ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပေါ်တူဂီနိုင်ငံသား အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ဟာ ဆယ်စုနှစ်တခုကြာ တာဝန်ထမ်းဆောင်အပြီး လာမယ့် ဒီဇင်ဘာလမှာ ရာထူးကနေ အနားယူတော့မှာဖြစ်တာကြောင့် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်သစ် ရွေးချယ်ရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြပါပြီ။
သက်တမ်း ၈၁ နှစ်ရှိပြီဖြစ်တဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ အလွန်စိန်ခေါ်မှုများတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ရာထူးအပြောင်းအလဲ စတင်လာတာပါ။ အဲ့ဒီစိန်ခေါ်မှုတွေကို လိုအပ်တဲ့ ကျွမ်းကျင်မှု၊ သတ္တိတို့နဲ့ မည်သူက ဝင်ရောက်ဖြေရှင်းမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပါ။
အတွင်းရေးမှူးချုပ်သစ် ရွေးချယ်ဖို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအတွက် တရားဝင် သတ်မှတ်ထားတဲ့ ရက်စွဲမရှိဘဲ လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်အပေါ် မူတည်နေပါတယ်။ ဒါပေမဲ့ အပြီးသတ် ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၃၁ ရက်ထက် နောက်မကျဘဲ ချမှတ်ရမှာပါ။
ဂူတာရက်စ်ရဲ့ နေရာကို ဆက်ခံဖို့ ပြိုင်ဆိုင်မှုတွေဟာ နိုင်ငံတကာစနစ်နဲ့ ကုလသမဂ္ဂအပေါ် ထားရှိတဲ့ ယုံကြည်မှု အကျပ်အတည်းတွေနဲ့အတူ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အချို့နိုင်ငံတွေအကြား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေဟာ လျော့ပါးပျက်စီးလာနေပါတယ်။ အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသအချို့မှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေသလို ရာသီဥတုပြောင်းလဲမှု၊ ကူးစက်ရောဂါတွေနဲ့ အာတိတ်ဒေသ၊ ဆိုက်ဘာနယ်ပယ်၊ အာကာသနဲ့ သမုဒ္ဒရာဆိုင်ရာ အငြင်းပွားမှုတွေလို ကမ္ဘာ့ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့ နိုင်ငံအများအပြားဟာ နိုင်ငံတကာ ဆွေးနွေးပွဲတွေကနေ ကျောခိုင်းသွားကြပါတယ်။
နိုင်ငံအများအပြားဟာ နိုင်ငံတကာဥပဒေတွေကို စိုးရိမ်ဖွယ်ရာ လျစ်လျူရှုလာကြပြီး နိုင်ငံတကာ သဘောတူညီချက်တွေကနေ နှုတ်ထွက်နေကြကြောင်း ကုလသမဂ္ဂက အစီရင်ခံထားပါတယ်။ ယူကရိန်း၊ ဂါဇာနဲ့ အခြားဒေသတွေမှာ စစ်ပွဲစည်းမျဉ်းတွေကို တိုက်ပွဲဝင်နေသူတွေက တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ ချိုးဖောက်နေကြတာပါ။
စီးပွားရေး ကျဆင်းမှု၊ လူမှုဖူလုံရေး ကုန်ကျစရိတ် မြင့်မားလာမှု၊ စစ်စရိတ် တိုးမြှင့်လာမှုနဲ့ လက်ယာယိမ်း ပြည်သူ့ဆန္ဒဝါဒတွေကြောင့် စိန်ခေါ်ခံနေရတဲ့ နိုင်ငံတွေဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စွက်ဖက်မှုတွေကနေ ကာကွယ်ဖို့ ကြိုးပမ်းလာကြပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အပြင်းထန်ဆုံး ဝေဖန်သူ ဖြစ်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဗီယို က “စစ်ပြီးခေတ် ကမ္ဘာ့အစီအစဉ်ဟာ ခေတ်ကုန်သွားတာတင် မဟုတ်ဘဲ ငါတို့ကို