BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ချဲလ်ဆီးနဲ့ FA ဖလား ဗိုလ်လုပွဲ မကစားခင် မန်စီးတီးကနေ ထွက်ခွာမယ့်အရေးနဲ့ ပတ်သက်ပြီး ပက် ဂွာဒီယိုလာ ထုတ်ပြော

မေလ ၁၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

မန်ချက်စတာစီးတီး အသင်းနည်းပြ ပက် ဂွာဒီယိုလာ ဟာ အခု ၂၀၂၅/၂၆ ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမလားဆိုတဲ့မေးခွန်းအပေါ် သူ့ရဲ့ အနာဂတ်အပေါ် ရိုးရိုးသားသား တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

၂၀၁၆ ခုနှစ် အီတီဟတ်ကွင်းကို ရောက်ရှိလာကတည်းက ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် အဓိက ဆုဖလားကြီး ၁၆ လုံး ရရှိအောင် လမ်းပြပေးခဲ့တာပါ။

ဂွာဒီယိုလာဟာ အခုနှစ်အစောပိုင်းတုန်းကလည်း ကာရာဘောင်ဖလား (Carabao Cup) ကို ရယူပေးထားနိုင်ခဲ့ပြီး စနေနေ့ညပိုင်း (မေလ ၁၆ ရက်) မှာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် FA ဖလား ဗိုလ်လုပွဲမှာတော့ သူ့ရဲ့ နည်းပြဘဝ ဝင်ဘလေကွင်းဆီ ၂၄ ကြိမ်မြောက် ခရီးစဉ်အဖြစ် ၃ ကြိမ်မြောက် FA ဖလားကို သိမ်းပိုက်နိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။

ဒီပွဲမတိုင်ခင်မှာတော့ ဂွာဒီယိုလာရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေတာကြောင့် အခုပွဲဟာ သူ့အတွက် ဝင်ဘလေကွင်းက နောက်ဆုံးပွဲစဉ် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗိုလ်လုပွဲမကစားခင် နာရီပိုင်းအလို သတင်းစာရှင်းလင်းပွဲမှာတော့ စပိန်လူမျိုး နည်းပြကြီးက မန်စီးတီးမှာ ကွန်မြူနတီဒိုင်း (Community Shield) ၃ ကြိမ် အနိုင်ရခဲ့တာကိုပါ ထည့်တွက်ပြီး ဆယ်စုနှစ်တစ်ခုအတွင်း ဆုဖလား ၁၆ လုံး မဟုတ်ဘဲ ၁၉ လုံးအထိ ရရှိခဲ့တာလို့ ပြင်ဆင်ပြောဆိုခဲ့သလို သူ့ရဲ့အနာဂတ်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောသွားခဲ့ပါတယ်။

“ ဟုတ်ပါတယ်။ ၁၀ နှစ်အတွင်းမှာ ဆုဖလား ၁၉ လုံး ရခဲ့တာ မဆိုးပါဘူး။ ကျွန်တော် ထွက်သွားမယ့်အချိန်အထိ သူတို့ (ပရိသတ်တွေ) စောင့်နေစရာ မလိုပါဘူး။ ကျွန်တော်နဲ့အတူ ဖြတ်သန်းရတာ ပျော်စရာကောင်းခဲ့မှန်း သူတို့သိပါတယ်။ တကယ်ကို ပျော်စရာကောင်းခဲ့တာပါ။ အမှန်အတိုင်းပြောရရင် ၁၀ နှစ်အတွင်းမှာ ဖလား ၁၉ လုံးရထားပြီး အခု အလုံး ၂၀ မြောက်အတွက် တိုက်ပွဲဝင်နေရတာဟာ တကယ်ကို မဆိုးလှပါဘူး” လို့ ဂွာဒီယိုလာက ဆိုပါတယ်။

အခု FA ဖလား ဗိုလ်လုပွဲဟာ မန်စီးတီးနည်းပြအဖြစ် ဝင်ဘလေကွင်းမှာ နောက်ဆုံးကိုင်တွယ်ရမယ့်ပွဲ ဖြစ်လာနိုင်တာမို့လို့ စိတ်မကောင်းဖြစ်မိလားလို့ မေးမြန်းရာမှာတော့ သူက “ လုံးဝ မဟုတ်ပါဘူး။ လုံးဝ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်မှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ပါသေးတယ်” လို့ ဖြေကြားခဲ့ပါတယ်။

အကယ်၍ အခုပွဲမှာ မန်စီးတီးသာ FA ဖလား ရရှိခဲ့မယ်ဆိုရင် ဂွာဒီယိုလာဟာ ဂျွန်နီကိုးလ်ဆန်၊ ဆာအဲလက်စ် ဖာဂူဆန်၊ ဂျော့ချ်ရမ်ဆေး နဲ့ အာစင်ဝင်းဂါး တို့နဲ့အတူ FA ဖလားကို ၄ ကြိမ်မြောက် ပင့်မြှောက်နိုင်တဲ့ ပဉ္စမမြောက် နည်းပြဖြစ်လာမှာပါ။ ဂွာဒီယိုလာရဲ့ လက်ရှိ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကတော့ ၂၀၂၇ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed