အိုင်စီဂျေ တရားသူကြီးတွေရဲ့ မေးခွန်းတွေက ဂမ်ဘီယာနဲ့ မြန်မာ နှစ်ဖက်စလုံးအတွက် အမှုအလှည့်အပြောင်း ဖြစ်လာနိုင်
epa08153753 President of the International Court of Justice, Abdulqawi Ahmed Yusuf (4-R), ruled in the lawsuit filed by The Gambia against Myanmar, during a court session in The Hague, The Netherlands, 23 January 2020. That country is accused of genocide because of the persecution of a Muslim minority in the country. EPA-EFE/ROBIN VAN LONKHUIJSEN
ဇန်နဝါရီ ၂၂ ရက် | Burma Independent Voice
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့က သည်ဟိဂ်မြို့မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ကြားနာပွဲမှာ တရားသူကြီး ကိုးဦးကနေပြီးတော့ မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံ နှစ်ဖက်စလုံးကို အမှုရဲ့ အချက်အလက်ဆိုင်ရာ ခိုင်မာမှုနဲ့ ပတ်သက်လို့ ဖိအားပေး မေးမြန်းခဲ့ကြပါတယ်။
အထူးသဖြင့် သက်သေအထောက်အထားတွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစုံစမ်းစစ်ဆေးမှု အခြေအနေတွေကို အဓိကထား မေးမြန်းခဲ့တာဖြစ်ပါတယ်။ တရားသူကြီးတွေရဲ့ မေးခွန်းတွေကို ကြည့်ခြင်းအားဖြင့် ဒီအမှုအပေါ် တရားသူကြီးတွေအားလုံးရဲ့ အလေးအနက်ထားမှုကို ပေါ်လွင်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ပထမဆုံးအနေနဲ့ တရားသူကြီး တွန်မ်ကာ က ဂမ်ဘီယာဘက်ကို မေးခွန်းစတင်မေးခဲ့ပါတယ်။ အဲဒါကတော့ ဂမ်ဘီယာဘက်က တင်သွင်းတဲ့ သက်သေတွေထဲမှာ အမည်မဖော်လိုသူတွေ ပါဝင်နေတဲ့အတွက် “ ဒီသက်သေတွေရဲ့ ကိုယ်ရေးအချက်အလက် မှန်ကန်မှုကို ဘယ်လို စစ်ဆေးခဲ့သလဲ” ဆိုတဲ့ အချက်ပါ။ လူတဦးတည်းကပဲ ထွက်ဆိုချက်တွေ အကြိမ်ကြိမ် ပေးထားတာမျိုး မဖြစ်အောင် ဘယ်လို ကာကွယ်ထားသလဲဆိုတာကို ဂမ်ဘီယာဘက်က ဖြေကြားဖို့ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။
ဂမ်ဘီယာဘက်မှ ကိုးကားထားသော သက်သေထွက်ဆိုချက် အများအပြားမှာ အမည်မဖော်ထားသူများ ဖြစ်နေပြီး အနည်းဆုံး အဖြစ်အပျက် လေးခုမှာ တဦးတည်းသော ပုဂ္ဂိုလ်ကပင် ထွက်ဆိုချက်တခုထက်မက ပေးထားကြောင်း တွေ့ရတယ်ဆိုပြီး မြန်မာဘက်က ငြင်းချက်ထုတ်ထားတယ်လို့ တရားသူကြီး တွန်မ်ကာက ပြောပါတယ်။ အဖွဲ့အစည်းများထံကနေ ရရှိတဲ့ သက်သေအထောက်အထားတွေရဲ့ မှန်ကန်မှုကို စစ်ဆေးတာမှာ ဘယ်လို နည်းလမ်းကို နည်းစနစ်ကို အသုံးပြုခဲ့သလဲလို့ တရားသူကြီး တွန်မ်ကာက ဂမ်ဘီယာဘက်ကို မေးခွန်းထုတ်ထားပါတယ်။
တဖက်မှာလည်း တရားသူကြီး ဘရန့်တ် က မြန်မာနိုင်ငံဘက်ကို စစ်ရေးဆိုင်ရာ အချက်အလက်တွေ မေးမြန်းခဲ့ပါတယ်။ “ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး” အတွင်းမှာ အရပ်သားနဲ့ ရန်သူကို ဘယ်လို စံနှုန်းတွေနဲ့ ခွဲခြားခဲ့သလဲဆိုတာနဲ့ ARSA အဖွဲ့ရဲ့ အင်အားကို ဘယ်လို သတ်မှတ်သလဲဆိုတဲ့အချက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။
ARSA အဖွဲ့ဟာ ရိုဟင်ဂျာလူထုကြားမှာ ဘယ်လောက်အထိ လွှမ်းမိုးမှုရှိသလဲဆိုတာနဲ့ အဖွဲ့ဝင်အင်အားနဲ့ လက်နက်ခဲယမ်း ပိုင်ဆိုင်မှုက ဘယ်လောက်လဲ ဆိုတာကို တိတိကျကျ မေးမြန်းခဲ့သလို မြန်မာစစ်တပ်က သုံးစွဲနေတဲ့ ‘ထောက်ခံအားပေးသူ’ ဆိုတဲ့ စကားရပ်အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ ဘယ်လိုလူမျိုးကို ‘ထောက်ခံအားပေးသူ’ လို့ တိတိကျကျ အဓိပ္ပာယ်ဖွင့်သလဲဆိုတာ ရှင်းပြဖို့နဲ့ မြေပြင်မှာရှိတဲ့ စစ်သည်တွေအနေနဲ့ တိုက်ခိုက်ရမယ့် ‘စစ်ဘက်ဆိုင်ရာ ပစ်မှတ်’ နဲ့ ‘အပြစ်မဲ့အရပ်သား’ ကို ဘယ်လို စံနှုန်းတွေနဲ့ ခွဲခြားသလဲဆိုတာကို တရားသူကြီး ဘရန့်တ်က မြန်မာဘက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။
