အာဏာသိမ်း စစ်တပ်က လိုက်နာခြင်းမရှိသေးတဲ့ ဘုံသဘောတူညီချက် ၅ ချက်အတိုင်း ဆက်သွားမယ်လို့ အာဆီယံ ထပ်လောင်းအတည်ပြု
မေ ၁၂ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ဖိလစ်ပိုင်နိုင်ငံ ဆီဘူးမြို့မှာ ကျင်းပခဲ့တဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာ မြန်မာ့အရေးဖြေရှင်းဖို့အတွက် ၂၀၂၁ ခုနှစ်က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက် (5PC) ဟာ အဓိကမူဘောင်အဖြစ် ဆက်လက်ရှိနေမယ်လို့ အာဆီယံခေါင်းဆောင်တွေက ထပ်လောင်းအတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်တိုက်ပြင်းထန်လာနေတာ၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေနဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှု အလွန်နည်းပါးနေတာတွေအပေါ် အာဆီယံခေါင်းဆောင်တွေက အထူးစိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။ သက်ဆိုင်သူအားလုံးအနေနဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း အာဆီယံက တိုက်တွန်းထားပါတယ်။
လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်သမ္မတ မားကို့စ်ကတော့ အခုအချိန်မှာ ရှေ့မတိုးသာဖြစ်နေတဲ့ လုပ်ငန်းစဉ်တွေကို အပြောင်းအလဲဖြစ်လာအောင် နည်းလမ်းသစ်တွေ ရှာဖွေဖို့ ခေါင်းဆောင်အားလုံး သဘောတူထားကြတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းမှာ စစ်ကောင်စီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအဆင့်ဆင့် ပြီးမြောက်သွားတာနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှုတွေကို “ မှတ်တမ်းတင်သိရှိထားကြောင်း” သာ အာဆီယံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် တချို့ရဲ့ ခွဲခြားဆက်ဆံမှုတွေကို ၅ နှစ်ကြာ စိတ်ရှည်သည်းခံခဲ့တာဖြစ်ပြီး၊ နောင်မှာလည်း ကိုယ်ပိုင်လုပ်ငန်းစဉ် နဲ့ပဲ တိုင်းပြည်တည်ငြိမ်ရေးကို ဆက်လုပ်သွားမယ်လို့ မနေ့က တနင်္လာနေ့ မှာ သတင်းထုတ်ပြန်ထားပါတယ်။
အာဆီယံအတွင်းရေးမှူးချုပ် ကာအိုကမ်ဟွန်ကတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ မကြာခင်မှာ အွန်လိုင်းကတစ်ဆင့် တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ Reuters ကို ပြောကြားထားပါတယ်။