ဂျပန်နိုင်ငံခြားရေးအရွေ့နဲ့ မြန်မာအပေါ်သက်ရောက်လာနိုင်မှု
ဆောင်းပါး | Burma Independent Voice
ဒီနေ့ ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာ သံခင်းတမန်ခင်း အနေအထားကို အနှစ်ချုပ်ရမယ်ဆိုရင် — စီးပွားရေးအင်အားနဲ့ သြဇာတည်ဆောက်ခဲ့တဲ့ အာရှကျားတကောင် အနေအထားကနေ — လုံခြုံရေး၊ မဟာဗျူဟာ၊ နိုင်ငံတကာအခင်းအကျင်းတွေကို တိုက်ရိုက်ပေါင်းစပ် အသုံးချလာနိုင်ပြီး ကမ္ဘာ့ပထဝီနိုင်ငံရေးဇာတ်ခုံမှာ အဓိကဇာတ်ကောင်တယောက်အဖြစ် ပြောင်းလဲလာတာပဲ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်ရဲ့ နိုင်ငံခြားရေးမူဝါဒအခြေခံဖြစ်တဲ့ Yoshida Doctrine ဟာ “security outsourcing, economic maximization” ဆိုတဲ့ အယူအဆအပေါ် အခြေခံထားတာပါ။ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အမေရိကန်ဆီမှာ လွှဲအပ်ထားပြီး ကိုယ်တိုင်က စီးပွားရေးတည်ဆောက်မှုကို အာရုံစိုက်ခဲ့တာကြောင့် ကာကွယ်ရေးအသုံးစရိတ်ကို GDP ၁% ဝန်းကျင်မှာပဲ ဆယ်စုနှစ်များစွာ ထိန်းထားခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံအောက်မှာ ဂျပန်ဟာ ASEAN infrastructure development၊ ODA flows တွေလို ဖွံ့ဖြိုးရေးကဏ္ဍ အကူအညီတွေက တဆင့် အတင်းအကျပ်ဖိအားပေးမှုတွေမပါဘဲ soft power သြဇာကိတ္တိမကို တည်ဆောက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၀ နောက်ပိုင်း အပြောင်းအလဲတွေ တဖြည်းဖြည်း ဖြစ်လာပြီး ၂၀၂၂ မှာတော့ အလှည့်အပြောင်းကာလကို ရောက်လာပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံတကာရေးရာ ဆုံးဖြတ်ချက်တွေဟာ ခန့်မှန်းရခက်ခဲပြီး အမေရိကန်ရဲ့ ဦးဆောင်မှုကို မယုံကြည်ရတော့တာကလဲ ဂျပန်နိုင်ငံခြားရေးအရွေ့အပေါ်မှာ အဓိက သက်ရောက်မှု ရှိပါတယ်။ ၂၀၂၆ အထိ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ဒီအရွေ့ဟာ စာရွက်ပေါ်က စိတ်ကူးတွေတင် မဟုတ်တော့ဘဲ လက်တွေ့အကောင်အထည်ဖော်တဲ့ အဆင့်ကို ရောက်နေပြီဆိုတာ ပိုရှင်းလင်းလာပါတယ်။ မူလက ၂၀၂၇ ရည်မှန်းချက်ဖြစ်တဲ့ ကာကွယ်ရေးအသုံးစားရိတ် GDP ၂% ကို ၂၀၂၆ အတွင်းမှာတင် တွန်းတင်ခဲ့တာဟာ နိုင်ငံရေးရည်မှန်းချက်နဲ့ ခြိမ်းခြောက်မှုတွေအပေါ်တန်ပြန်ချက် နှစ်ခုပေါင်းစပ်မှုကို ပြသနေပါတယ်။