အလားတူပဲ အထူးတရားသူကြီး နာဗာနက်သမ် ပလေး ကလည်း မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကို တကယ်ပဲ ကာကွယ်ပေးခဲ့တဲ့ သာဓကတွေနဲ့ မှတ်တမ်းတွေ ရှိရင် တင်ပြဖို့ တောင်းဆိုခဲ့ပါတယ်။
တရားသူကြီး ဂိုးမက်ဇ် ရိုဘလီဒို ကတော့ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်ကစပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ဝင်ရောက်ခွင့် ငြင်းပယ်ခဲ့တာဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်ပါ “ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး” ကတိကဝတ်နဲ့ ကိုက်ညီရဲ့လားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
‘လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်’ ရဲ့ အမှာစာမှာ ‘နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ဟာ အလွန်အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ အလေးထား ဖော်ပြထားကြောင်း ထောက်ပြခဲ့ပြီး မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေရှိနေပါလျက်နဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဘာကြောင့် ငြင်းဆန်ခဲ့သလဲဆိုတာကို ရှင်းလင်းဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တရားသူကြီး ချားလ်စ်ဝေါ့သ် က ဂမ်ဘီယာဘက်ကို မေးခွန်းထုတ်တာမှာတော့ ဒီဖြစ်စဉ်တွေ “ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တယ်” ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ် “ ရာပေါင်းများစွာ” အနက် ဖြစ်ပွားခဲ့တဲ့ တည်နေရာများကို တိတိကျကျ ဖော်ပြနိုင်ခြင်း ရှိ၊ မရှိ ဆိုပြီး မေးမြန်းခဲ့ပါတယ်။
တရားသူကြီး ချားလ်စ်ဝေါ့သ် နဲ့ အထူးတရားသူကြီး နာဗာနက်သမ် ပလေး တို့က ပူးတွဲ မေးမြန်းရာမှာတော့ မြန်မာနိုင်ငံအနေနဲ့ ဒီလိုစော်ကားမှုတွေ ရှိခဲ့နိုင်တာကို ယခင်က ဝန်ခံခဲ့ဖူးတဲ့အတွက် အဲဒါတွေကို တကယ်ပဲ စုံစမ်းစစ်ဆေးခဲ့သလား၊ ရလဒ်တွေက ဘာလဲဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။
တရားသူကြီး ကလိဗ်လန်းဒ် ကတော့ မြန်မာဘက်က ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ရဲ့ အစီရင်ခံစာတွေကို အယုံအကြည်မရှိဘူးလို့ ငြင်းဆိုနေပေမယ့် မိမိတို့အတွက် အကျိုးရှိမယ့် ARSA အကြောင်း တင်ပြတဲ့အခါမှာတော့ အဲဒီအစီရင်ခံစာတွေကိုပဲ ပြန်ပြီး ကိုးကားနေတယ်ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါ့အပြင် တရာ တရားသူကြီး အော်ရက်စ်ကူ နဲ့ အထူးတရားသူကြီး ခရက်စ် တို့ကလည်း လူမျိုးသုဉ်းသတ်ဖြတ်မှုရဲ့ “ ရည်ရွယ်ချက်” နဲ့ “ သိသာထင်ရှားတဲ့ အစိတ်အပိုင်း” ဆိုတဲ့ အသုံးအနှုန်းတွေအပေါ်မှာ ဥပဒေကြောင်းအရ အနက်ဖွင့်ဆိုချက်တွေကို တိတိကျကျ တောင်းဆိုခဲ့ပါတယ်။
ဒီမေးခွန်းတွေဟာ ICJ တရားရုံးကြီးက အမှုရဲ့ အချက်အလက်တွေကို ဘယ်လောက်အထိ အသေးစိတ် စိစစ်နေသလဲဆိုတာကို ပြသနေပြီး နှစ်ဖက် ပြန်လည်ဖြေကြားချက်တွေက အမှုအပေါ် အကျိုးသက်ရောက်မှု ကြီးမားနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒီမေးခွန်းတွေအပေါ် နှစ်ဖက်အဖွဲ့တွေက ဒုတိယအကျော့ ကြားနာပွဲမှာ နှုတ်နဲ့ ပြန်လည်ဖြေကြားရမှာဖြစ်ပြီး အဲဒီအဖြေတွေအပေါ် မူတည်ပြီးတော့ အမှုရဲ့ အလှည့်အပြောင်းဖြစ်လာနိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။