ရခိုင်ပြည်လွတ်မြောက်ရေး ၂၀၂၇ မကုန်ခင်မှာ မြို့အားလုံးသိမ်းမယ်လို့ အေအေခေါင်းဆောင်ပြော
ဧပြီလ ၁၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ရခိုင်ပြည်နယ်တခုလုံးလွတ်မြောက်ရေးအတွက် ၂၀၂၆ နဲ့ ၂၀၂၇ ခုနှစ် မကုန်ခင်မှာ မြို့အားလုံးကို သိမ်းပိုက်နိုင်ရေးဆိုတဲ့ ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်သွားကြမယ်လို့ အာရက္ခတပ်တော် (AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရက္ခတပ်တော် (AA) တည်ထောင်တဲ့ ၁၇ နှစ်ပြည့် သဝဏ်လွှာမှာ ထည့်သွင်းပြောပါတယ်။
လက်ကျန်အဆုံးအဖြတ်တိုက်ပွဲတွေကို ၂၀၂၆ နဲ့ ၂၀၂၇ မကုန်ခင်မှာ လက်စသိမ်းအောင်ပွဲခံနိုင်ဖို့ ယုံကြည်ချက်နဲ့ ဆက်လက် လုပ်ဆောင်သွားဖြစ်သလို၊ အဲ့ဒီကာလအထိရောက်လို့ မဖြစ်နိုင်သေးဘူးဆိုရင်လည်း မိုးအဆုံးမြေအဆုံးအထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း အေအေခေါင်းဆောင်က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားရတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တချောင်းစီအတွက် တရားမျှတမှုရရှိအောင်ကြိုးစားဖို့လည်း အေအေတပ်မှူးချုပ်က ထည့်သွင်းပြောဆိုခဲ့သလို၊ နိုင်ငံတကာတရားစီရင်ရေးထက် ပိုပြီးလက်တွေ့ကျတဲ့ ကိုယ့်အင်အားကို ဗဟိုပြုတည်ဆောက်ပြီး ပြင်းပြင်းထန်ထန်လုပ်ဆောင်သွားရမယ်လို့လည်းဆိုပါတယ်။
အင်အားရှိမှ တရားမျှတမှုကို ရရှိနိုင်မှာဖြစ်ပြီး ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ဖို့အတွက် တိုက်စရာရှိတာကို အဆုံးထိတိုက်ရမယ်လို့ ထည့်သွင်းပြောကြားထားသလို၊ အာရက္ခတိုင်းပြည်ဆိုတာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဗဟိုပြုပြီး တည်ဆောက်သွားမယ့် တိုင်းပြည် ဖြစ်တယ်လို့ ဆိုပါတယ်။
အေအေတပ်မှူးချုပ်ရဲ့ သဝဏ်လွှာအတွင်း အာရက္ခရဲဘော်တွေအနေနဲ့ “ တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်း မရပ်မနားတိုက်ပွဲဝင်” ဆိုတဲ့ လမ်းစဉ်အတိုင်း စစ်ရေးကျွမ်းကျင်မှုတင်မကဘဲ အကျင့်စာရိတ္တပိုင်းမှာလည်း ပြည်သူက အားကိုးရတဲ့ သူတွေဖြစ်အောင် ကြိုးစားဖို့ တိုက်တွန်းထားတာကိုတွေ့ရပါတယ်။
ဒါ့အပြင် ဘ၀တူ အဖိနှိပ်ခံတော်လှန်ရေးအင်အားစုတွေကိုလည်း စာနာနားလည်ပြီး လက်တွဲကူဖို့နဲ့ ဘုံရန်သူကို အတူတကွ လက်တွဲတိုက်ပွဲဝင်ဖို့လည်း ပြောဆိုထားသလို၊ အာရက္ခပြည်နယ်အတွင်းမှာ ရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တန်းတူရည်တူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး၊ လူမျိုးစုတွေကြား သဟဇာတရှိရှိနေထိုင်နိုင်ဖို့၊ တရားဥပဒေအကာအကွယ်ရရှိဖို့ လုပ်ဆောင်သွားမယ်လို့ သဝဏ်လွှာထဲမှာ ထည့်သွင်းပြောဆိုထားပါတယ်။
၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အာရက္ခတပ်တော် တည်ထောင်တဲ့ ၁၇ နှစ်ပြည့်အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို မြောက်ပိုင်းညီနောင်မဟာမိတ်တွေအပြင် နွေဦးတော်လှန်ရေးကာလအတွင်းပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း ဂုဏ်ပြုသဝဏ်လွှာတွေ ပေးပို့ကြတာကို တွေ့ရပါတယ်။
အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ်မှာရှိတဲ့ ၁၇ မြို့နယ်မှာ ၁၄ မြို့အထိ သိမ်းပိုက်ထားနိုင်သလို၊ ပလက်၀မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာတော့ ရိုဟင်ဂျာတွေအပေါ် အေအေက ဖိနှိပ်မှုတွေ ကျူးလွန်ထားတယ်ဆိုတဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုကိုလည်း ရှိနေပြီး ရိုဟင်ဂျာအရပ်သားတွေကို AA က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ သက်သေအထောက်အထားအသစ်တွေထွက်ပေါ်လာတယ်လို့ Fortify Rights ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။