စစ်ခေါင်းဆောင်မင်းအောင်လှိုင်က “ ကုလားဆိုးသောင်းကျန်းသူ” ဟု အမုန်းစကား ထုတ်ပြော
ဇန်နဝါရီ ၂၁ ရက် | Burma Independent Voice
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ တရားရင်ဆိုင်နေရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးရေးခွဲခြားတဲ့ အမုန်းစကားဖြစ်တဲ့ “ကုလားဆိုးသောင်းကျန်းသူ” ဆိုတဲ့ အသုံးအနှုန်းကို စစ်ကောင်စီ ဝါဒဖြန့် သတင်းစာ မှာ ထုတ်ဖော်ပြောဆိုလာပါတယ်။
ဇန်နဝါရီ ၂၀ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) မှာရှိတဲ့ စစ်တပ်အရာရှိ မိသားစုဝင်တွေနဲ့ တွေ့ဆုံချိန်မှာ စစ်ခေါင်းဆောင်က အခုလို ပြောဆိုခဲ့တာဖြစ်ပြီး စစ်တပ်ဟာ ပြည်ပရန်ကို ကာကွယ်ရာမှာ တရုတ်ကူမင်တန်ကျူးကျော်မှုတွေအပြင် “ ကုလားဆိုးသောင်းကျန်းသူ” တွေကိုပါ နှိမ်နင်းခဲ့ရတယ်လို့ ထည့်သွင်းပြောဆိုခဲ့တာပါ။
စစ်အုပ်စုဟာ ICJ မှာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အကျပ်တွေ့နေချိန်မှာတောင် သူတို့ရဲ့ ဝါဒဖြန့်သတင်းမီဒီယာတွေမှာ အခုလို လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေကို ဆက်တိုက်သုံးစွဲနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ်ကျောထောက်နောက်ခံပြု အစွန်းရောက်အမျိုးသားရေးဝါဒီ (မဘသ) အဖွဲ့တွေကလည်း ICJ မှာ အမှုသွားရောက်ရင်ဆိုင်နေတဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံဖို့အတွက် ပြင်ဆင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
၂၀၂၀ ပြည့်နှစ်၊ NLD အစိုးရလက်ထက်မှာတော့ အမုန်းစကားတွေကြောင့် အကြမ်းဖက်မှုတွေ မဖြစ်ပေါ်စေဖို့ တားဆီးရှုတ်ချတဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ သူတို့ရဲ့ ကျရှုံးနေတဲ့ စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေတွေကို ဖုံးဖိဖို့အတွက် လူမျိုးရေးအမုန်းတရားကို အရိုးစွဲနေတဲ့ နည်းလမ်းဟောင်းအတိုင်း ပြန်လည်အသုံးချပြီး လူထုကို သွေးခွဲဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။