ကုလအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) အစီရင်ခံစာပေါ် အခြေခံပြီး တရားရုံးက လူမျိုးတုန်းသတ်ဖြတ်မှု သတ်မှတ်နိုင်သလားလို့ မြန်မာရှေ့နေ မေးခွန်းထုတ်
ဇန်နဝါရီ ၂၉ ရက် | Burma Independent Voice
အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာ ကြားနေတဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ဘက် ဒုတိယအကြိမ် အပြီးသတ်လျောက်လဲချက် ပေးတဲ့ ပထမနေ့မှာ မြန်မာစစ်တပ်ဘက်က ရှေ့နေ ခရစ္စတိုဖာ စတေကာက တရားရုံးအနေနဲ့ ကုလအချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) အစီရင်ခံစာပေါ် အခြေခံပြီး လူမျိုးတုန်းသတ်ဖြတ်မှု သတ်မှတ်နိုင်သလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
မြန်မာစစ်တပ်ဘက်က အပြီးသတ်လျောက်လဲချက် ပထမနေ့ကို ဇန်နဝါရီလ ၂၈ ရက်နေ့က အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာစစ်တပ်ဘက်က ရှေ့နေ ခရစ္စတိုဖာ စတေကာက အခုလို မေးခွန်းထုတ်ပြောဆိုလိုက်တာဖြစ်ပါတယ်။
တရားရုံးအနေဖြင့် အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ၏ အစီရင်ခံစာများပေါ်တွင် အခြေခံ၍ လူမျိုးတုံးသတ်ဖြတ်မှုကို အတည်ပြု သတ်မှတ်နိုင်ပါသလား၊ အထူးသဖြင့် တရားရုံးက ကျင့်သုံးရန် လိုအပ်သော “ သက်သေပြမှု စံနှုန်း” ထက် နိမ့်ကျသော စံနှုန်းဖြင့် အချက်အလက်များကို ရှာဖွေတွေ့ရှိထားသည့် အစီရင်ခံစာမျိုးအပေါ် အခြေခံနိုင်ပါသလား၊ ထို့အပြင် ထိုအစီရင်ခံစာများပါ သဘောထားအမြင် ဖော်ပြချက်သက်သက်များအပေါ်တွင် အခြေခံ၍ တရားရုံးက ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါသလားလို့ မြန်မာစစ်တပ်ရှေ့နေ ခရစ္စတိုဖာ စတေကာ က ပြောဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်ရှေ့နေ ခရစ္စတိုဖာ စတေကာက သူ့ရဲလျောက်လဲမှုအတွင်း အဲ့ဒီလို အစီရင်ခံစာများကိုသာ အခြေခံ၍ ဆုံးဖြတ်ခြင်း ပြုလုပ်ခြင်းသည် တရားရုံးရဲ့ တရားစီရင်ရေးဆိုင်ရာ အချက်အလက်ရှာဖွေဖော်ထုတ်ခြင်း တာဝန်ဝတ္တရားကို စွန့်လွှတ်ရာရောက်ပြီး၊ တရားရုံးရဲ့ ထိုအချက်အလက်ရှာဖွေရေး တာဝန်ကို FFM ထံသို့ နောက်ကြောင်းပြန် အပ်နှံလိုက်ခြင်း သာ ဖြစ်ပါလိမ့်မယ်လို့လည်း ထည့်သွင်းပြောဆိုပါတယ်။
ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဂမ်ဘီယာဘက်က အပြီးသတ် နောက်ဆုံး လျောက်လဲချက်ပေးရမှာတော့ ခိုင်လုံပြီး လုပ်ပိုင်ခွင့်ရှိတဲ့ အရင်းအမြစ်တွေကနေ ရရှိတဲ့ အထောက်အထားတွေအရ မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတာ အပြည့်အဝ ယုံကြည်စိတ်ချရကြောင်းနဲ့ ဒီကိစ္စဟာ ဒီဂုဏ်သရေရှိ တရားရုံးရဲ့ လက်ထဲကို ရောက်ရှိနေပြီဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီတရားရုံးဟာ မြန်မာနိုင်ငံရဲ့ စာချုပ်ချိုးဖောက်မှုတွေအတွက် တာဝန်ခံခိုင်းခြင်းအားဖြင့် စာချုပ်အရ အကာအကွယ်ပေးထားတဲ့ အုပ်စုဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ပေးဖို့ တာဝန်ကို ထမ်းဆောင်လိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။