ဇူလိုင် ၁၅ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဖြစ်စဉ်အပြီးမှာပဲ မြန်မာစစ်တပ် တပ်တွေဟာ ကော်သူးလေဒေသ အတွင်းက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးအလုံးပေါင်း ၆၀ နီးပါး ဆက်တိုက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KPSN) က ဒီနေ့ ဇူလိုင် ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အာဆီယံအနေနဲ့ မြန်မာ့အရေး ငြိမ်းချမ်းရေးမူဘောင် ဘုံသဘောတူညီချက် (၅) ချက် (5PC) ထဲက အဓိကအချက်ဖြစ်တဲ့ “အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့” ကတိကဝတ်ကို စစ်ကောင်စီဘက်က လိုက်နာခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာဟာ အာဆီယံရဲ့ တွေ့ဆုံဆွေးနွေးမှုကို အကြမ်းဖက်မှုတွေနဲ့ပဲ တုံ့ပြန်လိုက်တာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
အာဆီယံဝန်ကြီးတွေနဲ့ မတွေ့ဆုံမီ တရက်အလိုမှာ မူတြော်ခရိုင်၊ လူသောမြို့နယ်က တဂေါခိုးကျေးရွာကို စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်တစင်းက ဗုံး ၄ လုံးနဲ့ Y-12 လေယာဉ်က ဗုံး ၃၆ လုံး (စုစုပေါင်း ဗုံး ၄၀ လုံး) ကြဲချခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကောင်လေးတဦး၊ အသက် ၁၉ နှစ်နဲ့ ၄၁ နှစ်အရွယ် အမျိုးသား ၂ ဦးနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၆ လုံး၊ စပါးကျီ တလုံးနဲ့ ဆိုင်ကယ် ၂ စီး ပျက်စီးခဲ့တယ်လို့ KPSN က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
အာဆီယံဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဇူလိုင် ၁၂ ရက် ရလဒ် ထွက်ပေါ်လာပြီးနောက် နောက်တရက်မှာပဲ ကလယ်လွီထူးခရိုင်၊ မူးမြို့နယ်က လယ်ကတော၊ ဟဲအောင်၊ ရှဲဒေးနဲ့ မောပူ ကျေးရွာတွေထဲကို စစ်ကောင်စီရဲ့ Y-12 လေယာဉ်နဲ့ ဗုံး ၂၂ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါ ဗုံးကြဲမှုကြောင့် အသက် ၆၅ နှစ်နဲ့ ၅၇ နှစ်အရွယ် အပြစ်မဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပြီး ဆိုင်ခန်း ၂ ခန်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
“စစ်တပ်ရဲ့ လုပ်ရပ်တွေက သူတို့ပြောနေတဲ့ စကားတွေနဲ့ ပြောင်းပြန်ဖြစ်နေတာပါ။ အခုလို အရပ်သားတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာတွေ ရှိနေသမျှ ကာလပတ်လုံး ဘယ်လိုငြိမ်းချမ်းရေးလုပ်ငန်းစဉ်မျိုးကိုမှ ယုံကြည်ဖို့ မဖြစ်နိုင်ပါဘူး။ စစ်ကောင်စီရဲ့ နှုတ်ကတိစကားတွေအပေါ် အခြေမခံဘဲ သူတို့ရဲ့ မြေပြင်က လက်တွေ့လုပ်ရပ်တွေအပေါ်မှာပဲ မူတည်ပြီး အာဆီယံက ဆုံးဖြတ်သင့်ပါတယ်။” လို့ KPSN ရဲ့ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက ပြောပါတယ်။
ဒအာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးထက် သူတို့ရဲ့ အာဏာနဲ့ စည်းစိမ်ကိုပဲ ဦးစားပေးနေတာကြောင့် အာဆီယံအနေနဲ့ စစ်ကောင်စီနဲ့ တရားဝင် ထိတွေ့ဆက်ဆံတာမျိုးတွေ မလုပ်သင့်ဘဲ အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်တန့်အောင် လက်တွေ့ကျကျ ဖိအားပေးဖို့ လိုအပ်တယ်လို့ အဖွဲ့ဝင် ၂၂ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ KPSN အဖွဲ့က တောင်းဆိုထားပါတယ်။















