အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်တဲ့ အစိုးရကို အသိအမှတ်မပြုလို့ အာဆီယံကို စစ်အစိုးရ ဝေဖန်
မေ ၁၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး အာဏာသိမ်း စစ်တပ်က စိတ်ကြိုက်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ လုပ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်တဲ့ အစိုးရကို အသိအမှတ်မပြုလို့ စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ပြောကြားလိုက်ပါတယ်။
စစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အတွင်း ရွေးကောက်ပွဲကနေတဆင့် အစိုးရသစ် ပေါ်ပေါက်လာပြီးဖြစ်ပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာနဲ့ ဖိအားပေးတာတွေ ဆက်လုပ်နေတာဟာ အာဆီယံပဋိညာဉ်ကို ဖောက်ဖျက်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်တယ်ဆိုပြီး ဝေဖန်ပြောကြားထားပါတယ်။
အာဏာသိမ်းစစ်တပ်က စိတ်ကြိုက် ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်နိုင်ခဲ့တဲ့ ရွေးကောက်ပွဲမဖြစ်ခဲ့သလို၊ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးထားပြီး ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ပြည်သူအများအပြား ထောက်ခံမှုနဲ့ အနိုင်ရခဲ့တဲ့ ပါတီအပါအဝင် နိုင်ငံရေးပါတီတွေအများအပြား မပါဝင်နိုင်အောင် ပိတ်ပင်ထားတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာက အသိမှတ်ပြုခြင်း မရှိတာကို တွေ့ရပါတယ်။
ဒါပေမယ့် စစ်အစိုးရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာတော့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်ထဲက ၁၃ သန်းကျော်ဟာ သူတို့ရဲ့ဆန္ဒအတိုင်း မဲပေးခဲ့ကြလို့ ပြည်သူရွေးချယ်တဲ့ လွှတ်တော်နဲ့ သမ္မတဦးဆောင်တဲ့ အစိုးရသစ် ပေါ်ပေါက်လာပြီဖြစ်တယ်လို့ ပြောထားပါတယ်။
အဲ့ဒီ ထုတ်ပြန်ချက်အတွင်း ၂၀၂၀ ရွေးကောက်ပွဲတုန်းက အာဏာရအစိုးရဟာ မဲမသမာမှု ၁၁ သန်းကျော်အထိ လုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆိုထားပေမယ့် ၂၀၂၀ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခဲ့တဲ့ လွတ်လပ်တဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲပေးတဲ့ပြည်သူအများစုရဲ့ ဆန္ဒကို ကိုယ်စားပြုတာကို တွေ့ရှိရတယ်လို့ အသီးသီးထုတ်ပြန်ထားကြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပါဝင်တဲ့ အစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဘုံသဘောထား (၅) ရပ်ကို ချမှတ်ခဲ့ပေမယ့် လိုက်နာခြင်းမရှိတာကြောင့် အာဏာသိမ်း စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပေးဘဲ ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က စိတ်ကြိုက်ရွေးကောက်ပွဲလုပ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ပဲ ဦးဆောင်တဲ့ အစိုးရကို ဖွဲ့စည်းလိုက်ပေမယ့်လည်း ကုလသမဂ္ဂ မှာ၊ ကိုယ်စားပြုခွင့်မရသလို၊ အာဆီယံ အစည်းအဝေးတွေမှာလည်း နိုင်ငံရေးအရ ကိုယ်စားပြုသူတွေ တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဦးဆောင်တဲ့ အစိုးရဟာ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ၅ နှစ်ကျော်ကြာတဲ့အထိ လိုက်ပါဆောင်ရွက်ခြင်းမရှိသလို အရပ်သားပြည်သူတွေကို ဆက်လက် သတ်ဖြတ်နေပေမယ့် အာဆီယံ အစည်းအဝေးတွေမှာ ကိုယ်စားပြုတက်ရောက်ခွင့်မရတဲ့အပေါ်မှာတော့ ဒါဟာ ခွဲခြားဆက်ဆံခံရတာလို့ တုံ့ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၆ ခုနှစ် မေလ ၈ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၈၀၂၈ ဦးထက်မနည်းသေဆုံးခဲ့ရတာကို အတည်ပြုထားနိုင်ပြီး ဆက်လက် ဖမ်းဆီးခံထားရသူပေါင်း ၂၂၇၂၀ ထက်မနည်း အတည်ပြုထားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ထုတ်ပြန်ထားပါတယ်။