ဒီနေရာမှာ နောက်ထပ် အရေးကြီးတဲ့ အချက်တချက်က — ကာကွယ်ရေးအသုံးစရိတ် အပြောင်းအလဲဟာ ငွေပမာဏတိုးလာတာတင် မဟုတ်ဘဲ တိုက်ခိုက်စွမ်းရည်ကို တကယ်တမ်း မြှင့်တင်ဖို့ ဦးတည်နေတယ် ဆိုတာပါပဲ။ ဥပမာ — တာဝေးပစ်စွမ်းရည်မြှင့်တင်မှုတွေ၊ အမိန့်ပေးအုပ်ချုပ်မှု စနစ်တွေကို စုစည်းဆက်သွယ်ချိတ်ဆက်ထားနိုင်တဲ့ ဖွဲ့စည်းပုံအပြောင်းအလဲ၊ တပ်ဖွဲ့အမျိုးမျိုး ပူးပေါင်းလှုပ်ရှားနိုင်အောင် အသင့်ပြင်ဆင်ထားမှု စတဲ့ လက်တွေ့အသုံးချနိုင်တဲ့ စစ်ဆင်ရေးအသင့်စွမ်းရည်တွေ တည်ဆောက်လာနေတာကို မြင်နိုင်ပါတယ်။
ဒီလိုမျိုး စစ်ရေးစွမ်းရည် မြှင့်တင်လာတာဟာ အရင်လို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လောက်ပဲ ကန့်သတ်ထားတဲ့ အနေအထားကနေ — ကြိုတင်တားဆီးနိုင်ဖို့ လက်ဦးမှုယူနိုင်တဲ့ အနေအထားဘက်ကို တဖြည်းဖြည်း ရွေ့လာနေတယ်လို့ ပြောလို့ရပါတယ်။ ဒီအပြောင်းအလဲဟာ ပေါ်လစီပိုင်းအလှည့်အပြောင်းတခုထက် ကျော်လွန်တဲ့ အခြေခံတည်ဆောက်ပုံပြုပြင်ပြောင်းလဲရေးအဆင့်ဖြစ်နေပြီဆိုတာကို အချက်အလက်တွေနဲ့ အတည်ပြုနိုင်တဲ့ အနေအထားတခု ဖြစ်လာပါတယ်။
ဒီနေ့ ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာ သံခင်းတမန်ခင်း အနေအထားကို အနှစ်ချုပ်ရမယ်ဆိုရင် — စီးပွားရေးအင်အားနဲ့ သြဇာတည်ဆောက်ခဲ့တဲ့ အာရှကျားတကောင် အနေအထားကနေ — လုံခြုံရေး၊ မဟာဗျူဟာ၊ နိုင်ငံတကာအခင်းအကျင်းတွေကို တိုက်ရိုက်ပေါင်းစပ် အသုံးချလာနိုင်ပြီး ကမ္ဘာ့ပထဝီနိုင်ငံရေးဇာတ်ခုံမှာ အဓိကဇာတ်ကောင်တယောက်အဖြစ် ပြောင်းလဲလာတာပဲ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံခြားရေး အခြေခံမူဝါဒအပြောင်းအလဲကို သက်သေပြနေတဲ့ အထောက်အထားတခုကတော့ တရားဝင်လုံခြုံရေးအကူအညီ (OSA) ဖြစ်ပါတယ်။ OSA ဟာ ဂျပန်နိုင်ငံအတွက် သမိုင်းဝင်အလှည့်အပြောင်းတခု ဖြစ်ပါတယ်၊ အရင်က ကျင့်သုံးခဲ့တဲ့ ဖွံ့ဖြိုးရေးအကူအညီသီးသန့် ချဥ်းကပ်မှုပုံစံကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို စစ်ရေးအသုံးချနိုင်တဲ့ ကိရိယာပစ္စည်းတွေ တိုက်ရိုက်ထောက်ပံ့ပေးနိုင်တဲ့ မူဘောင်အသစ်တခု ပေါ်ပေါက်လာတာပါ။ ဒီလိုမျိုး ပြောင်းလဲမှုဟာ ဂျပန်ကို စီးပွားရေးအထောက်အပံ့ပေးသူ အဆင့်ကနေ လုံခြုံရေးအခန်းကဏ္ဍပါ ထမ်းဆောင်နိုင်တဲ့ နိုင်ငံအဖြစ် ပြောင်းလဲလာတာကို ပြသနေပါတယ်။
