BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို ကြီးကြီးမားမား ကန့်ကွက်မှုမရှိဘူးဆိုတာ ဘယ်လောက် မှန်သလဲ

ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ၊ Fact Check အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့တဲ့အခါ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီး ပြည်သူတွေကလည်း တက်တက်ကြွကြွ မဲပေးခဲ့ကြသလို ၊ ကြီးမားတဲ့ ကန့်ကွက်မှုတွေ မရှိဘူးလို့ ပြောပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ပြောဆိုချက်တွေဟာ မှားယွင်းနေပြီး အချက်အလက်တွေ လွဲမှားနေတာကို BIV က အချက်အလက်စစ်ဆေးထားပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ ရွေးကောက်ပွဲမှာ ပြည်သူတွေက အားတက်သရော မဲပေးခဲ့ကြလို့ အောင်မြင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်ခဲ့ပါတယ်” လို့ ပြောဆိုသွားပါတယ်။ဒါဟာ မှားယွင်းနေပါတယ်။ ၂၀၂၅ ရွေးကောက်ပွဲမှာ…

ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice ၊ Fact Check

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ထိုင်းလေတပ်ဦးစီးချုပ်နဲ့ တွေ့တဲ့အခါ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီး ပြည်သူတွေကလည်း တက်တက်ကြွကြွ မဲပေးခဲ့ကြသလို ၊ ကြီးမားတဲ့ ကန့်ကွက်မှုတွေ မရှိဘူးလို့ ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ပြောဆိုချက်တွေဟာ မှားယွင်းနေပြီး အချက်အလက်တွေ လွဲမှားနေတာကို BIV က အချက်အလက်စစ်ဆေးထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ ရွေးကောက်ပွဲမှာ ပြည်သူတွေက အားတက်သရော မဲပေးခဲ့ကြလို့ အောင်မြင်တဲ့ ရွေးကောက်ပွဲတရပ် ဖြစ်ခဲ့ပါတယ်” လို့ ပြောဆိုသွားပါတယ်။
ဒါဟာ မှားယွင်းနေပါတယ်။

၂၀၂၅ ရွေးကောက်ပွဲမှာ မြို့နယ်ပေါင်း ၃၃၀ ကျော်ထဲက ၂၆၃ မြို့နယ်မှာပဲ မဲရုံဖွင့်နိုင်ခဲ့တာပါ။ တိုက်ပွဲတွေကြောင့် ကျန်တဲ့မြို့နယ်တွေမှာ ပြည်သူတွေ မဲပေးခွင့် ဆုံးရှုံးခဲ့ပါတယ်။

မဲရုံဖွင့်နိုင်တဲ့ မြို့နယ်တွေမှာလည်း မဲရုံတွေဟာ လူသူကင်းမဲ့နေပြီး ခြောက်ကပ်နေတာကို ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတွေမှာ အထင်အရှား တွေ့ရပါတယ်။ စစ်တပ်က ပြုလုပ်တဲ့ ရွေးကောက်ပွဲနေ့တွေမှာလည်း ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာ ကန့်ကွက်တဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုတွေလည်းရှိခဲ့ပါတယ်။ ပြည်သူတွေ မဲရုံသွားတာဟာလည်း စစ်ကောင်စီရဲ့ ဖိအားပေးမှုနဲ့ ခြိမ်းခြောက်မှုတွေကြောင့်သာ သွားခဲ့ရတာ ဖြစ်ပါတယ်။

“ အခုထိ ဒီရွေးကောက်ပွဲအပေါ် ကြီးကြီးမားမား ကန့်ကွက်တာမျိုး မရှိလို့ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

ဒါဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတာတွေ့ရပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကျော်ကို စစ်ကောင်စီက ဖျက်သိမ်းပစ်ခဲ့တာကြောင့် အတိုက်အခံတွေ ပါဝင်ခွင့် လုံးဝမရခဲ့ပါဘူး။ နိုင်ငံတကာကလည်း ဒီရွေးကောက်ပွဲဟာ “ အတုအယောင်” သာဖြစ်တယ်လို့ UN၊ အမေရိကန်၊ ဥရောပသမဂ္ဂ (EU) တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပြီး ရလဒ်ကိုလည်း အသိအမှတ် မပြုဘူးလို့ ကြေညာထားပြီးသား ဖြစ်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လျစ်လျူရှုပြီး ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုသလို့ စစ်ခေါင်းဆောင်တွေကိုလည်း အာဆီယံအဆင့်မြင့် အစည်းအဝေးတွေမှာ ဆက်လက် ဖယ်ကြဉ်ထားဆဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကလည်း “ အကြမ်းဖက်မှုတွေ မရပ်ဘဲ ကျင်းပတဲ့ ရွေးကောက်ပွဲက မြန်မာပြည်သူတွေ ရဲ့ ဆန္ဒအမှန်ကို ကိုယ်စားမပြုနိုင်” ဘူးလို့ ကန့်ကွက်ထားသလို့၊ အခုချိန်ထိ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်းမရှိပါဘူး။

စစ်ခေါင်းဆောင် က “ ပြည်သူတွေ လိုချင်တဲ့ ဒီမိုကရေစီစနစ် ခိုင်မာအောင် တပ်မတော်က ဆောင်ရွက်ပေးနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဒါကလည်း အချက်အလက်အားဖြင့် မှားယွင်းနေပါတယ်။

၂၀၂၁ ခုနှစ်မှာ ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရကို လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တာကတင် ဒီမိုကရေစီကို ဖျက်ဆီးလိုက်တာဖြစ်ပြီး အာဏာသိမ်းပြီး ၅ နှစ်အတွင်းမှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို သတ်ဖြတ်၊ ဖမ်းဆီးတာတွေ လုပ်ခဲ့သလို၊ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အခုချိန်ထိ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်အထိ၊ စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း အသက်ပေးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းဟာ (၇,၈၂၉) ဦး အထိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အသင်း (AAPP) က အချက်ကောက်ယူပြီး ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကနေ စတင်ပြီး အခု ၂၀၂၅ ခုနှစ် သြဂုတ်လကုန်အထိ ၄ နှစ်ကျော်ကာလအတွင်းမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အရပ်သားနေအိမ်ပေါင်း ၁၁၉,၄၁၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒီလို မီးရှို့ဖျက်ဆီးမှုတွေထဲမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ပျက်စီးသွားရတဲ့ နေအိမ်ပေါင်းက ၁၁၅,၅၆၈ လုံးအထိ ရှိတယ်လို့ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်တဲ့ Data for Myanmar ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ စစ်ခေါင်းဆောင်ရဲ့ စကားဟာ လက်တွေ့ လုပ်ရပ်တွေနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က ထိုင်းနဲ့ မြန်မာကြား “ နှစ်နိုင်ငံ တပ်မတော်ကြားမှာ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အရမ်းကောင်းနေပါတယ်” လို့ ပြောဆိုထားပေမယ့် ထိုင်းလေတပ်ဦးစီးချုပ် လာတာဟာ ပုံမှန်စစ်ဘက် ဆက်ဆံရေးသာ ဖြစ်ပါတယ်။

ထိုင်းအစိုးရနဲ့ အာဆီယံနိုင်ငံတွေဟာ စစ်ကောင်စီကို အကြမ်းဖက်မှုတွေ ရပ်ဖို့နဲ့ ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ အမြဲ ဖိအားပေးနေတာပါ။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ထိုင်းနယ်စပ်ကို ဒုက္ခသည်တွေ ပြေးနေရတဲ့အချက်ဟာ နှစ်နိုင်ငံကြားမှာ ပြဿနာကြီးတခု ဖြစ်နေဆဲပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောစကားတွေဟာ နိုင်ငံတကာကြားမှာ သူ့အစိုးရ တရားဝင်သယောင်၊ မြန်မာပြည်ကြီး တည်ငြိမ်နေသယောင် ဝါဒဖြန့်နေတာပဲ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ ဒီရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒ မပါသလို၊ ကမ္ဘာကလည်း အသိအမှတ် မပြုတဲ့ ဟန်ပြရွေးကောက်ပွဲသာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.
မျှဝေပါ / Share

About the Author

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Latest News

View All

About the Author

Search the Archives

Access over the years of investigative journalism and breaking reports

You May Have Missed