စစ်တပ် တပ်စွဲထားတဲ့ လွိုင်ကော်ဘုရားကျောင်းကို စစ်တပ်စွန့်ခွါသွားပေမယ့် လွိုင်ကော်ဆရာတော် စစ်ဘေးရှောင်ပြည်သူတွေနဲ့သာ အီစတာပွဲတော်ကို ဖြတ်သန်း
ဧပြီလ ၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ကယားပြည်နယ်၊ လွိုင်ကော်မြို့က ကသီဒရယ်ဘုရားရှိခိုးကျောင်းတော်ကြီး Christ the King Cathedral မှာ စစ်တပ်က တပ်စွဲထားတာကနေ ပြန်လည်စွန့်ခွါသွားပေမယ့်လည်း လွိုင်ကော်ဂိုဏ်းအုပ် ဆရာတော် ချဲလ်ဆိုဘရွှေ ကတော့ ကျောင်းတော်ကြီးဆီ ပြန်သွားရောက်ခြင်းမရှိသေးဘဲ တောတောင်ထဲက ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ အတူ အီစတာပွဲတော် ကို ဖြတ်သန်းနေတယ်လို့ ဗာတီကန်သတင်းမှာ ဖေါ်ပြပါတယ်။
အဲ့ဒီ ဘုရားကျောင်းတော်ကြီးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက စစ်တပ်က သိမ်းပိုက်ပြီး စစ်ဆင်ရေးအခြေစိုက်စခန်းအဖြစ် အသုံးချခဲ့ခြင်း ဖြစ်ပါတယ်။ ဆရာတော်နဲ့ အတူ ဘုန်းတော်ကြီးတွေနဲ့ ဘာသာဝင်တွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပါတယ်။
အခုအခါမှာတော့ စစ်တပ်က ပြန်လည်ထွက်ခွာသွားတာကြောင့် ဘုန်းတော်ကြီးနှစ်ပါးက ကျောင်းတော်ကြီးကို ပြန်လည်လက်ခံယူပြီး သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အီစတာဝတ်ပြုဆုတောင်းပွဲကို ကျင်းပနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဆရာတော် ချဲလ်ဆိုဘရွှေ ကတော့ စစ်ဘေးရှောင်များ ခိုလှုံနေတဲ့ ကျေးရွာမှာသာ ဆက်လက်သီတင်းသုံးနေပြီး ပြည်သူများနှင့်အတူ ဆင်းရဲဒုက္ခကို ဝေမျှခံစားနေတယ်လို့ ဆိုပါတယ်။
“ ကျွန်တော် သူတို့အနားမှာ ရှိနေပေးပါတယ်၊ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေနဲ့အတူ ကျွန်တော်တို့ရဲ့ စာနာမှုနဲ့ လက်တွေ့ကျတဲ့ အကူအညီတွေကို ပြည်သူတွေဆီ ပေးအပ်နေပါတယ်။ အမှောင်ကနေ အလင်းကို ကူးပြောင်းတဲ့ အီစတာတရားတော်အတိုင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အတူတကွ ဆုတောင်းနေကြပါတယ်” လို့ ဆရာတော်က Vatican News ကို မိန့်ကြားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းမှာလည်း ဆရာတော် ချဲလ်ဆိုဘရွှေ က “ကျွန်တော်ဟာ ဘုရားကျောင်း မရှိတော့တဲ့ ဆရာတော်တပါး ဖြစ်ပေမဲ့ ပျော်ရွှင်ပါတယ်။ ကျွန်တော့်ရဲ့ သိုးအုပ် (ပြည်သူတွေ) ရှိတဲ့နေရာကို ကျွန်တော် သွားရမှာပါ။ သူတို့မှာ ဘုရားကျောင်း မရှိပေမဲ့ ဆုတောင်းဖို့ နေရာတွေ ရှိပါတယ်။ ဒါဟာ ရှေးဦးခရစ်ယာန်တွေရဲ့ ဘဝကို သတိရစေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံတဝန်းမှာ စစ်ရေးပဋိပက္ခတွေနဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဦးရေ ၃.၆ သန်းကျော်အထိ ရှိနေပြီး မကြာခင်မှာ ၄ သန်းအထိ ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုကတော့ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ ရင်းနှီးပြီး ခရစ္စမတ်ပွဲတွေမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ကာ အတူတကွ ဖြတ်သန်းလေ့ရှိပါတယ်။
ကရင်နီပြည်နယ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်ခဲ့တဲ့ ဒေသတွေထဲမှာ ပါဝင်ပြီး စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ စပြီး ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၂၁၄၈ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်က ကရင်နီပြည်နယ်အတွင်းက အရပ်သားပြည်သူနေအိမ်အလုံးပေါင်း ၈၃၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ကရင်နီပြည်နယ်က လွိုင်ကော်-ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ အတွင်းမှာ စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။