာလည်း စစ်ကောင်စီရဲ့ ဖိအားပေးမှုနဲ့ ခြိမ်းခြောက်မှုတွေကြောင့်သာ သွားခဲ့ရတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လူထုထောက်ခံမှုအများဆုံးဖြစ်သလို၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကျော်ကို ဖျက်သိမ်းပြီး လုပ်ဆောင်ခဲ့တဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် နိုင်ငံတကာကလည်း ဒီရွေးကောက်ပွဲဟာ “အတုအယောင်” သာဖြစ်တယ်လို့ UN၊ အမေရိကန်၊ ဥရောပသမဂ္ဂ (EU) တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး ရလဒ်ကိုလည်း အသိအမှတ် မပြုဘူးလို့ ကြေညာထားပြီးသား ဖြစ်ပါတယ်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင်အဖြစ် တာဝန်ယူထားချိန်မှာ သူစိတ်ကြိုက်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲပြုလုပ်စေခိုင်းခဲ့ပါတယ်။ အဲ့ဒီ ရွေးကောက်ပွဲမှာ စစ်အုပ်စု ကျောထောက်နောက်ခံပြု USDP ပါတီကို အပြတ်အသတ်အနိုင်ရစေပြီးနောက် သူ့ကို့ပဲ သမ္မတ အဖြစ်ရွေးချယ်စေခဲ့ပါတယ်။
ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်သွားတယ်” ဆိုတဲ့ အယူအဆဟာ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ကမ္ဘာတဝန်းက ဒီမိုကရေစီနိုင်ငံပေါင်း ၃၀ ကျော် ပါဝင်ဖွဲ့စည်းထားတဲ့ International IDEA ဆိုထားပါတယ်။
ဒီမိုကရေစီနည်းကျ ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေဟာ မဲပေးခွင့်ရှိတာတခုတည်းနဲ့ မလုံလောက်ဘဲ ပြိုင်ဘက်ပါတီတွေ လွတ်လပ်စွာ ဖွဲ့စည်းနိုင်မှု၊ မဲဆွယ်နိုင်မှုနဲ့ ၊ အစိုးရက အတိုက်အခံတွေကို ခြိမ်းခြောက်၊ ဖမ်းဆီး၊ အကြမ်းဖက်တာမျိုး မရှိရပါဘူးလို့ IDEA ရဲ့ အစီရင်ခံစာတွေမှာဆိုထားပါတယ်။
ရွေးကောက်ပွဲရှိပေမယ့် ဘယ်ပါတီတွေ ဝင်ပြိုင်ခွင့်ရမလဲ၊ ဘယ်သူတွေ မဲပေးခွင့်ရှိမလဲ၊ ဘယ်သူတွေ ဝင်ပြိုင်ခွင့်မရှိဘူးလဲဆိုတာကို အာဏာရှိသူက ကြိုတင်ကန့်သတ်ထားရင် ပြည်သူ့ရွေးချယ်မှုဟာ အပြည့်အဝ မဖြစ်တော့ဘဲ ဒါဟာ ဒီမိုကရေစီစံနှူန်းတွေနဲ့ မညီတော့ဘူးလို့ ဆိုထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဏာသိမ်းသမ္မတဖြစ်စေခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ တခုမဖြစ်ခဲ့တာကို အချက်အလက်တွေအရ တွေ့ရပါတယ်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကာလအတွင်းမှာလည်း ရွေးကောက်ပွဲဥပဒေနဲ့ ရွေးကောက်ပွဲအပေါ် ဝေဖန်မှုတွေ ကြောင့် ဖမ်းဆီးအရေးယူခံရသူ စုစုပေါင်း ၃၃၅ ဦးထက်မနည်းရှိခဲ့ပါတယ်။
အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်က သူစိတ်ကြိုက်ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကနေ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်လာနေပြီလို့ ပြောဆိုထားပေမယ့် နိုင်ငံတကာ ဒီမိုကရေစီစံနှူန်းတွေနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲ မဖြစ်တာ ပေါ်လွင်နေပါတယ်။ အတိုက်အခံပါတီတွေ အပြည့်အဝ လွတ်လပ်စွာ ပြိုင်ခွင့်မရှိ၊ လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေ လေ့လာနိုင်ခွင့်မရှိ၊ ပြည်သူတွေ လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခြင်းမရှိ ဆိုတဲ့ အချက်အတွေပေါ်လွင်နေသလို နိုင်ငံရေးအကျဉ်းသားတွေအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားပြီး ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲသာ ဖြစ်ပါတယ်။
အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်ဟာ Time Magazine နဲ့ တွေ့ဆုံမေးမြန်းမှုမှာ သူ့ရဲ့ ဖြေကြားချက် အပြည့်အစုံကို စစ်အုပ်စု ဝါဒဖြန့် မီဒီယာတွေက ဖြန့်ချိလာခဲ့ပေမယ့်လည်း အဲ့ဒီ ဖြေကြားချက်တွေဟာ အချက်အလက်အမှန်တွေနဲ့ ကင်းကွာနေပြီး မှားယွင်းဝါဒဖြန့်ပြောဆိုမှုတွေသာ ဖြစ်တယ်ဆိုတာ စိစစ်တွေ့ရှိရပါတယ်။

