BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

တရားသူကြီးတွေရဲ့ မေးမြန်းချက်ကို ဂမ်ဘီယာရှေ့နေ ပြန်လည်ရှင်းလင်း၊မြန်မာဘက်က အာဆာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာများက စစ်တပ်ရဲ့ အစီရင်ခံစာများသာဖြစ်တယ်လို့ပြော

[ ICJ Report ]

ဇန်နဝါရီ ၂၇ ရက် | Burma Independent Voice

သက်သေတဦးတည်းက ၂ ခါထွက်ဆိုခဲ့တယ်လို့ မြန်မာဘက်က ထောက်ပြချက်အပေါ် ပြန်လည်ဖြေကြားဖို့ တရားသူကြီး ကလိဗ်လင်း ရဲ့ မေးမြန်းချက်ကို ဂမ်ဘီယာဘက်က ပြန်လည်ချေပခဲ့ပါတယ်။ ဂမ်ဘီယာဘက်က လျောက်လဲချက်မှာတော့ ဒါဟာ သက်သေတစ်ဦးတည်းက မတူညီတဲ့ ထွက်ဆိုချက်နှစ်ခု ပေးတာမျိုးမဟုတ်ဘဲ၊ ထွက်ဆိုချက်တခုတည်းကိုပဲ နှစ်စောင် မိတ္တူဖြစ်သွားတာလို့ ပြောပါတယ်။

“သက်သေတဦးတည်းက ထွက်ဆိုချက် နှစ်ခါပေးထားတာမျိုး မဖြစ်စေဖို့အတွက်၊ ဂမ်ဘီယာအနေနဲ့ တရားရုံးကို တင်ပြတဲ့ သက်သေအားလုံးရဲ့ အမည်တွေကို သိရှိထားတဲ့အတွက် (IIMM သက်သေများမှလွဲ၍) သက်သေတဦးချင်းစီကို သေချာတိုက်ဆိုင်စစ်ဆေးခဲ့ပါတယ်။ ကျွန်တော်တို့ အမှားတခု လုပ်မိခဲ့တာကတော့ သက်သေခံချက်တစ်ခုတည်းကိုပဲ မူလအစီရင်ခံစာ နဲ့ ပြန်လည်ချေပချက် နှစ်ခုလုံးမှာ ထည့်သွင်းမိခဲ့တာပါ။ ဒါဟာ သက်သေတစ်ဦးတည်းက မတူညီတဲ့ ထွက်ဆိုချက်နှစ်ခု ပေးတာမျိုးမဟုတ်ဘဲ၊ ထွက်ဆိုချက်တစ်ခုတည်းကိုပဲ နှစ်စောင် မိတ္တူဖြစ်သွားတာပါ။ ဒါကို သိရှိတဲ့အခါ တရားရုံးကို အကြောင်းကြားပြီး ဒုတိယမိတ္တူကို မှတ်တမ်းကနေ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။” လို့ ဂမ်ဘီယာရှေ့နေ ပေါလ် ရိုက်ချ်လာ က ပြောပါတယ်။

သူ့ရဲ့ လျောက်လဲချက်အတွင်း ဂမ်ဘီယာအနေနဲ့ သက်သေတွေရဲ့ အမည်ကို သိရှိထားပြီး သက်သေတွေကို ကာကွယ်တဲ့အနေနဲ့ အမည်တွေဖုံးကွယ်ထားတာဖြစတယ်လို့ ပြောပါတယ်။
“ဂမ်ဘီယာအနေနဲ့ သူတို့ရဲ့ အမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကို သိရှိပါတယ်။ တရားရုံးကို တင်ပြတဲ့အခါမှာတော့ သက်သေတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် သူတို့ကိုယ်တိုင် တောင်းဆိုချက်အရ အမှု (၃၀) မှာ အမည်တွေကို ဖုံးကွယ် ထားခဲ့တာ ဖြစ်ပါတယ်။” လို့ ရှေ့နေက တရားရုံးမှာပြောပါတယ်။

