မေ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)
စိတ်ပူပန်မှုနဲ့ စိတ်ကျရောဂါတွေကို ကုသရာမှာ ဦးနှောက်ရဲ့ ဆဲလ်အသစ်ဖြစ်ထွန်းမှုကို လှုံ့ဆော်ပေးနိုင်တဲ့ စိတ္တဇဆေးဝါး (Psychedelic-like drugs) တွေဟာ အစွမ်းထက်တယ်ဆိုပေမယ့်၊ လူကို ယောင်ချာချာနဲ့ စိတ်အာရုံမှားတာမျိုး (Trip ဖြစ်တာ) တွေကို ဖြစ်စေတတ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ကယ်လီဖိုးနီးယားတက္ကသိုလ် (UC Davis) က သုတေသီတွေဟာ စိတ်အာရုံမှားယွင်းမှု လုံးဝမဖြစ်စေဘဲ စိတ်ကျရောဂါကို ထိရောက်စွာ ကုသပေးနိုင်မယ့် ကမ္ဘာဦးဆေးဝါးအမျိုးအစားသစ် တခုကို လုံးဝပုံစံအသစ်နဲ့ ဖော်ထုတ်နိုင်ခဲ့ပြီလို့ သိရပါတယ်။
ယခင်က ဒီလိုဆေးဝါးတွေကို ရှာဖွေရာမှာ သိပ္ပံပညာရှင်တွေဟာ ရှိပြီးသား ဆေးမော်လီကျူးတွေ (ဥပမာ- LSD သို့မဟုတ် Psilocybin) ကိုပဲ ပုံစံနည်းနည်း ပြောင်းလဲပြီး စမ်းသပ်လေ့ရှိကြတာပါ။ ဒါပေမယ့် အခုသုတေသနအဖွဲ့ကတော့ အဲဒီရိုးအီနေတဲ့ နည်းလမ်းတွေကို စွန့်ပယ်ပြီး နေ့စဉ်စားသုံးနေတဲ့ ပရိုတင်းတွေထဲက အမီနိုအက်ဆစ် (Amino acids) တွေကို အခြေခံပြီး လုံးဝအစကနေ စတင်ခဲ့ကြတာ ဖြစ်ပါတယ်။
သုတေသနကျောင်းသား ဂျိုးဇက် ဘက်ကတ် နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ထရီ ဘရေရှာ (တို့ဟာ ခန္ဓာကိုယ်က ထုတ်လုပ်ပေးတဲ့ ထရစ်ပတမင်း (Tryptamine) အသေးစား မော်လီကျူးနဲ့ အမီနိုအက်ဆစ်တွေကို ရောစပ်ပြီး ခရမ်းလွန်ရောင်ခြည် (Ultraviolet light) တွေ ဖြာထွက်စေခဲ့ပါတယ်။ ဒီလို အလင်းတန်းနဲ့ လှုံ့ဆော်လိုက်တဲ့အခါ ဓာတုဗေဒဆိုင်ရာ အဆက်အစပ်တွေ ပြိုကွဲပြီး ယခင်က ကမ္ဘာပေါ်မှာ ဘယ်ဓာတုဗေဒပညာရှင်မှ စက္ကူပေါ်မှာ မရေးဆွဲဖူးသေးတဲ့ လုံးဝပုံစံအသစ်စက်စက် ဒြပ်ပေါင်းတွေကို ရရှိခဲ့တာပါ။ ဒီနည်းလမ်းဟာ ရှိပြီးသား ဆေးဝါးရှာဖွေရေး စနစ်တွေထက် ပိုမိုသန့်စင်ပြီး မြန်ဆန်လွယ်ကူတယ်လို့ ဆိုပါတယ်။
အဆိုပါ ရရှိလာတဲ့ ဒြပ်ပေါင်းပေါင်း ၁၀၀ ထဲကမှ ဦးနှောက်ရဲ့ ဆီရိုတိုနင် လက်ခံဆဲလ် (Serotonin Receptor) တွေကို အပြည့်အဝ လှုံ့ဆော်ပေးနိုင်တဲ့ ဒြပ်ပေါင်း ၅ ခုကို ရွေးချယ်ပြီး ဓာတ်ခွဲခန်းမှာ ကြွက်တွေနဲ့ စမ်းသပ်ခဲ့ကြပါတယ်။ အဲ့ဒီအထဲကမှ အပြင်းထန်ဆုံး တုံ့ပြန်မှုကို ပေးနိုင်တဲ့ ဒြပ်ပေါင်းကိုတော့ “ D5” လို့ အမည်ပေးခဲ့ပါတယ်။