ပြန်တိုက်ခိုက်တဲ့ လက်နက်တခု ဖြစ်နေပြီ” လို့ ပြောကြားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရန့်ကလည်း ကမ္ဘာ့ပဋိပက္ခတွေအပေါ် ကုလသမဂ္ဂရဲ့ တုံ့ပြန်ပုံဟာ “ပြင်းထန်တဲ့ စာတစောင် ရေးပြီး အဲ့ဒီစာကို မည်သည့်အခါမျှ အရေးမယူတော့ခြင်း” မျှသာဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လင်စကီး ကလည်း ၂၀၂၅ ခုနှစ်မှာ “စင်မြင့်တွေပေါ်မှာ နိုင်ငံတွေက သူတို့ရဲ့ နာကျင်မှုတွေကို ပြောဆိုနိုင်ပေမဲ့ သွေးထွက်သံယိုဖြစ်နေချိန်မှာတောင် အဲ့ဒါကို တကယ်တားဆီးနိုင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုမျှ မရှိပါဘူး။ အဖွဲ့အစည်းတွေဟာ အဲ့ဒီလောက်ထိ အားနည်းသွားခဲ့တာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေရဲ့ အကျိုးဆက်တခုကတော့ ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေး အကျပ်အတည်းပါပဲ။ ဂူတာရက်စ်က ကုလသမဂ္ဂဟာ ဒေဝါလီခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း သတိပေးခဲ့ပြီး ၂၀၂၆ ခုနှစ် ပုံမှန်ဘတ်ဂျက်ကနေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ လျှော့ချရဖွယ်ရှိကာ ဝန်ထမ်း ၂၀ ရာခိုင်နှုန်းခန့်ကို လျှော့ချရနိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။
အဓိက အလှူရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်က ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို ထောက်ပံ့ငွေ လျှော့ချလိုက်တာကလည်း ဘဏ္ဍာရေး အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ အမေရိကန်တင်မကဘဲ ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့အပါအဝင် စစ်စရိတ်ကို ဦးစားပေးနေတဲ့ နိုင်ငံအများအပြားဟာလည်း ပြင်ပအကူအညီတွေကို လျှော့ချနေကြပါတယ်။
ဒါဟာ ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင် က ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ အစီအစဉ်တွေကို လျှော့ချခြင်းဟာ အခြေခံလုပ်ဆောင်ချက်တွေကို မလုပ်ဆောင်နိုင်တော့တဲ့ “အရိုးတွန်” သို့မဟုတ် “ဇွန်ဘီ” အေဂျင်စီတွေ ဖြစ်သွားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
အဲ့ဒီလို နောက်ခံအခြေအနေတွေကြောင့် အချို့က ကုလသမဂ္ဂကို အကြီးစား ပြုပြင်ပြောင်းလဲဖို့ အချိန်တန်ပြီလို့ အငြင်းပွားနေကြပါတယ်။ကုလသမဂ္ဂကို ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီစနစ် လွှမ်းမိုးထားပြီး အဖွဲ့အစည်းတွေ ကိုယ်တိုင် ရပ်တည်နိုင်စွမ်း မရှိသေးတဲ့ အချိန်မှာ ဖန်တီးခဲ့တာပါ။ ယခုအခါ ကမ္ဘာ့အစီအစဉ်သစ် အပြောင်းအလဲဖြစ်သွားပြီ ဖြစ်တာကြောင့် ဝေဖန်သူအချို့က ကုလသမဂ္ဂအနေနဲ့ ပိုမိုကျဉ်းမြောင်းပြီး စွက်ဖက်မှုနည်းတဲ့ တာဝန်တွေကိုသာ လုပ်ဆောင်သင့်တယ်လို့ ထောက်ပြနေကြပါတယ်။
