အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ အာဆီယံနိုင်ငံတွေကြား သဘောတူညီချက် မရသေး
မေ ၆ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုဖို့ကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားထဲမှာ အခုထိ ဘုံသဘောတူညီချက် မရရှိသေးဘူးလို့ သိရပါတယ်။ ဒါဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလမှာ သမ္မတအဖြစ် ရာထူးရယူပြီး အာဏာကို အခိုင်အမာဆုပ်ကိုင်လိုက်ပြီးနောက်မှာ ထွက်ပေါ်လာတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေရှိနေတဲ့ကြားကပဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပထမအဆင့် အစပြုပြီး၊ ဒီနှစ် ဇန်နဝါရီလ ၁၁ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ စစ်တပ်က ဦးစိီးပြီး အဆင့်လိုက် ရွေးကောက်ပွဲတွေကို စိတ်ကြိုက် ကျင်းပခဲ့တာပါ။ အဲ့ဒီရွေးကောက်ပွဲမှာတော့ စစ်တပ် ကျောထောက်နောက်ခံပြုထားတဲ့ ပါတီကပဲ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အာဆီယံပြောရေးဆိုခွင့်ရှိသူ Dominic Xavier M. Imperial က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားရာမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် အာဆီယံအနေနဲ့ အရင်အတိုင်းပဲ ဘုံသဘောတူညီချက် ၅ ချက် (5PC) အပေါ်မှာပဲ အခြေခံပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး အဲ့ဒီသဘောထားက ပြောင်းလဲခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံအပြင် တခြားအဖွဲ့ဝင်နိုင်ငံတွေကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ တဦးချင်းအလိုက် ဆက်လက်ထိတွေ့မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ဖြစ်တဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်က မြန်မာ့အရေးမှာ ကြားဝင်စေ့စပ်ပေးဖို့ စတဲ့အချက်တွေ တိုးတက်မှုရှိမရှိကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း ဖြည့်စွက်ပြောကြားသွားပါတယ်။