ပုံမှန်ဆေးဝါးဗေဒ သီအိုရီအရ စိတ်အာရုံမှားယွင်းမှုကို ဖြစ်စေတဲ့ ဦးနှောက်လက်ခံဆဲလ်ကို အပြည့်အဝ လှုံ့ဆော်လိုက်ရင် ကြွက်တွေဟာ ခေါင်းတဆတ်ဆတ် တုန်ခါတဲ့ အမူအရာ (Head twitch) ကို ပြသရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အံ့ဩစရာကောင်းတာက D5 ဆေးဝါးကို ဆေးပြင်းပြင်း ကျွေးလိုက်တာတောင်မှ ကြွက်တွေဟာ တချက်ကလေးမှ ခေါင်းမခါဘဲ ငြိမ်သက်နေခဲ့ကြတာပါ။ ဒါဟာ စိတ်အာရုံမှားယွင်းမှုကို မဖြစ်စေရုံတင်မကဘဲ အခြားအခြေအနေတွေကြောင့် ဖြစ်လာမယ့် ခေါင်းတုန်ခါမှုတွေကိုပါ ပြန်လည်နှိမ်နင်းပေးနိုင်စွမ်း ရှိတာကို တွေ့ရှိခဲ့ရပါတယ်။
ဆေးသုတေသီ ထရီ ဘရေရှာက “ အခြားအဖွဲ့တွေကတော့ ရှိပြီးသားဆေးဝါးတွေကို ဖြတ်တောက်မွမ်းမံပြီး စမ်းသပ်ကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ D5 ကတော့ လုံးဝအစကနေ စတင်တာဖြစ်လို့ သူ့မှာ တိုက်ရိုက်ဆင်းသက်လာတဲ့ ဘိုးဘွားအနွယ်ဝင် ဓာတုဗေဒမျိုးရိုး မရှိပါဘူး။ ဒါဟာ ဆေးပညာလောကအတွက် ပုံစံအသစ်စက်စက် ကုထုံးတခုပါပဲ” လို့ ရှင်းပြပါတယ်။ D5 က ကြွက်တွေကို ဘာလို့ ခေါင်းမခါစေ (စိတ်အာရုံ မမှားစေ) တာလဲဆိုတာကို သိပ္ပံပညာရှင်တွေ အတိအကျ မသိရသေးပေမယ့်၊ ဦးနှောက်ထဲက အခြားလက်ခံဆဲလ်တွေက စိတ်အာရုံမှားယွင်းစေမယ့် လက္ခဏာတွေကို လမ်းခုလတ်မှာတင် ဖျောက်ဖျက်နှိမ်နင်းပေးလိုက်တာ ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။
တကယ်လို့ ဒီသုတေသနရလဒ်ဟာ ရှေ့ဆက်မယ့် တိရစ္ဆာန်နဲ့ လူသားစမ်းသပ်မှုတွေမှာပါ အောင်မြင်ခဲ့မယ်ဆိုရင် စိတ်ကျရောဂါ ကုထုံးလောကကို ကြီးကြီးမားမား ပြောင်းလဲပစ်နိုင်မှာပါ။ အကြောင်းကတော့ လူကို ယောင်ချာချာ မဖြစ်စေတဲ့အတွက် လူနာတွေအနေနဲ့ ဆေးရုံဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင် ဆေးသောက်ပြီး ကုသနိုင်မှာ ဖြစ်သလို၊ ယခင်က စိတ္တဇဆေးဝါးတွေနဲ့ မတည့်ဘဲ ဖယ်ထုတ်ခံထားရတဲ့ စိတ်ဝေဒနာ အပြင်းအထန် ခံစားဖူးသူ (Psychosis ရာဇဝင်ရှိသူ) တွေပါ ဘေးကင်းကင်းနဲ့ ဆေးဝါးကုသခွင့် ရရှိတော့မှာ ဖြစ်လို့ပါပဲ။
အဆိုပါ စိတ်ဝင်စားစရာကောင်းတဲ့ သုတေသန အပြည့်အစုံကိုတော့ နာမည်ကျော် သိပ္ပံဂျာနယ်တခုဖြစ်တဲ့ Journal of the American Chemical Society တွင် ဖော်ပြထားတာ ဖြစ်ပါတယ်။















