မေလ ၁၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဟန်ဆီဖလစ် (Hansi Flick) ဟာ ဒီနေ့ညမှာ ယှဉ်ပြိုင်ရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကို (El Clasico) ပွဲစဉ်မတိုင်မီ နာရီပိုင်းအလိုမှာပဲ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ “ ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့အတွက် နည်းပြ ဟန်ဆီဖလစ်နဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်။ ဘာစီလိုနာ မိသားစုဝင်အားလုံးက ဖလစ်နဲ့ သူ့ရဲ့ မိသားစုဝင်တွေအတွက် အားပေးစကား ပေးပို့ပါတယ်” လို့ ဖော်ပြထားပါတယ်။ ဖခင်ဖြစ်သူ ကွယ်လွန်သွားပေမဲ့လည်း အသက် ၆၁ နှစ်အရွယ် နည်းပြ ဖလစ်ဟာ ဒီနေ့ညပွဲစဉ်မှာ အသင်းကို ဆက်လက်ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။
ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အသင်းကလည်း နည်းပြ ဖလစ်ရဲ့ ဖခင်ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး အသင်းဥက္ကဋ္ဌနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေက မိသားစုဝင်တွေနဲ့အတူ ထပ်တူ ဝမ်းနည်းကြောင်း ပြောကြားခဲ့တာကြောင့် သူတို့ရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ပြသနိုင်ခဲ့ပါတယ်။
လက်ရှိမှာ ဘာစီလိုနာအသင်းဟာ ရမှတ် ၈၈ မှတ်နဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပြီး ရီးရဲလ်မက်ဒရစ်ကတော့ ၇၇ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒီနေ့ည ကမ့်နူး (Camp Nou) ကွင်းမှာ ကစားမယ့်ပွဲမှာသာ ဘာစီလိုနာက အနိုင်ရရှိခဲ့မယ်ဆိုရင် လာလီဂါ ချန်ပီယံဆုကို တရားဝင် ဆွတ်ခူးနိုင်တော့မှာပါ။
ဂျာမန်နည်းပြ ဖလစ်ဟာ ၂၀၂၄ ခုနှစ်၊ မေလမှာ ဇာဗီရဲ့နေရာကို အစားဝင်ခဲ့ပြီးနောက်ပိုင်း အသင်းကို ဖလား ၄ လုံး ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူ ဖြစ်ပါတယ်။ “ ကျွန်တော်တို့ ကိုယ်ပိုင်ဟန်အတိုင်း ကစားသွားမှာပါ။ ဒီရာသီမှာ ကျွန်တော်တို့ ဘာကြောင့် ဒီလောက်အထိ အောင်မြင်နေလဲဆိုတာကို ပြသသွားမှာပါ” လို့ သူက ပွဲမတိုင်မီမှာ ပြောကြားခဲ့ပါတယ်။
အကယ်၍ ဒီနေ့ညပွဲစဉ်မှာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် နည်းပြဖလစ်အတွက် ဘာစီလိုနာမှာ နှစ်နှစ်ဆက်တိုက် အမှတ်ပေးဖလား ရယူပေးနိုင်တဲ့ မှတ်တမ်းကောင်းတစ်ခု ဖြစ်လာတော့မှာ ဖြစ်ပါတယ်။















