စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ မြန်မာနိုင်ငံဟာ အဘက်ဘက်က အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကာဒီနယ်ချားလ်စ်ဘို ပြော
မေ ၁၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ စီးပွားရေး၊ လူမှုရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းပေါင်းစုံ စုပြုံနေတဲ့ “ Polycrisis” အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုက သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြုလုပ်တဲ့ ကက်သလစ်ဆရာတော်ကြီးများ အစည်းအဝေးမှာ ပြောပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ အခြေခံကျန်းမာရေးနဲ့ ပညာရေးစနစ်တွေဟာ နေရာအတော်များများမှာ ပြိုလဲနေပြီဖြစ်ကြောင်းနဲ့ လူပေါင်း ၃.၅ သန်းကျော်ဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ကာဒီနယ်က ဆိုပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၄ ခုနှစ်ကထက် ပိုမိုများပြားလာတာဖြစ်ပြီး ပဋိပက္ခတွေ ပိုမိုဆိုးရွားလာနေတာကို ပြသနေတယ်လို့ဆိုပါတယ်။
၂၀၂၁ အာဏာသိမ်းမှုနောက်ဆက်တွဲ ပြဿနာတွေအပြင် ၂၀၂၅ ခုနှစ် မတ်လက လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရတာကလည်း ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ အဲဒီတုန်းက အခြေအနေကို ကာဒီနယ်က “ ကမ္ဘာပျက်ကိန်း ဆင်တူတဲ့ မြင်ကွင်းများ” လို့ တင်စားခဲ့ပါတယ်။
အထူးသဖြင့် လူငယ်တွေရဲ့ နေ့စဉ်ဘဝဟာ မလုံခြုံမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ အနာဂတ်အပေါ် ယုံကြည်မှု ပျောက်ဆုံးတာတွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ “ ကျွန်ုပ်တို့ဟာ မျှော်လင့်ချက်ရှိတဲ့ လူမျိုးတွေအဖြစ် ဆက်ရှိနေပါတယ်” လို့လည်း သူက အားပေးစကား ဆိုခဲ့ပါတယ်။
မြန်မာပြည်သူတွေဟာ ကမ္ဘာ့အသင်းတော်ကြီးရဲ့ မေ့လျော့ခြင်းကို မခံရဘူးဆိုတာ သိစေဖို့အတွက် သြစတြေးလျ ကက်သလစ်သာသနာပြုအဖွဲ့ (Catholic Mission) က ပံ့ပိုးကူညီပေးနေမှုတွေကို ကာဒီနယ်က ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်က နိုင်ငံတဝန်းက မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ စစ်ကိုင်းတိုင်းဒေသ ရွှေဘိုခရိုင်အတွင်း က ကာဒီနယ်ချားလ်စ်ဘို ဇာတိဖြစ်တဲ့ ခင်ဦးမြို့နယ်က မုံလှကျေးရွာလည်း ပါဝင်ခဲ့ပါတယ်။
ကာဒီနယ်ချားလ်စ်ဘိုဟာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ကို ရန်ကုန်မြို့က ကတ်သလစ်ဘုရားကျောင်းတော်ကို ဖိတ်ကြားပြီး ခရစ္စမတ်ကာလတွေကို အတူဖြတ်သန်းခဲ့ဖူးပါတယ်။