ဒီအပြောင်းအလဲက စစ်ရေးတစ်ခုတည်းတင် မဟုတ်ဘဲ စီးပွားရေးအပိုင်းနဲ့ပါ တစ်ဆက်တည်း ချိတ်ဆက်နေတာပါ။ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုတခုလုပ်ဖို့ လုံခြုံရေးကိုပါ တိုက်ရိုက် ထည့်စဉ်းစားလာရပြီ ဖြစ်ပါတယ်။ အကျိုးအမြတ်တစ်ခုတည်း မကြည့်တော့ဘဲ ပထဝီနိုင်ငံရေးအန္တရာယ်၊ supply chain အန္တရာယ်၊ နည်းပညာလုံခြုံရေး စတဲ့ အချက်တွေကိုပါ တွဲပြီး စိစစ်လာတာပါ။
ဒီအပြောင်းအလဲ ထင်သာမြင်သာရှိတာကတော့ မြန်မာနိုင်ငံပါပဲ။ ဂျပန်နိုင်ငံရဲ့ ယခင်နိုင်ငံခြားရေးမူဝါဒအောက်မှာ မြန်မာနိုင်ငံကိုလည်း အာရှရဲ့ နောက်ဆုံးရှေ့တန်းမျက်နှာစာ “Asia’s Last Frontier” အဖြစ် ရှုမြင်ပြီး သီလဝါအထူးဇုံဖော်ဆောင်တာတွေ၊ JICA Yangon Urban Development Master Plan (2012) လိုမျိုး မြို့ပြစီမံကိန်းတွေ စတဲ့ ရေရှည်စီးပွားရေးခြေကုပ်စခန်းတွေ တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ Yoshida model ကို တိုက်ရိုက် အသုံးချခဲ့စဥ်က မြင်သာတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။
မူဝါဒအသစ်အောက်မှာတော့ ဂျပန်တွေဟာ စီးပွားရေးတွက်ခြေကိုက်ရုံ ဆက်ဆံရေးမျိုးကိုပဲ မျှော်လင့်နေမှာ မဟုတ်တော့ဘဲ နိုင်ငံရေးတည်ငြိမ်ပြီး အနာဂတ်လုံခြုံရေး စိတ်ချရတဲ့ အခြေအနေမျိုးမှာသာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်ရှိနိုင်မယ့်အနေအထား ဖြစ်လာပါတယ်။
ဂျပန်ရဲ့ အပြောင်းအလဲကို “structural pressure response” လို့ မြင်ရင် ပိုရှင်းလင်းပါတယ်။ ဒီလုပ်ရပ်တွေနောက်ကွယ်က အဓိက တွန်းအားကတော့ တရုတ်သြဇာကို ထိန်းညှိချင်တဲ့ မဟာဗျူဟာပါပဲ။ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေး၊ နည်းပညာ သြဇာ တိုးလာမှုက ဂျပန်အတွက် ရှောင်လွှဲလို့ မရတဲ့ အခြေအနေတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ဂျပန်ရဲ့ လုံခြုံရေးမူဝါဒ ပြောင်းလဲမှုဟာ ကိုယ်တိုင်ရွေးချယ်တဲ့ optional strategy မဟုတ်တော့ဘဲ မဖြစ်မနေ တုံ့ပြန်ရမယ့် structural necessity တစ်ခုဖြစ်လာပါတယ်။ ဒီအခြေအနေကို နောက်တဆင့် ချဲ့ကြည့်ရင် ထိုင်ဝမ်နဲ့ပက်သက်တဲ့ ဖြစ်နိုင်ချေတွေကိုလည်း မဖြစ်မနေ ထည့်စဉ်းစားရပါတယ်။ ထိုင်ဝမ်မှာ အရေးပေါ် အခြေအနေတခု ဖြစ်လာခဲ့ရင် ဂျပန်ရဲ့ ထောက်ပို့လမ်းကြောင်း၊ ပင်လယ်ထွက်ပေါက်၊ စွမ်းအင်လုံခြုံရေး အားလုံး ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဂျပန်ရဲ့ စစ်ရေးပြင်ဆင်မှုတွေဟာ ဒေသတွင်းစစ်ပြင်ဆင်မှုတွေနဲ့ ချိတ်ဆက်နေတာပါ။