မြန်မာဘက်က စွပ်စွဲချက်နဲ့ပတ်သက်ပြီး “မြန်မာနိုင်ငံရဲ့ ရှေ့နေတွေက သက်သေတဦးတည်းက ပေးထားတဲ့ ထွက်ဆိုချက်တွေကြားမှာ ကွဲလွဲမှုတွေ ရှိနေတယ်လို့ စွပ်စွဲတာဟာ ချဲ့ကားလွန်းရာ ရောက်ပါတယ်။ IIMM ကို ပေးတဲ့ ထွက်ဆိုချက်တွေက ပိုမိုရှည်လျားပြီး အသေးစိတ်ကျတာ မှန်ပါတယ်။ သက်သေတစ်ဦးဟာ ၃ နှစ်လောက်ခြားပြီး ထွက်ဆိုချက်ပေးတဲ့အခါ အသေးစိတ် အချက်အလက်လေးတွေမှာ အနည်းငယ် ကွဲပြားနိုင်တာဟာ သဘာဝကျပါတယ်။ ဒါပေမဲ့ တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ အဓိကကျတဲ့ ကွဲလွဲမှုမျိုး လုံးဝမရှိပါဘူး။ ဒါကြောင့် ဒီသက်သေတွေရဲ့ ခိုင်လုံမှုကို သံသယဖြစ်စရာ အကြောင်းမရှိသလို၊ LAW က ရရှိထားတဲ့ အခြားသက်သေ (၄၂) ဦးရဲ့ ခိုင်လုံမှုကိုလည်း သံသယဖြစ်စရာ မရှိပါဘူး။” လို့ ချေပပါတယ်။

မြန်မာစစ်တပ်ဘက် အာဆာနဲ့ ပတ်သက်ပြီး တရားရုံးကို တင်သွင်းချက်တွေဟာ စစ်တပ်ရဲ့ အစီရင်ခံစာတွေကိုသာ မှီခိုထားတာဖြစ်လို့ မယုံကြည်ရဘူးလို့လည်း ရှေ့နေ ပေါလ် ရိုက်ချ်လာ က ပြောပါတယ်။

“မြန်မာနိုင်ငံဟာ ARSA နဲ့ ပတ်သက်တဲ့ အချက်အလက်တွေအတွက် တပ်မတော်ရဲ့ ကိုယ်ပိုင်အစီရင်ခံစာတွေကိုပဲ အဓိက မှီခိုနေတာပါ။ တိုက်ခိုက်မှုနေရာတွေ၊ အင်အားတွေ၊ သေဆုံးသူအရေအတွက်တွေကို တပ်မတော်ရဲ့ အစီရင်ခံစာတွေအတိုင်းပဲ တင်ပြနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအထောက်အထားတွေကို လွတ်လပ်တဲ့ အရင်းအမြစ်လို့ သတ်မှတ်လို့မရပါဘူး။ ဒါတွေဟာ မိမိအကျိုးစီးပွားအတွက် ရေးသားထားတဲ့ ထုတ်ပြန်ချက်တွေသာ ဖြစ်ပါတယ်။ ပရော်ဖက်ဆာ Newton ရှင်းပြခဲ့သလိုပဲ၊ စစ်တပ်ရဲ့ တိုက်ပွဲသတင်းပို့ချက်တွေဆိုတာ ကမ္ဘာတစ်ဝန်းမှာ ယုံကြည်ရခက်ပြီး ကိုယ်ကျိုးကြည့်တာမျိုး ဖြစ်လေ့ရှိပါတယ်။ အရာရှိတွေဟာ သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို အစီရင်ခံလေ့မရှိသလို၊ အထက်အရာရှိတွေကလည်း အဲ့ဒါတွေကို မကြားချင်ကြပါဘူး။ ရန်သူ့အင်အားနဲ့ သေဆုံးသူ အရေအတွက်ကို လိမ်လည်တင်ပြတာမျိုးတွေဟာလည်း ထုံးစံလို ဖြစ်နေတတ်ပါတယ်။”

BIV သည် လွတ်လပ်၍ အမှီခိုကင်းသော သတင်းမီဒီယာဖြစ်ပြီး၊ လူ့အခွင့်အရေး၊ တရားမျှတမှု နှင့် ဒီမိုကရေစီ စံတန်ဖိုးများအပေါ် သတင်းစာကျင့်ဝတ်ဖြင့် ရပ်တည်ပါသည်။ BIV ရှင်သန်ရေးအတွက် စာဖတ်သူများ၏ အကူအညီ လိုအပ်ပါသည်။ BIV is an independent media outlet committed to human rights, justice, and democratic values, guided by the highest standards of journalistic ethics. We need your support to sustain our mission.
ဒီမှာ ကူညီပါ SUPPORT HERE
.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

You may have missed