ကုလသမဂ္ဂဟာ ပြည့်စုံစုံလင်မှု မရှိပါဘူး။ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဗီတိုအာဏာသုံး ပယ်ဖျက်နိုင်တဲ့ အာဏာဟာ ၅ နိုင်ငံ (အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်နဲ့ တရုတ်) ရဲ့ လက်ထဲမှာ တည်ရှိနေတာ အပါအဝင် တည်ဆောက်ပုံဆိုင်ရာ အဓိက ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဖွဲ့အစည်းဆိုင်ရာ ယန္တရားကြီးဟာလည်း နှစ်ပေါင်းများစွာအတွင်း အေဂျင်စီတွေ၊ ရန်ပုံငွေတွေနဲ့ အစီအစဉ်များစွာ တိုးပွားလာခဲ့ပါတယ်။
သို့သော်လည်း ကုလသမဂ္ဂဟာ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ နိုင်ငံအားလုံး တွေ့ဆုံဆွေးနွေးနိုင်ပြီး အသံထုတ်ဖော်နိုင်တဲ့ တခုတည်းသော ကမ္ဘာ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ယင်းထက် ပိုမိုကောင်းမွန်တဲ့ အခြားရွေးချယ်စရာလည်း မရှိသေးပါဘူး။
ဒါ့ပြင် ကျန်းမာရေး၊ ရေနဲ့ သန့်ရှင်းရေး၊ ရာသီဥတု၊ အာဟာရ၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ အနုမြူစွမ်းအင်၊ မူးယစ်ဆေးဝါး၊ ပြစ်မှုဆိုင်ရာနဲ့ လူ့အခွင့်အရေး၊ ဒုက္ခသည်များ စတဲ့ နယ်ပယ်အသီးသီးမှာ အစီအစဉ်များစွာကို စီမံခန့်ခွဲပေးနေပါတယ်။
လက်ရှိမှာ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးအတွက် အဓိက ယှဉ်ပြိုင်နေကြတဲ့ ကိုယ်စားလှယ် ၇ ဦး ရှိပါတယ်။ ရွေးချယ်မှု လုပ်ငန်းစဉ်ဟာ ရှုပ်ထွေးပြီး ကြာမြင့်နိုင်ကာ နောက်ဆုံးမိနစ်မှာ ကိုယ်စားလှယ်သစ်တွေ ထပ်မံပါဝင်လာနိုင်ခြေလည်း ရှိပါတယ်။
အလှည့်ကျစနစ်အရ ယခုတကြိမ်မှာ လာတင်အမေရိကနဲ့ ကာရီဘီယံ ဒေသတွင်းအုပ်စုက ဦးစားပေး ရရှိမှာဖြစ်ပါတယ်။ အဆိုပါ ဒေသက ကိုယ်စားလှယ် ၅ ဦး ပါဝင်နေပြီး အဲ့ဒီအထဲက ၄ ဦးဟာ အမျိုးသမီးတွေ ဖြစ်ကြပါတယ် (ကုလသမဂ္ဂ သမိုင်းမှာ အမျိုးသမီး အတွင်းရေးမှူးချုပ် မရှိခဲ့ဖူးပါဘူး)။
အမျိုးသမီး ကိုယ်စားလှယ်တွေကတော့ မာရီယာ ဖာနန်ဒါ အက်စ်ပီနိုဆာ (Maria Fernanda Espinosa – အီကွေဒေါ) – အထွေထွေညီလာခံ ဥက္ကဋ္ဌဟောင်း၊ အိုင်ဗွန် အေ-ဘာကီ (Ivonne A-Baki – အီကွေဒေါ သံတမန်)၊ ကယ်ရိုလိုင်း ရိုဒရီဂတ်စ်-ဘားကက် (Carolyn Rodrigues-Birkett – ဂိုင်ယာနာ နိုင်ငံခြားရေးဝန်ကြီးဟောင်း) ၊ရီဘက်ကာ ဂရင်စပန် (Rebeca Grynspan – ကော့စတာရီကာ ဒုတိယသမ္မတဟောင်း၊ လက်ရှိ UNCTAD အထွေထွေအတွင်းရေးမှူးချုပ်) တို့ဖြစ်ကြပါတယ်။
တဦးတည်းသော အမျိုးသား ကိုယ်စားလှယ်ကတော့ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ ညွှန်ကြားရေးမှူးချုပ် အာဂျင်တီးနားနိုင်ငံသား ရာဖေးလ် ဂရော့စီ (Rafael Grossi) ဖြစ်ပါတယ်။
အထွေထွေအတွင်းရေးမှူးချုပ်ဟာ ဝန်ထမ်းထောင်ပေါင်းများစွာ၊ ဘီလီယံနဲ့ချီတဲ့ ဘတ်ဂျက်နဲ့ အမျိုးအစားစုံလင်တဲ့ အဖွဲ့အစည်းတွေကို ကွပ်ကဲရတဲ့ အဓိက အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။
ဒါ့ပြင် ကမ္ဘာ့စေ့စပ်ညှိနှိုင်းရေးမှူး၊ လူ့အခွင့်အရေး ကာကွယ်သူနဲ့ ငြိမ်းချမ်းရေး၊ လူသားလုံခြုံရေး၊ ဥပဒေစိုးမိုးရေး စတဲ့ ကုလသမဂ္ဂရဲ့ အခြေခံမူတွေကို ကာကွယ်စောင့်ရှောက်သူအဖြစ်ပါ တပြိုင်တည်း တာဝန်ယူရမှာပါ။
ယခုလို စိန်ခေါ်မှုပြားလှတဲ့ ကာလမှာ အဲ့ဒီတာဝန်တွေကို ထမ်းဆောင်ရခြင်းဟာ အတွင်းရေးမှူးချုပ်သစ်အတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်လာမှာဖြစ်ပါတယ်။

