BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

မြောက်ဥက္ကလာပမှာ လျှပ်စစ်မီး အဆမတန် ဖြတ်တောက်ခံနေရမှုကြောင့် ပြည်သူများ စိတ်ပျက်ဒေါသထွက်နေ၊ တရားဝင်ထုတ်ပြန်ချိန်ထက် ပိုမိုဖြတ်တောက်နေဟုဆို

ဧပြီ ၁၂ ရက် | Burma Independent Voice

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှာ လျှပ်စစ်မီးတွေကို ကြေညာထားတဲ့ အချိန်ထက် ပိုမိုဖြတ်တောက်နေတာကြောင့် ဒေသခံပြည်သူတွေ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပြီး စိတ်ပျက်ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာပ EPC ဘက်က ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ အရေးပေါ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကြောင့် မီးဖြတ်မယ်လို့ တရားဝင် အသိပေးပန်ကြားထားပေမဲ့ လက်တွေ့မှာတော့ ညဘက်တွေမှာပါ မီးမလာတာ၊ လာရမယ့်အချိန်မှာ မလာတာမျိုးတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ တခြားမြို့နယ်တွေမှာ ည ၉ နာရီကနေ ၁ နာရီအထိ မီးမှန်နေပေမဲ့ ကျွန်တော်တို့ မြောက်ဥက္ကလာမှာတော့ အမြဲလိုလို အနှိမ်ခံနေရသလို ဖြစ်နေပါတယ်။ ညဘက်ဆို ၈ နာရီခွဲမှ မီးလာပြီး ၁၂ နာရီခွဲမှာ ပြန်ဖြတ်သွားတာမျိုးတွေ ခံနေရတယ်” လို့ ဒေသခံတဦးက BIV ကို ပြောပါတယ်။

လက်ရှိမှာ မြောက်ဥက္ကလာပမြို့နယ်အတွင်းက လူမှုကွန်ရက်အုပ်စုတွေမှာလည်း EPC ရဲ့ မမှန်ကန်တဲ့ မီးပေးဝေမှုပုံစံကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ မီးပျက်ချိန် ကြာမြင့်လွန်းတာကြောင့် စားဝတ်နေရေး ခက်ခဲလာသလို၊ အခြားမြို့နယ်တွေထက် ပိုမိုဖြတ်တောက်ခံနေရတာဟာ ဘာကြောင့်လဲဆိုတာကိုလည်း မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှုအပေါ် ဒေသခံပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြချိန်မှာပဲ EPC ဝန်ထမ်းတွေလို့ ယူဆရတဲ့သူတွေက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြည်သူတွေကို ပြန်လည်တုံ့ပြန် ရေးသားနေကြတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုတွေမှာ EPC ဝန်ထမ်းတွေဟာ အသက်ဘေးအန္တရာယ် ခြိမ်းခြောက်မှုတွေကြားက မီးလင်းအောင် လုပ်ဆောင်ပေးနေရတာဖြစ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ခဲ့စဉ်က မီးပျက်မယ်ဆိုတာကို သိရှိထားသင့်ကြောင်း စတဲ့ အချက်တွေကို ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် Transformer ပျက်စီးမှုတွေကြောင့် မီးမပေးနိုင်တာကို နားမလည်ဘဲ EPC ဝန်ထမ်းတွေကို အလကားနေရင်း ဆဲဆိုနေကြတာဟာ အတ္တကြီးရာရောက်ကြောင်းလည်း လူမှုကွန်ရက်ပေါ်မှာ အမည်ဝှက် နဲ့ ရေးသားထားတာကို တွေ့ရှိရပါတယ်။

အခုလို EPC ဝန်ထမ်းတွေဘက်က တုံ့ပြန်မှုတွေကြောင့် ဒေသခံပြည်သူတွေအကြားမှာ ပိုမိုဒေါသထွက်စရာ ဖြစ်လာနေပြီး EPC ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ယုံကြည်မှု ပိုမိုနည်းပါးလာနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် EPC ဝန်ထမ်းတွေအနေနဲ့ ခွဲတမ်းရထားတဲ့ လျှပ်စစ်ဓာတ်အားတွေကို စက်မှုဇုန်တွေကို ခိုးရောင်းနေသလားဆိုတဲ့ သံသယတွေလည်း ဒေသခံတွေအကြား ထွက်ပေါ်နေပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed