ဂါဇာလေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင် သေဆုံးသွားကြောင်း အစ္စရေး အတည်ပြု
မေလ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဂါဇာဒေသမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ဟားမတ်စ် အဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင် အက်ဇ်ဇီဒင် အယ်လ်-ဟက်ဒတ် သေဆုံးသွားခဲ့ကြောင်း အစ္စရေးစစ်တပ်က စနေနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
အစ္စရေးစစ်တပ်နဲ့ ရှန်ဘတ် ပြည်တွင်းလုံခြုံရေးအေဂျင်စီတို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ “ မနေ့တုန်းက ဂါဇာမြို့ပတ်ဝန်းကျင်မှာ တိကျသေချာတဲ့ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး အကြမ်းဖက်သမား အက်ဇ်ဇီဒင် အယ်လ်-ဟက်ဒတ်ကို ရှင်းလင်းနိုင်ခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။ ဟားမတ်စ်အဖွဲ့ တာဝန်ရှိသူနှစ်ဦးကလည်း သောကြာနေ့က ဂါဇာမြို့ရှိ လူနေတိုက်ခန်းတစ်ခုနဲ့ အရပ်သားမော်တော်ယာဉ်တစ်စီးကို အစ္စရေးက တိုက်ခိုက်ခဲ့စဉ်အတွင်း ဟက်ဒတ် သေဆုံးသွားခဲ့တာမှန်ကန်ကြောင်း AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အစ္စရေးစစ်တပ်ရဲ့ အဆိုအရ ဟက်ဒတ်ဟာ “ အောက်တိုဘာ ၇ ရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စီစဉ်ညွှန်ကြားပြီး လက်တွေ့အကောင်အထည်ဖော်ခဲ့တဲ့ ဟားမတ်စ်စစ်ဘက်ဆိုင်ရာ ထိပ်တန်းတပ်မှူးတွေထဲက နောက်ဆုံးကျန်ရှိနေသူတစ်ဦး” ဖြစ်တယ်လို့ သိရပါတယ်။
“ စစ်ပွဲတစ်ခုလုံးအတွင်းမှာ ဟက်ဒတ်ဟာ အစ္စရေးဓားစာခံအများအပြားကို ဟားမတ်စ်တို့ရဲ့ ထိန်းသိမ်းမှုအောက်မှာ ဖမ်းဆီးထားတဲ့ကိစ္စမှာ ပါဝင်ပတ်သက်ခဲ့သူဖြစ်ပါတယ်” လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ ဒါ့အပြင် ဟက်ဒတ်ဟာ ဟားမတ်စ်အဖွဲ့ရဲ့ ဓားစာခံတွေကို ထိန်းသိမ်းတဲ့စနစ်ကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး သူ့ကို အစ္စရေးဘက်က သုတ်သင်ရှင်းလင်းမှာကို ကာကွယ်ဖို့အတွက် ဓားစာခံတွေကို သူ့ရဲ့ပတ်ပတ်လည်မှာ ဝန်းရံထားလေ့ရှိတယ်လို့လည်း အစ္စရေးစစ်တပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။