ဂမ်ဘီယာရဲ့ တင်ပြချက်တွေဟာ စိတ်ခံစားချက်ကို အရင်းခံပြီး ပြောနေတာဖြစ်သလို သက်သေအထောက်အထား မခိုင်လုံဘူးလို့ ကိုကိုလှိုင်က ICJ တရားရုံးမှာ ငြင်းဆို
ဇန်နဝါရီလ ၁၆ ရက် | Burma Independent Voice
ရိုဟင်ဂျာတွေအပေါ် မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ “ အခြေအမြစ်မရှိဘူး” လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ် ကိုကိုလှိုင်က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာဒီကနေ့ ကြားနာပွဲမှာ ငြင်းဆိုလိုက်ပါတယ်။
ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ ဒီအမှုမှာ စစ်ကောင်စီဘက်က ခုခံချေပရာမှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးဟာ အကြမ်းဖက်သမားတွေကို နှိမ်နင်းတဲ့ “ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေး” သာ ဖြစ်တယ်လို့ ကိုကိုလှိုင်က ဆိုပါတယ်။ “ ဒီအမှုကို သက်သေပြနိုင်တဲ့ အချက်အလက်တွေပေါ်မှာပဲ ဆုံးဖြတ်ရမှာပါ။ စိတ်ခံစားချက်ကို အရင်းခံပြီး ပြောနေတာဖြစ်သလို သက်သေအထောက်အထား မခိုင်လုံဘူး” လို့ သူက တရားရုံးမှာ ပြောကြားခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံဘက်က တင်သွင်းတဲ့ သက်သေအထောက်အထားတွေမှာ စစ်တပ်နဲ့ ဗုဒ္ဓဘာသာဝင် လက်နက်ကိုင်အဖွဲ့အချို့ဟာ ရိုဟင်ဂျာအမျိုးသမီးတွေကို အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်တာ၊ ခွဲခြားမှုမရှိဘဲ သတ်ဖြတ်တာနဲ့ ညှဉ်းပန်းနှိပ်စက်တာတွေကို စနစ်တကျ လုပ်ဆောင်ခဲ့တယ်လို့ တင်ပြထားပါတယ်။
၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ရှိ ဧရိယာ ဧက ၈,၀၀၀ ကျော် ကျယ်ဝန်းတဲ့ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၁.၁၇ သန်း ခန့်ဟာ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ပိတ်မိနေကြပါတယ်။
စစ်ကောင်စီဘက်က ဒုက္ခသည်တွေကို ပြန်လည်လက်ခံမယ်လို့ နှုတ်ကတိပေးနေပေမယ့် မြေပြင်မှာတော့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဘယ်သူမှ ပြန်မလာနိုင်သေးပါဘူး။ အကယ်၍ ICJ က မျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ ဆုံးဖြတ်ခဲ့ရင် မြန်မာစစ်တပ်အတွက် ကမ္ဘာ့အလယ်မှာ အကြီးအကျယ် သိက္ခာကျဆင်းပြီး နိုင်ငံတကာ ဖိအားတွေ ပိုမိုတိုးလာမှာ ဖြစ်ပါတယ်။
အခုကြားနာမှုကို ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး၊ တရားသူကြီးတွေက သက်သေထွက်ဆိုချက်တွေကို ဆက်လက်ကြားနာသွားဖို့ ရှိနေပါတယ်။
ဒီအမှုဟာ လက်ရှိ ဂါဇာဒေသမှာ အစ္စရေးရဲ့ လုပ်ရပ်တွေအပေါ် တောင်အာဖရိကက တရားစွဲထားတဲ့ အမှုအတွက်လည်း စံနမူနာတစ်ခု ဖြစ်လာနိုင်တယ်လို့ ဥပဒေပညာရှင်တွေက စောင့်ကြည့်နေကြပါတယ်။