ဂျပန်နိုင်ငံအနေနဲ့ အာရုံစိုက်နိုင်မှုက အကန့်အသတ် ရှိနေတဲ့အတွက် အရေးပါဆုံး မဟာဗျူဟာဒေသတွေကို ဦးစားပေး လှုပ်ရှားသွားမှာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံအတွက် တိုက်ရိုက်မဟုတ်ပေမယ့် ဆက်စပ်မှု ရှိနေပါတယ်။ လက်ရှိအနေအထားမှာ မြန်မာနိုင်ငံဟာ ဂျပန်အတွက် အဓိကစစ်မြေပြင်မဟုတ်ပေမယ့် မဟာဗျူဟာအကာအကွယ်ဇုန်တခုလို အရေးပါနေပါတယ်။ တရုတ်သြဇာဘက်ကို တစ်ဖက်သတ် တိမ်းညွတ်မသွားအောင် ထိန်းညှိထားဖို့ လိုအပ်တဲ့ နေရာတခုလည်း ဖြစ်လာပါတယ်။ ဒါကြောင့် ဂျပန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒဟာ အလုံးစုံဆက်ဆံရေး မဟုတ်ဘဲ အကန့်အသတ်နဲ့ ဆက်လက်ထားရှိတဲ့ ထိတွေ့မှုမျိုးနဲ့ ဆက်လက် ထားရှိသွားနိုင်ပါတယ်။
ဂျပန်နိုင်ငံဟာ အစိုးရချင်း ချိတ်ဆက်လုပ်ဆောင်မှုတွေရဲ့ အပြင်ဘက်မှာလည်း အစိုးရမဟုတ်တဲ့ လမ်းကြောင်းတွေနဲ့ လှုပ်ရှားတတ်တဲ့ သဘာဝ ရှိပါတယ်။ အထူးသဖြင့် Sasakawa Peace Foundation လို အဖွဲ့အစည်းတွေက လုံခြုံရေး၊ စီမံခန့်ခွဲမှုနဲ့ ဆွေးနွေးပွဲတွေကို တိုက်ရိုက်မဟုတ်တဲ့ လမ်းကြောင်းကနေ ဆောင်ရွက်နေတာပါ။ ဒီလို လမ်းကြောင်းတွေဟာ အစိုးရအဆင့် ဆက်သွယ်မှုတွေ ကန့်သတ်ပြဖို့ လိုအပ်တဲ့အချိန်မှာ အာပတ်လွတ်တဲ့ ဆက်သွယ်ရေး ကြားခံတခု တိုးတိုးတိတ်တိတ် ထားရှိနိုင်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။
သေချာတာကတော့ မြန်မာနိုင်ငံဟာ ဒေသတွင်း အချက်အချာနေရာ ဖြစ်လာနေတဲ့အတွက် ဂျပန်အနေနဲ့ လုံးဝလက်လွှတ်မထားနိုင်ပါဘူး။ ဒီတော့ ဒီအခြေအနေတွေကို တော်လှန်ရေးဘက်က ဘယ်လိုအသုံးချမလဲ ဆိုတဲ့မေးခွန်း ပေါ်ပေါက်လာပါတယ်။ စိတ်ကူးထဲက အကောင်းဆုံးအခြေအနေ (dream situation) ကို ပြောရရင် — ဂျပန်ဟာ တရားဝင်မဟုတ်တဲ့ လမ်းကြောင်းတွေကနေ စတင်ပြီး တော်လှန်ရေးဘက်ကို တဖြည်းဖြည်း လက်ခံလာနိုင်တယ်။ အကြောင်းကတော့ မြန်မာနိုင်ငံကို တရုတ်ဘက်သို့ တစ်ဖက်သတ် မကျသွားအောင် ထိန်းထားချင်တဲ့ အကျိုးစီးပွားရှိနေတာကြောင့်ပါ။ ဒီလိုဖြစ်လာရင် အစပိုင်းမှာ လူမှုအကူအညီ၊ နည်းပညာအကူအညီတွေကနေ စပြီး နောက်ပိုင်းမှာ ပိုပြီးနက်ရှိုင်းတဲ့ ပူးပေါင်းမှုတွေထိ တိုးလာနိုင်ပါတယ်။
