BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ရှီကျင့်ဖျင်နှင့် တွေ့ဆုံအပြီး “ ကုန်သွယ်ရေး သဘောတူညီချက်များ” ရရှိခဲ့ကြောင်း ထရမ့် ကြွားဝါ

မေလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ်အတွင်း “ ကုန်သွယ်ရေး သဘောတူညီချက်အချို့” ရရှိခဲ့သလို နှစ်နိုင်ငံစလုံးက အီရန်ပဋိပက္ခ အဆုံးသတ်စေချင်ကြတယ်လို့ သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ကုန်သွယ်ရေးစစ်ပွဲအပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်တည်ငြိမ်အောင် ကြိုးပမ်းနေကြတဲ့ ခေါင်းဆောင်နှစ်ဦးဟာ ဒီခရီးစဉ်ကို အသီးသီး အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

သမ္မတ ထရမ့်ဟာ တရုတ်နိုင်ငံကနေ ဝါရှင်တန်ကို မပြန်ခင်မှာ တရုတ်အစိုးရရဲ့ အချက်အချာကျတဲ့ ကျုံးနန်ဟိုင် ဥယျာဉ်ထဲမှာ ရှီကျင့်ဖျင်နဲ့အတူ လက်ဖက်ရည်သောက်ရင်း လမ်းလျှောက်ခဲ့ကြပါတယ်။ ကင်မရာတွေရှေ့မှာတော့ ထရမ့်က ဒီခရီးစဉ်ဟာ “ မယုံနိုင်စရာကောင်းတဲ့ ခရီးစဉ်” ဖြစ်ပြီး “ ကောင်းကျိုးတွေ အများကြီး ထွက်ပေါ်လာခဲ့တယ်” လို့ ဆိုပါတယ်။ ကုန်သွယ်ရေး သဘောတူညီချက်တွေရဲ့ အသေးစိတ်ကို ထုတ်မပြောပေမဲ့ တရုတ်နိုင်ငံက အမေရိကန် လေယာဉ်တွေနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို ဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်က သူက ပြောဆိုထားပါတယ်။

ကုန်သွယ်ရေးအပြင် အီရန်ကိစ္စမှာလည်း ခေါင်းဆောင်နှစ်ဦးရဲ့ “ သဘောထားချင်း တူညီကြတယ်” လို့ ထရမ့်က ဆိုပါတယ်။ အထူးသဖြင့် ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်း ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား ကို ပြန်ဖွင့်စေချင်ကြတာပါ။ ထရမ့်ရဲ့အဆိုအရ ရှီကျင့်ဖျင်ဟာ လာမယ့် စက်တင်ဘာလမှာ အမေရိကန်ကို လာရောက်ဖို့ ရှိနေပါတယ်။

“ ကျွန်တော်တို့ ဆက်ဆံရေးက အရမ်းခိုင်မာပါတယ်။ တကယ်ကို အံ့ဩစရာကောင်းတဲ့ အလုပ်တွေ လုပ်နိုင်ခဲ့ကြတာပါ” လို့ ထရမ့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ၂ နာရီကျော်ကြာအောင် ပြုလုပ်ခဲ့တဲ့ တံခါးပိတ်ဆွေးနွေးပွဲမှာတော့ ရှီကျင့်ဖျင်က အီရန်ကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ကြောင်း ထရမ့်က Fox News ကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ဘက်က ဘိုးအင်း (Boeing) ဂျက်လေယာဉ်တွေနဲ့ အမေရိကန် ပဲတီစိမ်းတွေကို ဝယ်ယူဖို့လည်း သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရပိုင် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ရှီကျင့်ဖျင်က ထိုင်ဝမ်ကိစ္စကို “ စနစ်တကျ မကိုင်တွယ်ရင်” ထိပ်တိုက်တွေ့တာတွေ ဖြစ်လာနိုင်တယ်လို့ ထရမ့်ကို ပြတ်ပြတ်သားသား သတိပေးခဲ့ပါတယ်။ အမေရိကန်ဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသလို၊ ခေါင်းဆောင်နှစ်ဦးစလုံးကလည်း ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို လျစ်လျူရှုခဲ့ကြပါတယ်။

အခုခရီးစဉ်မှာ အီလွန်မတ်စ် နဲ့ တင်မ်ကွတ်ခ် တို့လို ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေလည်း လိုက်ပါလာခဲ့ပြီး ဆွေးနွေးပွဲတွေဟာ “ ထူးခြားကောင်းမွန်ခဲ့တယ်” လို့ အီလွန်မတ်စ်က မှတ်ချက်ပေးခဲ့ပါတယ်။ ရှီကျင့်ဖျင်ကို ဂုဏ်ပြုတဲ့ ညစာစားပွဲမှာတော့ ထရမ့်က သူနှစ်သက်တဲ့ “ YMCA” သီချင်းကို တီးခတ်ခိုင်းခဲ့ပြီး ရှီကျင့်ဖျင် ဇနီးမောင်နှံကို လာမယ့် စက်တင်ဘာ ၂၄ ရက်မှာ အိမ်ဖြူတော်ကို လာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed