မေ ၂၄ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေမှာ “ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ” ရရှိနေပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောကြားလိုက်ပါတယ်။ ဒါဟာ စစ်ပွဲအဆုံးသတ်ရေး နားလည်မှုစာချွန်လွှာအတွက် “ အတော်များများ ညှိနှိုင်းပြီးစီးနေပြီ” ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ရူဘီယိုက အခုလို ထပ်မံအတည်ပြုပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ရူဘီယိုက နယူးဒေလီမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း – အခု ထွက်ပေါ်လာတော့မယ့် သဘောတူညီချက်ဟာ ဟော်မုဇ်ရေလက်ကြား နဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။ အဲဒီရေလက်ကြားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ စစ်ပွဲစတင်ကတည်းက အီရန်ဘက်က ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။
“ တိုးတက်မှုအချို့တော့ ရှိနေပါပြီ၊ သိသာထင်ရှားတဲ့ တိုးတက်မှုပါ၊ ဒါပေမဲ့ အဆုံးသတ် သဘောတူညီချက်အဆင့်ထိတော့ မရောက်သေးပါဘူး။ လာမယ့် နာရီပိုင်းအတွင်းမှာပဲ ကမ္ဘာကြီးအတွက် သတင်းကောင်းတချို့ ကြားရဖို့ အလားအလာရှိတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ ရူဘီယိုက သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် ဒီသဘောတူညီချက်ဟာ ကမ္ဘာကြီးအနေနဲ့ အီရန်ရဲ့ နျူကလီးယားလက်နက် အန္တရာယ်ကို စိုးရိမ်စရာမလိုတော့တဲ့ အခြေအနေတခုဆီကို ဦးတည်သွားစေလိမ့်မယ်လို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
တဖက်မှာလည်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ နီးစပ်တဲ့ Tasnim သတင်းအေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ တကယ်လို့ နားလည်မှုစာချွန်လွှာကို သဘောတူညီမှုရခဲ့ရင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့်ပြုမယ့် သင်္ဘောအရေအတွက်ဟာ ရက်သတ္တပတ်အနည်းငယ် (သို့မဟုတ် ရက်ပေါင်း ၃၀) အတွင်းမှာ စစ်မဖြစ်ခင်က အခြေအနေအတိုင်း ပြန်လည်ရောက်ရှိသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ပွဲစတင်ကတည်းက ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ အဲဒီရေလက်ကြား ပိတ်ဆို့ခံထားရတာကြောင့် ကမ္ဘာ့စွမ်းအင်စျေးနှုန်းတွေအပေါ် ဖိအားဖြစ်စေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အဆိုပါ နားလည်မှုစာချွန်လွှာအရ အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှုကိုလည်း ရက်ပေါင်း ၃၀ အတွင်း အပြီးတိုင် ဖယ်ရှားပေးရမှာဖြစ်သလို၊ ပထမအဆင့်အနေနဲ့ အရင်က ထိန်းချုပ်ပိတ်ဆို့ထားတဲ့ အီရန်ရဲ့ ငွေကြေးအချို့ကိုလည်း ပြန်လည်ထုတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်ထဲမှာ လီဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ တိုက်ပွဲတွေ ရပ်တန့်ဖို့လည်း ပါဝင်တယ်လို့ အီရန်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူတည်ထောင်ထားတဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာကတဆင့် “ အခြားသော အချက်အလက်တွေအပြင် ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ ဖြစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။