ဒါပေမယ့် လက်တွေ့ဖြစ်နိုင်ချေကို ကြည့်ရင်တော့ — ဂျပန်ဟာ အန္တရာယ်ရှောင်တဲ့ နိုင်ငံဖြစ်တဲ့အတွက် တိတ်တိတ်လေး ဆက်သွယ်ထားတဲ့ အနေအထားကိုပဲ ဆက်ထိန်းထားမယ့် အလားအလာပိုများပါတယ်။ တစ်ဖက်မှာ လက်ရှိအာဏာရှိတဲ့ဘက်နဲ့ ဆက်ဆံမှု မပြတ်အောင် ထိန်းထားပြီး တစ်ဖက်မှာ အနာဂတ်ရွေးချယ်စရာ မပျက်အောင် တော်လှန်ရေးဘက်နဲ့လည်း လမ်းကြောင်းဖွင့်ထားမယ် ဆိုတဲ့ ပုံစံကို ဆက်သုံးနိုင်ပါတယ်။ ဂျပန်ရဲ့ အကျိုးစီးပွားဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ဆိုတဲ့ စံနှုန်းတွေနဲ့ အမြဲ တိုက်ဆိုင်နေတာမဟုတ်ဘဲ တခါတလေ ဆန့်ကျင်ဖက် ဖြစ်နေတတ်ပါတယ်။ သူတို့ဆုံးဖြတ်ချက်တွေဟာ အမြဲတမ်း တရားမျှတမှုနဲ့ အမှန်တရားဖက်ကို မလိုက်ဘဲ ဂျပန်အမျိုးသားအကျိုးစီးပွားဖက်ကို လိုက်တတ်ပါတယ်။ လက်ယာဝါဒ ကမ္ဘာမှာ ခေါင်းထောင်လာချိန်မှာ လက်ရှိ ဂျပန်ခေါင်းဆောင်မှုကို ထိတွေ့တဲ့အခါ ဒါကို နားလည်ထားဖို့ လိုပါတယ်။ ဒါကြောင့် တော်လှန်ရေးဘက်အနေနဲ့လည်း အခြေအနေကို ရိုးရှင်းစွာ မမြင်ဘဲ စီးပွားရေး၊ လုံခြုံရေး၊ မဟာဗျူဟာ အားလုံးကို တွဲပြီး စဉ်းစားနိုင်ဖို့ လိုပါတယ်။
ဒီနေရာမှာ တော်လှန်ရေးဘက်အတွက် အရေးကြီးလာတဲ့ လိုအပ်ချက်က — ဘောင်ဝင်အောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲ ဆိုတာပါပဲ။ အာဏာရှိတယ်/ထိန်းချုပ်မှုရှိတယ် ဆိုတာနဲ့ မတူဘဲ နိုင်ငံတကာက “တရားဝင်လက်ခံနိုင်မှု” လက်တွေကျကျ ရှိလာဖို့ လိုပါတယ်။ ဒီလို legitimacy ကို တည်ဆောက်နိုင်ဖို့ဆိုရင် — လူထုထောက်ခံမှုတင်မကဘဲ အပြင်ဘက်နိုင်ငံတွေက လက်ခံနိုင်တဲ့ အုပ်ချုပ်ရေးစနစ်တွေ၊ ဥပဒေစိုးမိုးမှုတွေနဲ့ တာဝန်ခံမှု/တာဝန်ယူမှုတွေ စတဲ့ အခြေခံတွေကို တကယ်လုပ်ပြနိုင်ဖို့ လိုပါတယ်။
နောက်တချက်က ဂျပန်အတွက် အရေးကြီးဆုံး လိုအပ်ချက်တွေထဲမှာ “predictability” (ကြိုတင်ခန့်မှန်းလို့ရနိုင်မှု) ပါဝင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံရေးဆက်ဆံရေးတွေမှာ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ မသိရတဲ့ အခြေအနေကို သူတို့ မကြိုက်ပါဘူး။ ဒါကြောင့် တော်လှန်ရေးဘက်တော်သားတွေအနေနဲ့ ကိုယ့်ဘက်က စနစ်တကျ စည်းမျဉ်းနဲ့ လည်ပတ်နိုင်တယ်၊ ဆုံးဖြတ်ချက်တွေက အခြေအနေကို မူတည်ပြီး တခါတလေ ပြောင်းလဲသွားနိုင်ပေမယ့် အန္တရာယ်နည်းတယ် ဆိုတာကို ပြနိုင်ဖို့ အရေးကြီးလာပါတယ်။
“Information consistency” နဲ့ “coordination” ကလဲ ဂျပန်တွေ ထည့်စဥ်းစားမယ့် အရေးကြီးလိုအပ်ချက် ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုတည်းက မဟုတ်ဘဲ အဖွဲ့အများကြီးရှိတဲ့ အခြေအနေမှာ အပြင်ဘက်နိုင်ငံတွေက ရရှိတဲ့ သတင်းအချက်အလက်တွေ မတူညီနေမယ်ဆိုရင် ယုံကြည်မှုကျဆင်းသွားတတ်ပါတယ်။ တော်လှန်ရေးဘက်မှာ အဖွဲ့အစည်းများစွာ ရှိနေတဲ့အချိန်မှာ အပြင်ဘက်က ကြည့်ရင် “ဘယ်သူနဲ့ ပြောရမလဲ” ဆိုတာ မရှင်းလင်းသွားရင် ယုံကြည်မှု ကျဆင်းသွားတတ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ ပြောဆိုချက်၊ မူဝါဒ၊ ရည်ရွယ်ချက်တွေကို ညှိနှိုင်းထိန်းသိမ်းထားပြီး တသံတည်းထွက်နိုင်တဲ့ မူဝါဒ၊ တစ်လမ်းတည်း သွားနိုင်တဲ့ ဆုံးဖြတ်ချက်စနစ် တည်ဆောက်နိုင်ဖို့က အရေးကြီးပါတယ်။ အခု ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF လို တပ်ပေါင်းစုဖွဲ့စည်းနိုင်မှုမျိုးက တိုးတက်မှုတရပ် ဖြစ်သလို ခိုင်မာအောင် ဆက်လက်တည်ဆောက် ထိန်းသိမ်းရမှာပါ။
အခု ပြိုင်ဆိုင်မှုဟာ “ဘယ်ဘက်က ပိုပြီး ယုံကြည်လို့ရသလဲ” ဆိုတဲ့ စနစ်ဆိုင်ရာ ပြိုင်ဆိုင်မှု (system competition) ဖြစ်လာနေပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ လုံခြုံရေး၊ မဟာဗျူဟာအကျိုးစီးပွားတွေကို မြန်မာနိုင်ငံအနာဂတ်မှာ ဘယ်ဘက်က ပိုပြီး အာမခံပေးနိုင်မလဲဆိုတာကို အမြဲတွက်ချက်နေမှာပါ။ ဒီအချက်တွေကို နောက်ထပ် အလွှာတစ်ခုနဲ့ ကြည့်မယ်ဆိုရင် — ဂျပန်ရဲ့ အမြင်ထဲမှာ “risk management” ဆိုတာ အဓိက အခြေခံဖြစ်နေတယ်ဆိုတာ မြင်ရပါတယ်။ သူတို့အတွက် အရေးကြီးတာက “ဆုံးရှုံးမှုဖြစ်လာခဲ့ရင် ဘယ်လောက်ထိ ထိန်းချုပ်နိုင်မလဲ” ဆိုတာပါ။ ဒါကြောင့် တော်လှန်ရေးဘက်အနေနဲ့ ကိုယ့်ကိုယ်ကို “အန္တရာယ်နည်းတဲ့ မိတ်ဖက်” ဆိုတာကို ပိုပြီး ထင်ရှားအောင် ပြသနိုင်ဖို့ လိုပါတယ်။ ဂျပန်ရဲ့ exit strategy ကိုလဲ နားလည်နေရပါမယ်။
ဂျပန်ဟာ တိုက်ရိုက် လက်တွဲဖို့ မဆုံးဖြတ်ခင် “pilot engagement” လို သေးငယ်တဲ့ စမ်းသပ်ဆက်ဆံမှုတွေကနေ စတင်တတ်ပါတယ်။ ဒီလိုအခြေအနေမှာ တော်လှန်ရေးဘက်က သေးသေးလေးကနေ စတင်တဲ့ ပူးပေါင်းမှုတွေကို အောင်မြင်အောင် လုပ်ပြနိုင်ရင် နောက်တဆင့် တိုးချဲ့နိုင်ဖို့ အခွင့်အလမ်း ဖန်တီးနိုင်ပါတယ်။ တစ်ကြိမ်တည်း အကြီးကြီး ဝင်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ထက် တဖြည်းဖြည်း ယုံကြည်မှုတည်ဆောက်သွားရမယ့် process လို့ မြင်ထားရပါမယ်။
ဒီလိုအရာတွေကို တစ်ခုချင်း ပြန်စုကြည့်ရင် — တော်လှန်ရေးဟာ လူ/လက်နက် အင်အားတင် မဟုတ်တော့ဘဲ “ယုံကြည်မှု/ခန့်မှန်းနိုင်မှု/စနစ်တကျအုပ်ချုပ်လည်ပတ်နိုင်မှု” ဆိုတဲ့ အချက်သုံးချက်ပေါ်မှာ မူတည်လာနေတယ်ဆိုတာ ပိုရှင်းလာပါတယ်။ ဒါတွေကို မလုပ်ဆောင်နိုင်ဘူးဆိုရင် — အခွင့်အလမ်းပွင့်လာတဲ့အချိန်မှာတောင် အပြင်ဘက်နိုင်ငံတွေက “စောင့်ကြည့်နေသေးတယ်” ဆိုတဲ့ အနေအထားမှာပဲ ရပ်တန့်နေနိုင်ပါတယ်။ ဒါမျိုးဖြစ်လာရင် အခွင့်အလမ်းကို လက်မလွတ်အောင် ဖမ်းနိုင်ဖို့ အဓိက အဟန့်အတား ဖြစ်လာမှာပါ။ အခွင့်အလမ်းဆိုတာ အမြဲတမ်းရှိနေတာမျိုး မဟုတ်ဘဲ တခဏပဲ ပွင့်လာတတ်တဲ့ တံခါးတချပ်နဲ့ တူပါတယ်။ အဲ့ဒီအချိန်မှာ စနစ်တကျ ပြင်ဆင်ထားတဲ့ဘက်ကပဲ အကျိုးခံစားရတတ်ပါတယ်။ စစ်တပ်ဘက်ကလဲ ဒီအခြေအနေအတွက် အသင့်ဖြစ်အောင် ကြိုးစားနေမှာဖြစ်ပါတယ်။
ဒီနေရာမှာ ထပ်ပြီး သဘောပေါက်ဖို့လိုတာက — ဂျပန်ရဲ့ ရည်ရွယ်ချက်ဟာ တိုက်ခိုက်ချင်လို့ စစ်ရေးမြှင့်တင်တာ မဟုတ်ဘဲ “deterrence credibility” ကို တည်ဆောက်ချင်တာပါ။ ဆိုလိုတာက ကိုယ့်ကို မတိုက်ခိုက်ရဲအောင် ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အရင်လို passive state မဟုတ်တော့ဘဲ “controlled assertiveness” ဆိုတဲ့ အနေအထားတစ်ခုကို ရောက်လာတယ်လို့ ပြောလို့ရပါတယ်။ အပြင်ပန်းမှာ ကြမ်းတမ်းလာသလို မြင်ရပေမယ့် အတွင်းမှာတော့ risk calculation အလွန်ပြင်းထန်တဲ့ စနစ်တစ်ခုနဲ့ လည်ပတ်နေပါတယ်။
ဒီနေရာမှာ နောက်ထပ် ထည့်စဉ်းစားရမယ့် အချက်က ဂျပန်ထုံးစံအတိုင်း ဆုံးဖြတ်ချက်တွေဟာ အဆင့်ဆင့် ချမှတ်တတ်တာမျိုးပါ။ နိုင်ငံရေးခေါင်းဆောင်တယောက်ရဲ့ ဆုံးဖြတ်ချက်တခုတည်းနဲ့ အလျင်အမြန် ပြောင်းလဲသွားတာမျိုး မဟုတ်ဘဲ ဝန်ကြီးဌာနတွေ၊ ပက်သက်နေတဲ့အဖွဲ့အစည်းတွေနဲ့ လူထုအဆင့်ထိ အားလုံးညှိနှိုင်းပြီးမှ ရွေ့လျားတတ်ပါတယ်။ ဒါကြောင့် မူဝါဒအပြောင်းအလဲတွေဟာ နှေးကွေးသလို မြင်ရပေမယ့် ပြောင်းပြီးသွားရင် နောက်ကြောင်းမပြန်တဲ့ long-term continuity ရှိတတ်ပါတယ်။ ရေတိုထက် ရေရှည်ကို ပိုစဥ်းစားတဲ့ ဂျပန်ရဲ့ ဒီလို အလေ့အထကို နားလည်ရင် တော်လှန်ရေးဘက်ကလဲ တခါတည်း အသိအမှတ်ပြုမှုရမယ် ဆိုတဲ့ မျှော်လင့်ချက်ထက် ဖြည်းဖြည်းမှန်မှန် ဆက်ဆံရေးတိုးမြှင့်သွားဖို့ကို ဦးတည်ရမှာပါ။
ဒါကြောင့် နောက်တစ်ဆင့်ပြောရမယ်ဆိုရင် တော်လှန်ရေးဟာ စစ်မြေပြင်မှာ ရှိနေသလို အုပ်ချုပ်မှုပိုင်းကိုလဲ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်လာပါတယ်။ စစ်နိုင်အောင် တိုက်ဖို့ လိုအပ်သလို မအုပ်ချုပ်နိုင်ရင်လည်း မနိုင်ဘူးဆိုတဲ့ အဆင့်ကို ရောက်လာပြီဆိုတာပါပဲ။ ဂျပန်လိုနိုင်ငံမျိုးတွေအတွက် စောင့်ကြည့်လေ့လာနေတယ်ဆိုတဲ့အချက်က ဘာမှမလုပ်ဘဲ ငြိမ်နေကြတာ မဟုတ်ပါဘူး။ သူတို့ဟာ အချက်အလက်တွေ စုဆောင်းနေတယ်။ သုံးသပ်နေတယ်။ ဖြစ်နိုင်ချေတွေကို တွက်ချက်နေပါတယ်။ အဲ့ဒီ ဖြစ်စဥ်အတွင်းမှာ ကိုယ်ဘက်က အချက်ပြနိုင်မှု တခုချင်းစီဟာ ရေရှည်ဆက်ဆံရေးအတွက် အခြေခံတွေကို သတ်မှတ်ပေးနေပါတယ်။
တော်လှန်ရေးအတွက် တခုအားသာချက်က ဒီပွဲဟာ အင်အားကြီးတဲ့ဘက်က အနိုင်ရမယ့်ပွဲမျိုး ဖြစ်မနေတာပါပဲ။ မှန်ကန်တဲ့ မဟာဗျူဟာနဲ့ အဆင်သင့်ပြင်ဆင်ထားပြီး အချိန်ကိုက် အကောင်းဆုံး မှန်မှန်ကန် လှုပ်ရှားနိုင်တဲ့ဘက်ကပဲ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းကို ဆုပ်ကိုင်အနိုင်ရသွားဖို့ များပါတယ်။ ဒါကြောင့် တော်လှန်ရေးဘက်တော်သားတွေအတွက် ကိုယ့်ကိုယ်ကို ဘယ်လိုပုံဖော်ကြမလဲ ဆိုတာအရေးကြီးဆုံးလာပါတယ်။ မတည်ငြိမ်မှုဖန်တီးတဲ့အဖွဲ့ မဟုတ်ဘဲ တည်ငြိမ်မှုကိုပြန်တည်ဆောက်နိုင်မယ့်အဖွဲ့ အဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်ရပ်တည်ပြနိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် “ယုံကြည်စိတ်ချရတဲ့ အုပ်ချုပ်နိုင်စွမ်းရှိတယ်” ဆိုတာကို ပြနိုင်ဖို့ ကြိုးစားအားထုတ်ရမှာပါ။
ဒါကြောင့် အခုအချိန်မှာ တော်လှန်ရေးဘက်တော်သားတွေအတွက် အဓိကမေးခွန်းက — အခွင့်အလမ်းတံခါး ပွင့်လာတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေအောင် လုပ်ဆောင်ထားနိုင်မလား ဆိုတာပါပဲ။